လိုင်ဇာရှိ ကချင်လက်နက်ကိုင် အဖွဲ့ဖြစ်သော ကေအိုင်အေသည် ငြိမ်းချမ်းရေး ဆွေးနွေးရန် အမြဲအသင့်ရှိနေ သော်လည်း အစိုးရအပေါ် ယုံကြည်မှုမှာ များစွာ ပျက်ယွင်းလျက် ရှိကြောင်း လိုင်ဇာသို့ ၆ ရက်ကြာ သွားရောက် ခဲ့သော ၈၈ မျိုးဆက် ကျောင်းသား ကိုထွန်းမြင့်အောင်က မြန်မာအင်ဒီပဲန်ဒင့်သို့ ပြောကြားသည်။
ဇန်နဝါရီလ ၁ ရက်မှ ၆ ရက် အထိ ၈၈ မျိုးဆက်ကျောင်းသား ကိုမြအေး၊ ကိုထွန်းမြင့်အောင်၊ မမီမီလွင်၊ မစန်းစန်းမော် တို့သည် ကချင်ပြည်နယ်ရှိ စစ်ဘေး ဒုက္ခသည် စခန်းများ နှင့် လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင် များထံသို့ သွားရောက် တွေ့ဆုံခဲ့ကြသည်။ ဇန်နဝါရီ ၃ ရက်တွင် တစ် ကြိမ်၊ ၅ ရက်တွင်တစ်ကြိမ် စုစုပေါင်း ၄ နာရီခန့်ကြာ အချိန်ယူကာ ကေအိုင်အေ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်၊ ကေအိုင်အေ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးလာနန် တို့နှင့် တွေ့ဆုံ ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကေအိုင်အေခေါင်းဆောင် များနှင့် တွေ့ဆုံပြောဆို ခဲ့မှုများနှင့် ပတ်သက်၍ ကိုထွန်းမြင့်အောင်က “သူတို့က စစ် မှန်တဲ့ ငြိမ်းချမ်းရေးကို လိုချင်တာ သေချာတယ်။ အဲဒီ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရဖို့ အတွက်ကို အဓိပ္ပာယ် ရှိတဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေ လုပ်ဖို့ အမြဲတမ်း အဆင့်သင့် ရှိနေတယ်လို့ ပြောတယ်။ အမြဲတမ်း တံခါးဖွင့်ထားတယ် လို့လည်းပြောတယ်” ဟု မြန်မာအင်ဒီပဲန်ဒင့်သို့ ပြောကြားသည်။
ဆက်လက်ပြီး ယင်းက “စစ်သုံ့ပန်းတွေ ပြန်လွှဲပေးဖို့လည်း ပြောတယ်။ အဲဒီကိစ္စကို အစိုးရနဲ့ ညှိနှိုင်းနေတာ ပြေလည်မယ့် အနေအထား ရှိပါတယ်”ဟု ဆိုသည်။
ကေအိုင်အေ အနေဖြင့် စစ်သုံ့ပန်း ၂၇ ဦးကို ပြန်လည်လွှတ်ပေးခြင်းမှာ စစ်ရှိန် တဖြည်းဖြည်း ပြင်းထန်လာ သဖြင့် ထိန်းသိမ်းရန် ခက်ခဲခြင်း၊ မလိုလားအပ်သော ပြဿနာများ မဖြစ်ပေါ်စေရန် အတွက် ဖြစ်ကြောင်း သိရသည်။ အဆိုပါ စစ်သုံ့ပန်းများ လွှဲပြောင်းပေးရန်ကိစ္စနှင့် ပတ်သက်၍ ၈၈ မျိုးဆက်ကျောင်းသားကိုမြအေး က “ကျွန်တော်တို့ ဇူလိုင်လက လိုင်ဇာကို ရောက်တဲ့ အချိန်မှာ ဒီစစ်သုံ့ပန်းတွေ လွှဲပေးဖို့ ဆွေးနွေးဖြစ်တယ်။ ကေအိုင်အေဘက်က လိုလိုလားလားနဲ့ လွှဲပြောင်းဖို့ပြောခဲ့တယ်။ တချို့တွေ မြင်တာက ဟိုဘက်က လွှဲပေးတယ်။ ဒီဘက်က လက်မခံဘူးဆိုပြီး ထင်နေတယ်။ တကယ်က သက်ဆိုင်ရာ လုပ်ထုံးလုပ်နည်း ဥပဒေ တွေနဲ့ အဆင့်ဆင့် ဆောင်ရွက်မှာပါ။ မကြာခင် လွှဲပြောင်းပေးနိုင်မှာပါ” ဟု ပြန်လည် ပြောကြားသည်။
