Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ကျောင်းပြင်ပကလေးငယ်များပညာရေး

$
0
0

ရေးသားသူ- မင်းသန်းထိုက်(ဒေးဒရဲ)

ကျွန်တော်က မနက်ပိုင်းအချိန်များဆိုလျှင် အိမ်မှာ ရှိခဲသဖြင့် အိမ်ကို ဆွမ်းခံဝင်သော ရဟန်း၊ ကိုရင်များနှင့် ဆုံလေ့ဆုံထသိပ်မရှိပါ။ တစ်ခါတစ်ရံ အလုပ်မသွားရသည့် အခါများ၊ မနက်ပိုင်း စောစောပြန်ရောက်သည့်အခါများ၌သာ ရဟန်းတစ်ပါးတလေနှင့် ဆုံတတ်
ပါသည်။

ထိုနေ့က အနည်းငယ် နေထိုင်မကောင်းသဖြင့် ကျွန်တော်အလုပ်မသွားဖြစ်ပါ။ အလုပ်သွားနေကျမသွားရသဖြင့် ဟိုယောင် သည်ယောင်နှင့် စာလည်းမဖတ်ဖြစ်၊ စာလည်းမရေးဖြစ်ဘဲ ရေဒီယိုတစ်လုံးကို ဟိုကလိသည် ကလိရင်း အချိန်ကုန်နေပါသည်။ သို့နှင့် ဆွမ်းခံဝင်ချိန်ရောက်လာတော့ အိမ်ရှေ့မှာ လူပိုသက်သက်ဖြစ်နေသော ကျွန်တော့်ကို အိမ်ရှင်မက ဆွမ်းလောင်းဖို့ တာဝန်ပေး
လိုက်ပါသည်။ ဤတွင် ယခုစာစုကိုရေးရန် အကြောင်းဖန်လာခြင်းဖြစ်ပါသည်။

ပထမ ဆွမ်းခံဝင်လာသော တစ်ကျောင်း၊ နှစ်ကျောင်းမှာ ခပ်ရွယ်ရွယ်ရဟန်းတော်များဖြစ်သဖြင့် သူတို့ကလည်း စက္ခုနြေချ
လျက်အိမ်ရှေ့လာရပ်၊ ကျွန်တော်ကလည်း ရိုရိုသေသေ ဆွမ်းလောင်း၊ ပြီးလျှင် ပြန်ကြွသွား၊ ဘာမျှ ထူးထူးခြားခြားမရှိပါ။ သည်လိုနှင့် လေးကျောင်းမြောက်မှာ ဆွမ်းခံဝင်လာသည်က ရဟန်းတော် မဟုတ်။ အသက်ကိုးနှစ်၊ ဆယ်နှစ်ခန့်ရှိမည့် ကိုရင်လေးတစ်ပါး ဖြစ်သည်။ သူ့နောက်မှာလည်း ထိုကိုရင်လေးနှင့် သက်တူရွယ်တူလောက်ရှိမည့် ဘုန်းကြီးကျောင်းသားလေးတစ်ယောက် ဆွမ်းဟင်းခွက်များထည့်ထားသည့် ခြင်းကိုဆွဲလျက်ပါလာသည်။ (ကျွန်တော်တို့မြို့ကရဟန်းတစ်ပါးချင်း ဆွမ်းဖိတ်သည်မဟုတ်ဘဲ ကျောင်းအလိုက်ဆွမ်း ခံဝင်ပါသည်။ ထို့ကြောင့် အိမ်တစ်အိမ်ကို တစ်ကျောင်းတည်းမှ ရဟန်းနှစ်ပါးဆွမ်းခံဝင်လေ့ မရှိပါ။ စကားချပ်)

