လတ်တလောတွင်ပင် ပြည်ထောင်စုဝန်ကြီးနှုတ်ထွက်ထားသော ဝေဖန်မှုအများအပြားဖြင့် ရင်ဆိုင် နေရသည့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူများအား ဒုတိယသမ္မတစိုင်းမောက်ခမ်းဦးဆောင်သော လာဘ်ပေးယူမှုအရေးယူဆောင်ရွက်ရေးကော်မတီက ခေါ်ယူစစ်ဆေးနေပြီး လွှတ်တော်ဆိုင်ရာ ဆက်သွယ်ရေးကော်မတီကလည်း ဌာနတစ်ခုချင်းစီအလိုက် စစ်ဆေးသွားရန်ရှိကြောင်း သိရသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် နိုင်ငံတစ်ဝန်း မိုဘိုင်းဖုန်းကွန်ယက်များတည်ဆောက်နေမှုများတွင် ပစ္စည်းပေးသွင်းသည့်ကုမ္ပဏီနှင့် ပတ်သက်ပြီး အရှုပ်အရှင်းများဖြစ်ပေါ်နေကြောင်း၊ ထိုကုမ္ပဏီများတွင် တစ်ခုအပါအဝင်ဖြစ်သော တရုတ်နိုင်ငံအခြေစိုက် HUAWEI နိုင်ငံတကာဆက်သွယ်ရေးကုမ္ပဏီမှ တာဝန်ရှိသူများမှာ တစုံတရာထုတ်ဖော်ပြောဆိုမှုများမရှိသေးဘဲ ယင်းအရှုပ်အရှင်းများမှာ လူကြီးများက ခွင့်ပြုချက် ပေးရာတွင် ဖြစ်ပေါ်လာသော ပြဿနာများဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အကြီးတန်း အရာရှိတစ်ဦးက ပြောသည်ဟု သိရသည်။
ထို့အပြင် ကွန်ယက်များချိတ်ဆက်ရာတွင် အသုံးပြုသော နည်းပညာပစ္စည်းများမှာ အရည်အသွေး ပြည့်မီခြင်း မရှိကြောင်း၊ အခြားနိုင်ငံများတွင် အသုံးမပြုသောပစ္စည်းများသာဖြစ်နေကြောင်း၊ တာဝါတိုင်များထောင်ရာတွင်လည်း စနစ်တကျစီစဉ်ပြီးပြုလုပ်ခြင်းမဟုတ်ဘဲ ရသည့်နေရာတွင် အဆင်ပြေသလို ထောင်ထားသည့်အတွက် ဖုန်းလိုင်းများမှာ မိသည့်နေရာတွင်မိ၍ မမိသည့်နေရာမမိဖြင့် ဖြစ်နေကြောင်း၊ ကျားကွက်ပုံစံချ၍ ထောင်မည်ဆိုပါက ယခုကဲ့သို့ တိုင်အရေအတွက် များများထောင်စရာလိုမည်ပင်မဟုတ်ကြောင်း မိုဘိုင်းဖုန်းကျွမ်းကျင် ပညာရှင်တစ်ဦးက ဝေဖန်ထောက်ပြသည်။
HUAWEI ကုမ္ပဏီသည် မြန်မာနိုင်ငံတွင်ကျင်းပမည့် ဆီးဂိမ်းအတွက် ဒေါ်လာ သန်း ၃၀၀ လှူဒါန်းထားပြီး မြန်မာ့ဆက်သွယ်ရေး နည်းပညာတိုးတက်မှုအတွက် ရည်ရွယ်၍ ဒေါ်လာ သန်း ၂၀၀ ၊ စုစုပေါင်း ဒေါ်လာ သန်း ၅၀၀ လှူဒါန်းထားသည်ဟုလည်း သိရသည်။
Yangon chronicle