Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ပရဟိတ ဆိုတာ ကိုယ့်အတ္တကို အကောင်းဆုံး ပုံဖော်ခြင်း မဖြစ်သင့်ဘူးလေ

$
0
0
ကျနော် လူဆိုးဖြစ်နေပြီလားတော့ မသိဘူး။ ဒါမှ မဟုတ် အဆိုးမြင်တွေပဲ များနေပြီလား မသိဘူး။ အခု အားလုံးသိတဲ့ အတိုင်းပဲ ကျနော်တို့ တိုင်းမှာ ရေတွေ ကြီးနေတယ်။ ရေဘေး ကယ်ဆယ်ရေးတွေလဲ လုပ်ကြတာပေါ့ ဗျာ။ ရေဘေးကြောင့် ၀မ်းနည်းရပေမယ့် လုပ်နေကြတာတွေ တွေ့တော့လဲ အားရစရာကြီးပါဗျာ။ အဲဒီမှာပဲ ပြောချင်တာတွေ ရှိလာတယ်။ ပြောချင်နေတာတော့ ကြာပါပြီ ။ အခု ရေဘေးကျမှပဲ ပြောဖြစ်တော့တယ်။ ကျနော် ပြောတာမှားသွားရင်လဲ ကျနော်ပြောတာ ကျနော် တာဝန်ယူပါ့မယ်။ ပရဟိတ လုပ်နေကြတဲ့ လူတွေကို ကျနော် ကြည့်လိုက်တော့ အကြမ်းဖျင်းအားဖြင့် ကောင်းတာ (၂) မျိုး၊ ဆိုးတာ (၂) မျိုးပဲ တွေ့နေရတယ်။ ဆိုးတဲ့ (၂) မျိုးအကြောင်း အရင်ပြောကြည့်မယ်နော်။

အဆိုး(၁)။ ။ ပရဟိတလေးကို လာဗန်းပြပြီး ကိုယ် နာမည်ကြီးအောင် လုပ်တဲ့သူတွေ။ မိတ်ဆွေတို့ ပတ်ဝန်းကျင်မှာ အများကြီးတွေ့ရမှာပါ။ လှုစရာရှိတဲ့ လူက ၅၀၀ လောက်ကို ၅၀ စာလောက် လာလှုပြီး ဓါတ်ပုံတွေ ရိုက်၊ သူများကို ကြွား၊ တစ်ချို့ဆို မီဒီယာတွေကိုပါ တစ်ခါတည်း ခေါ်လာပြီး ဘယ်တုန်းက ဘယ်လိုလှုခဲ့တာ။ ငါတို့က ဘယ်လောက်လှူခဲ့တာကွ ဘာပေါ့ ညာပေါ့။ အဲဒီလူတွေက စေတနာတော့ မလှူတာထက်စာရင် ကောင်းပါတယ်။ ဒါပေမယ့် ပေးတာထက် ယူတာက ပိုများနေတယ်။ ဒုက္ခသည်တွေကို ဘာအသုံးချနေသလိုပဲ။ ကျနော်တော့ အဲလိုတွေ တွေ့ရတာ ရင်နာတယ်။

အဆိုး(၂)။ ။ ငါတို့က ပရဟိတ လုပ်တာကွ။ ကျန်တဲ့သူုတွေကတော့ ဘာအသုံးမှ မကျဘူး။ ငါတို့ကမှ လူကောင်း၊ ကျန်တဲ့သူတွေက ဘာစိတ်ဓါတ်မှ မရှိတဲ့သူတွေ စသည်ဖြင့် ဘ၀င်မြင့် လေကြီးနေတဲ့သူတွေ။ ကျန်တဲ့သူတွေ ဘာလုပ်တယ် ဘယ်လိုစိတ်ဓါတ်ရှိတယ် ဆိုတာ မသိဘဲ စွတ်ပြီးတင်နေတဲ့သူတွေပေါ့။ သူ့ဘာသူ အိမ်မှာနေပြီး ဆန်လှူနေတာလဲ သုမသိတာဖြစ်မှာပေါ့။ ကျနော် ကြုံဖူးတယ်။ အခုမှ စလုပ်ဖူးတဲ့ ကျောင်းသားတစ်စုကို ဘယ်လိုလှူလဲ ဘာလဲ နဲနဲပါးပါးလေး မေးတာတောင် မဖြေချင်သလို ဖြေချင်သလို။ မေးတဲ့သူကိုပဲ အဖတ်မတန်သလို ဘာလိုလို။ ပြီးတော့လဲ ရှိသေးတယ်။ လမ်းမှာ ကြုံတာတောင် ငါ အဲ့ဒုက္ခသည်စခန်းက ပြန်လာတာပါ ဆိုတာတောင် ကျနော်တို့ လှူမှာလေ။ ထမင်းတွေ ဟင်းတွေလေ ဆရာသိတယ်မလား ဘာ ညာနဲ့ ။ ကျနော်တော့ ဘာပြောရမှန်းမသိဘူး။ စိတ်ကိုညစ်ရော။ နောက်တော့မှ တွေးဖြေလိုက်တယ်။ အော် …. အရက်ဆိုင် ရောက်နေတာထက်စာရင်တော့ ဘယ်လိုပဲ အတွေးလွဲလွဲ ၊ ဘယ်လောက်ပဲ ဘ၀င်မြင့်မြင့် တစ်ချိန်တော့ လုပ်ပါများရင် မှန်လာမှာပေါ့ လို့ဆိုပြီး တွေးလိုက်ရတယ်။