ကျွန်တော်လည်း ရှေ့ကဆွမ်းခံဝင်သွားသည့် ရဟန်းတော်များလိုပဲ ဆွမ်းလောင်း၊ ဆွမ်းဟင်းခွက် ထည့်ပေးပြီး သည်လိုပဲ နေလိုက်ပါသည်။ သို့သော် ကိုရင်လေးက ပြန်ကြွမသွားဘဲခုံပေါ်မှာပဲ ထိုင်မြဲထိုင်လျက် ကျွန်တော့်ကိုကြည့်နေသည်။ သို့နှင့် ကျွန်တော်က “ကိုရင် ဘာလိုသေးလို့လဲ” ဟု မေးတော့မှ မီးဖိုခန်းထဲမှ ဇနီးသည်က ကျွန်တော်အသံကို ကြားသွားပြီး “ကိုရင်လေးဆို ရေကပ်လိုက်ဦး။ ကိုရင်က ဒီအိမ်ရောက်ရင် ရေသောက်နေကျ” ဟု လှမ်းအော်ပြောသဖြင့် ကျွန်တော်လည်း ရေအိုးစင်မှရေတစ်ခွက်ခပ်၍ ကပ်လိုက်ရသည်။ ကိုရင်သည် ရေသောက်ပြီးနောက်ခွက်ကို ကျွန်တော့်ထံ လှမ်းပေးရင်း “မနက်ဖြန်ဆို ဒကာကြီးတို့ ရေတိုက်ချင်လို့တောင် မတိုက်ရတော့ဘူး။ ကိုရင်က လူထွက်ရတော့မယ်” ဟု ငိုသံပါကြီးနှင့် ပြောလေသည်။ ကျွန်တော်က “ဟင်၊ ဘယ်လိုဖြစ်လို့လဲ” ဟု မေးနေစဉ် ကျွန်တော့်ဇနီးလည်း ကျွန်တော်တို့ အသံတွေကို ကြားသဖြင့် အိမ်ရှေ့ခန်းကိုထွက်လာသည်။ “ကိုရင်က ငယ်ငယ်လေးရှိသေးတာ။ လူထွက်ပြီး ဘာလုပ်မှာတုံး။ စာသင်ဦးလေ” ဟု ဇနီးဖြစ်သူက ကျောင်းဆရာမပီပီပြောတော့ “အမေက ထမင်းဆိုင်မှာ စားပွဲထိုး လုပ်ဖို့စပ်ပြီးပြီ။ ဒလကိုသွားရမှာ။ သူ့ရောပဲ” ဟု ဆိုကာ ကျောင်းသားလေးကိုပါ မေးထိုးပြသည်။ ကျွန်တော် ရင်ထဲမှာ စစ်ခနဲနာကျင်သလို ခံစားလိုက်ရသည်။ “ကိုရင်တို့က ညီအစ်ကိုတွေလား” ဟု ဇနီးသည်က ဆက်မေးတော့ “တစ်ဝမ်းကွဲ” ဟု ဖြေလေသည်။

