
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင် ကြေးနီမံကိန်းအနီးရှိ ဆည်တည်းရွာဟောင်းတွင် ကုမ္ပဏီမှ မြေစာလာပုံသည့်ကိစ္စကြောင့် စီမံကိန်းလုံခြုံရေးရဲများနှင့် ဒေသခံများ အချင်းများကာ ဇွန် ၆ ရက်၊ နံနက် ၇ နာရီမှ ၁၁ နာရီအထိ လေးခွဖြင့် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ကြေးနီစီမံကိန်းမှ စွန့်ပစ်မြေစာများကို ဆည်တည်းရွာဟောင်း တောင်ဘက်ရှိ သိမ်းဆည်းမြေယာ ပြန်လည်ရရှိရေး ဆန္ဒထုတ်ဖော်နေသည့် တောင်သူစခန်းအနီးတွင် စီမံကိန်းဝန်ထမ်းများက ဘူဒိုဇာများဖြင့် လာရောက်စွန့်ပစ်ခြင်းကြောင့် ဒေသခံများက သွားရောက် တားမြစ်ခဲ့ရာမှ နှစ်ဖက် အချေအတင်ဖြစ်ပွားခဲ့ပြီး လေးခွဖြင့် ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“မနက် ၇ နာရီ၊ ၈ နာရီခွဲလောက်မှာ ဘတ်ဖိုးတွေနဲ့ မြေစာလာပုံကြတော့ ရွာသူရွာသားတွေက မြေယာလျော်ကြေး လုံးဝမယူထားတဲ့ မြေတွေဖြစ်တဲ့အတွက် မြေစာမပုံဖို့ပြောရင်း ရဲနဲ့ အချေအတင် စကားများကြပြီး လေးခွနဲ့ ပစ်ကြတာ။ ဘယ်ဖက်က စပစ်တယ်ဆိုတာတော့ ပြောဖို့ခက်တယ်” ဟု ဆည်တည်းရွာဒေသခံ ကိုမောင်ငယ်က ပြောသည်။
ဆည်တည်းရွာဟောင်းနေ ရွာသူရွာသားများနှင့် ကြေးနီစီမံကိန်း လုံခြုံရေးရဲတပ်ဖွဲ့ဝင်များမှာ မြေစာပုံခြင်းကိစ္စနှင့် ပတ်သက်၍ မကြာခဏ အပြန်အလှန်လေးခွဖြင့် ပစ်ခတ်မှုများ ဖြစ်ပွားလျှက်ရှိကာ မေလအတွင်းကလည်း ၃ ကြိမ်ထက်မနည်း ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
“ရွာသူရွာသားတွေကို ထိခိုက်ဒဏ်ရာ ရအောင်မလုပ်ဖို့ မှာထားပါတယ်။ အပြန်အလှန် ပစ်ခတ်ကြတယ်ဆိုတာ လေးခွနဲ့ ပစ်ကြတာပါ။ ဘာမှမဖြစ်ကြပါဘူး” ဟု ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးရဲစခန်းမှ ယာယီစခန်းမှူး ဒုရဲအုပ် ကိုငြိမ်းထွန်းက ပြောသည်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ၂၀၁၀ ခုနှစ်ကစတင်ကာ လယ်ယာမြေဧက ၇၉၀၀ ကျော်ကို သိမ်းဆည်းခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် ကြေးနီထုတ်လုပ်ငန်းကို စတင်ခဲ့သည့် စီမံကိန်းဖြစ်ကာ လက်ပံတောင်းဒေသရှိ ကျေးရွာများက ဝိုင်းဝန်းကန်ကွက်ခဲ့ကြရာမှ ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာ ၂၂ ရက်တွင် လုံခြုံရေးရဲတပ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် မိုးကြိုးပြင်ရွာနေ တောင်သူဒေါ်ခင်ဝင်းမှာ ဦးခေါင်းသေနတ်ထိမှန်၍ သေဆုံးခဲ့ရကြောင်း သိရသည်။
MMK
The Ladies News journal