
ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ ငွေရတုအခမ်းအနား ကျင်းပရေးလုပ်ငန်းကော်မတီဝင် (၁၆)ဦးသည် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ ငွေရတုအခမ်းအနားကျင်းပရေးအတွက် ပထမအကြိမ် လုပ်ငန်းကော်မတီ အစည်းအဝေးကို ယနေ့ ဇွန်လ၊ ၂ ရက် မွန်းတည့် ၁၂း၀၀ နာရီက ရန်ကုန်မြို့ ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။ ထိုအစည်းအဝေးမှ ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ ငွေရတုအခမ်းအနားကျင်းပရေးအတွက် ရည်ရွယ်ချက်တစ်ရပ်နှင့် ဆုံးဖြတ်ချက်(၁၁)ရပ်ကို ချမှတ်နိုင်ခဲ့သည်။ အဆိုပါ ရည်ရွယ်ချက်မှာ အောက်ဖော်ပြချက်အတိုင်းဖြစ်သည်။
ရှစ်လေးလုံးငွေရတုပြည့် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပရခြင်းသည် မြန်မာနိုင်ငံ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးတွင် ပါဝင်ခဲ့ကြ၍ ဒေသ အသီးသီး၊ နယ်ပယ်အသီးသီး တွင် ယနေ့ထက်တိုင် အသွင်သဏ္ဍာန်မျိုးစုံဖြင့် တိုက်ပွဲဝင်ခဲ့ကြသော တိုင်းရင်းသား ညီအစ်ကို၊ မောင်နှမများအားလုံး ပြန်လည်စုစည်းကြရန်ဖြစ်သည်။
ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကြီးသည် ရဟန်းရှင်လူ၊ တိုင်းရင်းသားပြည်သူအားလုံး ပါဝင်သည့် ငြိမ်းချမ်းရေး လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ အရေးတော်ပုံကြီး ဖြစ်ပါသည်။
ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံ ငွေရတု အခမ်းအနား ကျင်းပရသည့် ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံပြောင်းလဲမူတွင် အဓိကအကျဆုံးနှင့် မဖြစ်မနေဆောင်ရွက်ရမည့် အမျိုးသားရေး လိုအပ်ချက်ဖြစ်သော ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး မူအပေါ်အခြေခံ၍ ဤတွေ့ဆုံပွဲအခမ်းအနားကို ကျင်းပဆောင်ရွက် သွားမည်ဖြစ်သည်။

The 88 Generation Peace and Open Society