သည့်နောက်မှာ ဆက်၍ မေးရင်းသိရသည်မှာ ကိုရင်လေးက ပြီးခဲ့သည့်နှစ် သုံးတန်းအထိကျောင်းနေခဲ့သည်။
ယခုနှစ် သင်္ကြန်မတိုင်မီမှာ ပရဟိတအဖွဲ့တစ်ဖွဲ့က ဆင်းရဲနွမ်းပါးကလေးများကို ရှင်ပြုပေးသဖြင့် လူပြန်မထွက်ဘဲ ကိုရင်ဆက်ဝတ်
နေခြင်းဖြစ်၏။ မိဘရှိသော်လည်း ဖအေက ဘာမျှမလုပ်၊ သိပ်ငတ်လာလျှင် ပဉ္ဇင်းတက်လိုက်၊ ပြီး လူပြန်ထွက်လိုက်နှင့် လက်ကြောမတင်းသူဖြစ်သည်။ မိခင်က ရေခဲချောင်းရောင်းလိုက်၊ မုန့်ကြော်ရောင်းလိုက် ကြုံရာကျပန်းလုပ်ရင်းကိုရင်လေး အပါအ၀င် ကလေးသုံးယောက်ကို လုပ်ကိုင်ကျွေးမွေးနေရသည်။ သည်အထဲ ညီမလုပ်သူက ဆုံးပါးသွားတော့ ကျန်ခဲ့သည့်သား (ဘုန်းကြီးကျောင်းသား)ကို ဖအေလုပ်သူက သူ့ဆီမှာအပ်ပြီး မြ၀တီဘက် တက်သွားလိုက်တာ ဘာသတင်းမှ မရတော့။
သည်တော့ သားသမီးသုံးယောက်ကိုတောင် မနည်းရှာကြံကျွေးမွေးနေရသည့်အထဲ တူတစ်ယောက်ပါးစပ်ပေါက်ပါ တိုးလာတော့
သားကိုရင်ကို အကြောင်းပြုပြီးတူကိုပါ ဘုန်းကြီးကျောင်းပို့ထားသည်။ ယခုတော့ နှစ်ယောက်စလုံးကိုပဲ ဒလပို့ပြီး ခိုင်းစားရတော့မည်။ ဘုန်းကြီးကျောင်းသားလေးကလည်း ကိုရင်နှင့် ရွယ်တူလောက်အလွန်ဆုံးရှိမှ ရှစ်နှစ်၊ ကိုးနှစ်အရွယ်လောက်သာ ရှိလိမ့်မည်။
သူကတော့ ကျောင်းတောင်မနေဖူးဘူးဟုဆိုလေသည်။

ကျွန်တော့်မှာ မေးမိပြီးမှ စိတ်မကောင်းဖြစ်ရသည်။ ခါတိုင်းလို အိမ်မှာ မရှိလျှင်လည်း အကောင်းသား။ သူများပြန်ပြောပြမှ တစ်ဆင့်သိရလျှင် သည်လောက် စိတ်ထိခိုက်မည်မဟုတ်။ ယခုတော့ ကျွန်တော့်မှာ ကိုရင်လေး ညီအစ်ကိုအကြောင်းကိုပဲ တွေးပြီး တစ်နေ့လုံးစိတ်ထိခိုက်နေမိသည်။

ဟိုတစ်လောတုန်းကလည်း ကျွန်တော်ထိုင်နေကျလက်ဖက်ရည်ဆိုင်ကို စားပွဲထိုးကလေးငယ်တစ်ယောက် အသစ်ထပ်ရောက်လာသည်။ သနပ်ခါးကွက်ကျားလေးနှင့် သန့်သန့်ပြန်ပြန် ချစ်စရာလေး။ လက်ဖက်ရည် လာချပေးတော့ ကျွန်တော်က စပ်စုမိသည်။ သူ့အသက်က ၈ နှစ်သာ ရှိသေး၏။ လှိုင်သာယာကနေ ပွဲစားတစ်ယောက်နှင့် ချိတ်ဆက်ပြီးသည်ကို ရောက်လာခြင်းဖြစ်သည်။ သူ့မှာ အဖေမရှိတော့။ အမေကအ၀တ်လျှော်သည်ဟု ကောင်လေးကပြောပြသည်။ သူ့တို့ မိသားစုမှာ သူကအကြီးဆုံး။ သူ့အောက်မှာ အငယ် ၂ ယောက်
ရှိသေးသတဲ့။ သူငယ်တန်းတစ်နှစ်သာ ကျောင်းနေဖူးသည်ဟု ကောင်လေးကပြောပြသည်။ သြော် ကိုယ့်နိုင်ငံက အချို့သော ကလေးငယ်များ၏ ဘ၀ကဆိုးရွားလှသည်။

မူလတန်းပညာရေးကို နိုင်ငံတော်က အခမဲ့ပြဋ္ဌာန်းပေးထားသည့်တိုင်၊ အချို့ကလေးငယ်များ ကျောင်းနေနိုင်ရေး ကူညီပေးနေ ကြသည့်တိုင်၊ နိုင်ငံတစ်ဝန်းလုံး၌ မူလတန်းပညာရေးလောက်ကိုပင် ပြီးဆုံးအောင် မသင်ကြားနိုင်သည့် ကလေးတွေက မြောက်မြားစွာရှိနေလေသည်။

