![]() |
လက်နက်တွေနဲ့ အတူဖမ်းဆီးရမိထားတယ်လို့ ဆိုတဲ့ ပြင်သစ်နိုင်ငံသား (Credit: AFP) |
အကြမ်းဖက်ဖို့ ကြိုးစားတဲ့ ပြင်သစ်နိုင်ငံသားနဲ့အတူ ရော့ကက်လောင်ချာ နှစ်ခု၊ ဗုံးအလုပ် ၁၀၀၊ ဖောက်ခွဲဖို့ ယမ်းမှုန်း ကီလို ၁၀၀ ကျော်နဲ့ ရိုင်ဖယ် သေနတ် ၅ လက်ကိုပါ သိမ်းဆီးမိခဲ့ပါတယ်။
အသက် ၂၅ နှစ်အရွယ် ပြင်သစ်နိုင်ငံသားက ပိုလန်နဲ့ ယူကရိန်း နယ်စပ်မှာ ကားမောင်းနေတုန်း ဖမ်းမိခဲ့တာ ဖြစ်ပြီး မေလ ၂၁ ရက်နေ့ကတည်းက ဖမ်းမိထားတာလို့ ဆိုပါတယ်။
အဲဒီလူက Euro 2016 ဘောလုံးပွဲအပြင်၊ ဂျူးလူမျိုးတွေရဲ့ ဘုရားရှိခိုးကျောင်း၊ မွတ်ဆလင်တွေရဲ့ ဗလီနဲ့ အခွန်ဌာနတွေကို ဖျက်ဆီးဖို့ ကြံစည်ခဲ့တယ်လို့ ဆိုပါတယ်။
လာမယ့် သောကြာနေ့ကျရင် Euro 2016 ဘောလုံးပွဲ စတင်မှာ ဖြစ်လို့ ပြင်သစ် အစိုးရက လုံခြုံရေး တင်းကြပ်နေပြီ ဖြစ်ပါတယ်။
အဲဒီလူက ပြင်သစ် အစိုးရကို မုန်းတီးသူ ဖြစ်ပြီး ပြင်သစ်နိုင်ငံထဲ ပြည်ပက လူတွေ ရွှေ့ပြောင်းနေထိုင်တာမျိုးကို မလိုလားသလို၊ အစ္စလာမ်ဘာသာ ပြန့်နှံ့တာကို မလိုလားတဲ့လူ ဖြစ်တယ်လို့လည်း ယူကရိန်း အာဏာပိုင်တွေက ပြောပါတယ်။
ပြင်သစ်နိုင်ငံသား တစ်ဦး ယူကရိန်းမှာ ဖမ်းဆီးခံထားရတယ်ဆိုတာကို ပြင်သစ်နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း အတည်ပြုပေးခဲ့ပြီး ယူကရိန်း အစိုးရနဲ့ ဆက်သွယ်မှု လုပ်နေတယ်လို့ ဆိုပါတယ်။
ယူကရိန်းပြောသလို အဲဒီလူက အဲလောက်ဆိုးချင်မှ ဆိုးမယ်ဆိုပြီးတော့ ပြင်သစ်ရဲတွေက သံသယ ဖြစ်နေတယ် ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။
အဲဒီလူ နေတဲ့ အိမ်ကို ဝင်ရှာတဲ့အခါမှာ ဘာမှ ထူးထူးထွေထွေ မတွေ့ရသလို အဲဒီလူဟာ ပြင်သစ် ရဲနဲ့ ထောက်လှမ်းရေးတွေ စောင့်ကြည့်ခံရတဲ့လူလည်း မဟုတ်ဘူးလို့ သိရပါတယ်။
Reuters/AFP
ABC Radio Australia
http://www.radioaustralia.net.au/burmese