ကဲ…. အကောင်း(၂) မျိုးကို ပြောကြည့်မယ်။ ကျနော်ကတော့ အဲ့လူတွေ အကြောင်းပြောရတာ အားရ၀မ်းသာရှိတယ်ဗျာ။

အကောင်း(၁)။ ။ လုပ်လဲ တကယ်လုပ်တယ်။ စိတ်လဲ တကယ်ရှိတယ်။ အရင်ကလဲ အများကြီး လုပ်ဖူးထားတော့ အတွေ့အကြုံကလဲ ရှိမှရှိ။ နာမည်ကောင်းလဲ တစ်ခါမှ မယူဘူး။ သူတို့ကို တွေ့လိုက်ရင် ဘယ်နေရာတွေက ကယ်ဆယ်ရေးတွေ မရောက်သေးတာ သွားရဦးမယ်။ ဘယ်နေရာတွေမှာတော့ ပိုလိုအပ်နေတာ။ ဘယ်နေရာမှာတွေ မှာတော့ ဘာတွေ လိုအပ်နေတာ။. ကျနော်တို့ လှူတာ ဘယ်လိုဆိုရင် ပိုပြီးကောင်းမယ်။ ပိုပြီး စနစ်ကျမယ်။ ဘယ်လိုလုပ်မှ ပိုထိရောက်မယ် စသည်ဖြင့် အမြဲ ပိုကောင်းသထက်ကောင်းအောင်ပဲ တွေးနေကြတာ။ ကြွားဖို့၊ သူများကို နှိမ့်ချဖို့၊ ဒုက္ခသည်တွေကို အသုံးချဖို့ ဝေးလို့ အဲလိုတွေ တွေးကြံ လုပ်ကိုင်နေရတာနဲ့တင်ပဲ သူတို့မှာ လုံးဝမအားကြဘူး။ သူတို့ကို ကြည့်လိုက်ရင် ကိုယ်တွေတောင်သိမ်ငယ်တယ်။ တစ်ချို့တွေဆို တော်တော် ငယ်ငယ်လေးတွေ။ ဆက်လုပ်ကြ… ငါ့ကောင်တွေရေ။

အကောင်း(၂)။ ။ သူတို့တွေကတော့ ကိုယ့်အိမ်မှာပဲ ကိုယ်နေ၊ ကိုယ့်အလုပ်ပဲ ကိုယ်လုပ်နေပေမယ့် လဲ အလှူသွားခံ တစ်ခါမှ မငြင်းဘူး။ အထပ်ထပ် အခါခါ လှူတာပဲ။ နောက်ပြီး အမြဲလဲ နားစွင့်နေတာပဲ။ ဘယ်သူတွေနဲ့ လှူရမလဲ။ ဘယ်လိုလှူရမလဲ။ သူတို့ အလုပ်လဲ မပျက်၊ အများကောင်းကျိုးကိုလဲ တစ်ဖက်တစ်လမ်းက လုပ်နိုင်ကြတော့ ကောင်းတာပေါ့ဗျာ။ တစ်ချို့ဆို စိတ်ကူးတောင် ကောင်းကြသေးတယ်။ ထမင်းထုပ်ဝေရင်းနဲ့ ထမင်းထုပ်ထဲ သူတို့ တတ်နိုင်သလောက် ၁၀၀၀ တန်တို့ ၅၀၀ တန်တို့ကို ပလပ်စတစ်အိပ်လေးနဲ့ ထည့်ပြီး ကံစမ်းမဲလိုမျိုး ရတဲ့သူတွေ ခေတ္တတော့ ဘ၀အမောတွေ ပြေအောင် လုပ်တတ်ကြတယ်ဗျာ။

အင်း…. ပြောရရင်တော့ အပေါ်က လူ(၄) မျိုးစလုံး ပရဟိတ လုပ်နေကြတာပဲ။ လုပ်ပုံကိုင်ပုံ၊ စိတ်ဓါတ်မတူ တာပဲ ရှိတာပါ။ အဲတော့ ကျနော် ဆုတောင်းလိုက်တာက အဆိုး (၂) မျိုးလဲ နောက်ပိုင်း ကောင်းလာကြပါစေ။ အကောင်း (၂) မျိုး လူတွေလဲ ပိုများလာပါစေ။ သူတို့ အဆင်ပြေပြေ ဆက်လုပ် နိုင်ကြပါစေလို့။

ပရဟိတ လို့ပြောပြီး ကိုယ့်အတ္တ ကို အကောင်းဆုံး ပုံဖော် ကြေငြာ နေတာမျိုး မှ ကင်းလွတ်ကြပါစေဗျာ။

Soe Kothu Facebook



Viewing all articles
Browse latest Browse all 32865