မြို့ပြတွေရဲ့ လမ်းကြို လမ်းကြားတွေမှာ မြွေရေခွံအိတ်တစ်လုံးနှင့် သံစူးတပ်တုတ်တစ်ချောင်း ကိုင်ပြီး ပလတ်စတစ် လိုက်ကောက်နေသည့် ကလေးတွေကို မမြင်ချင်အဆုံး တွေ့နေရသည်။ သင်္ဘောဆိပ်တွေ၊ ဘူတာရုံတွေမှာ ဆေးလိပ်တို၊ တစ်ရှုးတို့လိုက်ရောင်းနေသည့် ကလေးတွေက တစ်ပုံတပင်။ လက်ဖက်ရည်ဆိုင်တွေ၊ ထမင်းဆိုင်တွေ၊ ယုတ်စွအဆုံး အရက်ဆိုင်တွေမှာပါ စားပွဲထိုးလုပ်နေကြသည့် ကလေးတွေက အမြောက်အမြား။

ဘ၀ကကြမ်းတော့ စရိုက်တွေ က ကြမ်းကုန်ကြသည်။ အချို့ကလေးတွေ နှစ်လုံး၊ သုံးလုံး၊ ဘောလုံးအကုန် လောင်းကစား
တတ်ကြသည်။ အချို့ကလေးတွေ ဆေးလိပ်၊ အရက်သောက်တတ်ကြသည်။ ကော်ရှုတတ်ကြသည်။ ပညာရေးစနစ်ညံ့ဖျင်းလှ၍ ကျောင်းတွင်းက ကလေးတွေအတွက် ရင်လေးနေရသည့်အထဲ ထိုညံ့သည့် ပညာရေး စနစ်ကိုပင်ထိတွေ့ခွင့်မရသည့် ကလေးတွေက အမြောက်အမြားရှိနေသည်။

မြို့ပြရဲ့ ပုံရိပ်တွေက သည်လို အကြည်းတန်လို့ ကျေးလက်က ရောလှသလားဆိုတော့ မြေသိမ်း၊ လယ်သိမ်းကိစ္စတွေနှင့် လူကြီးတွေ ထမင်းအိုး ပျောက်သွားတော့ စားကျက်သစ်ရှာရာနောက်ကို လိုက်ရင်း အချို့ကလေးတွေ အတန်းတစ်တန်းကိုပင် နှစ်ပေါက်အောင်မနေကြရ။ အချို့ရွာငယ်ကလေးတွေ ကျတော့လည်း တက်စရာကျောင်းကို မရှိလို့ ကျောင်းဆိုလျှင် ဘုန်းကြီးကျောင်းလောက်သာ တွေ့ဖူးသည့် ကလေးတွေကလည်း အများအပြားရှိနေ၏။ ဤပြဿနာကို ပေါ့ပေါ့တန်တန်သဘောထား၍ မရနိုင်ပေ။

ကလေးငယ်တွေ အကြောင်းအမျိုးမျိုးနှင့် ပညာသင်ကြား ခွင့်ဆုံးရှုံးနေခြင်းသည် နိုင်ငံ၏အနာဂတ်အတွက် ရင်လေးစရာကောင်းလှ
ပါသည်။ အရွယ်မရောက်သေးသည့် ကလေးငယ်များကို မိဘများကိုယ်တိုင်က ခိုင်းစားနေခြင်းကို မည်သို့တားဆီးနိုင်မလဲ။ လုပ်ငန်း
ခွင်တွေမှာကလေးငယ်များ၏ လုပ်အားကို ဈေးချိုချိုနှင့် ရယူနေခြင်းကို မည်သို့ကာကွယ်နိုင်မလဲ။ လေလွင့်ပြီး လမ်းပေါ်ရောက်နေသော ကလေးငယ်များကို မည်သို့ စည်းရုံးနိုင်မလဲ။ မိဘတွေ အလုပ်ပြောင်းရာနောက်လိုက် ပြောင်းနေရသည့် ကလေးတွေ နှစ်ပေါက်အောင် ပညာသင်နိုင်ဖို့ မည်သို့ကူညီနိုင်မလဲ။ စာသင်ကျောင်းမရှိတဲ့ ရွာက ကလေးတွေအတွက် မည်သို့ စီစဉ်နိုင်မလဲ။