လက်ရှိတွင် လက်နက်ကိုင် အဖွဲ့များက အစိုးရအပေါ် မည်သို့ သဘောထားကြောင်းကို ၈၈ မျိုးဆက် ကျောင်းသား ကိုထွန်းမြင့်အောင်က “လက်နက်ကိုင်တွေ အနေနဲ့ အစိုးရအပေါ်မှာ ယုံကြည်မှု တော်တော်နည်း နေတယ်။ ဘာလို့လဲ ဆိုတော့ တွေ့ဆုံမှုတွေက အလွတ်သဘော တွေ့ဆုံမှုတွေ များနေပြီး အလွတ်သဘော တွေ့ တဲ့အခါကျတော့ ကတိကဝတ်တွေက လွယ်လွယ်နဲ့ ပျက်ပျက်သွားတတ်တယ်။ ဒါကြောင့် သူတို့က တရားဝင် မှတ်တမ်းမှတ်ရာတွေနဲ့ တရားဝင် တွေ့ဆုံ ဆွေးနွေးမှုတွေ ဖြစ်စေချင်ကြတယ်” ဟု ဗိုလ်ချုပ် ဂွမ်မော်တို့နှင့် ဆွေးနွေး အပြီး သိရှိခဲ့ရသည်များ ကို မြန်မာ အင်ဒီပဲန်ဒင့်သို့ ပြောကြားသည်။
မကြာခင်က မြန်မာ့တပ်မတော်မှ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ရှိခဲ့သဖြင့် လိုင်ဇာရှိ စစ်ပြေးဒုက္ခသည် စခန်း ၃ ခုတွင် ဗုံးခိုကျင်းများ တူးလျက်ရှိကြောင်း သိရသည်။ ထိုသို့ မြန်မာတပ်မတော်မှ လေကြောင်းဖြင့် တိုက်ခိုက်မှုသည် စစ်ပြေးဒုက္ခသည် များကို ခြိမ်းခြောက်လျက်ရှိပြီး လူမျိုးရေး မုန်းတီးမှုများထိ ဖြစ်သွားနိုင်ကြောင်း ၈၈ မျိုးဆက် ကျောင်း သား ကိုထွန်းမြင့်အောင်က သုံးသပ်ခဲ့သည်။
“ဗုံးခိုကျင်းတွေ လုပ်ထားတာက လုံခြုံတယ်၊ မလုံခြုံဘူးလို့ မဆိုနိုင်ပေမယ့် သူတို့ရဲ့ အားကိုးရာ အဖြစ်ပေါ့လေ လုပ်ထားကြ တာ။ ကလေးတွေက ကျတော့ ဒီဗုံးခိုကျင်းတွေကို ဆော့စရာ နေရာလို့ပဲ ထင်နေကြတာလေ ဝင်လိုက် ထွက်လိုက်နဲ့။ အဲဒါတွေ မြင်ရတာ တကယ့်ကို စိတ်မကောင်းစရာ ပါပဲ” ဟု လိုင်ဇာ ခရီးစဉ်တွင် လိုက် ပါခဲ့သော ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ မမီမီလွင်က ယင်း၏ ခံစားချက်ကို မြန်မာအင်ဒီပဲန်ဒင့်သို့ ပြော ကြားခဲ့သည်။
မြန်မာ့တပ်မတော်နှင့် ကေအိုင်အေ ကြားတွင် ၁၉၉၄ ခုနှစ်ကစ၍ အပစ်အခတ်ရပ်စဲခဲ့ပြီး ၂ဝ၁၁ ခုနှစ်၊ ဇွန်လ တွင် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်။ လက်ရှိတွင် စစ်ပြေး ဒုက္ခသည်ပေါင်း တစ်သောင်းကျော် ရှိကြောင်း သိရသည်။
မြန်မာ အင်ဒီပဲန်ဒင့်