သက်ဆိုင်ရာ အထက်အဖွဲ့အစည်းများက ညွှန်ကြားချက်ထုတ်ရုံ၊ အောက်ခြေအဖွဲ့အစည်းများကလည်း စာရင်းလိုက်ကောက်ရုံ၊ အထက်သို့ပြန်တင်ရုံနှင့်တော့ ဤပြဿနာများ ပြေလည်မသွားနိုင်ပေ။ လက်တွေ့ကျသော နည်းလမ်းများကို ၀ိုင်းဝန်းကြံဆကြ
ရပါလိမ့်မည်။ ရပ်ရွာလူထု အခြေပြုအဖွဲ့အစည်းများ အားကောင်းလာအောင် အုပ်ချုပ်ရေးပိုင်းက အားပေးကြရပါမည်။ အသိအမြင်နည်းပါးသော မိဘများကို ပညာပေး စည်းရုံးတာမျိုးတွေ ကျယ်ကျယ်ပြန့်ပြန့်လုပ်ရပါမည်။

ဆင်းရဲနွမ်းပါး ကလေးငယ်များ ပညာသင်ကြားရေးအတွက် နိုင်ငံတော်က သီးခြားဘတ်ဂျက်ခွဲဝေ၍ သုံးစွဲသင့်လျှင် သုံးစွဲရပါမည်။ စာသင်ကျောင်းမရှိသည့် ရွာများတွင် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ ထွန်းကားလာအောင် အားပေးရပါမည်။ စေတနာရှင်၊
အလှူရှင်တွေ များများပေါ်လာအောင် စည်းရုံးရပါမည်။

အလုပ်ခွင်တွေမှာ ကလေးအလုပ်သမားတွေရှိနေသေးသမျှ၊ လမ်းကြိုလမ်းကြားတွေမှာ ပလတ်စတစ်ကောက်သည့် ကလေးတွေကို တွေ့နေသေးသမျှ၊ ဘူတာရုံတွေ၊ သင်္ဘောဆိပ်တွေမှာ ကလေးဈေးသည်တွေ ရောင်းနေသေးသမျှ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အလှမ်း
ဝေးနေပါဦးမည်။

သက်ဆိုင်ရာနယ်ပယ် အသီးသီးမှ တာဝန်ရှိသူများအားလုံးသွေးအေးမနေဘဲ အပူတပြင်း လုပ်ဆောင်ကြဖို့ အချိန်တန်ပြီဟု ထင်ပါသည်။

ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)
Letter from Burma
Goshal Lay

Viewing all articles
Browse latest Browse all 32865

Trending Articles


"ကုလား"လို့ ပဲ ဆက်၍ခေါ်မယ် အဘိုင်


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


ခြေလျင်နှင့်ခြေမြန်တပ်ရင်းများကွာခြားပုံ


ကံမကောင်းရှာသော စကြာမင်းသားလေး


ကျောင်းသူတဦးအား ဆယ်တန်းအောင်ဆေး ပေးမည်ဆိုပြီး အလိုမတူဘဲ သားမယားပြုကျင့်ရန်...


ငတုံး ပုံပြင်ကိုအဆုံးသတ်ပေးပါ


မင်းဆက်ဝေ-တတိယ(ဘလော့စုစည်းမူ)


ရဲချုပ်ကိုအကြံပေးခန့် 


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>