
မြန်မာနိုင်ငံတွင်နာရီတိုင်း၌ လျှပ်စစ်မီးမှာ လာလိုက်၊ပျက်လိုက်ရှိနေရာ နိုင်ငံသားများအဖို့ အလုပ်မပျက်သွားလာ နေကြသော်လည်း ဧည့်သည်များမှာမူ ခေါင်းမိုးမှ မီးကိုသာ ကြည့်နေစေပါသည်။
မီးပျက်မှုမှာ မြန်မာနိုင်ငံတွင် သာမန်ကိစ္စလိုဖြစ်နေပြီး၊ အိုဟောင်းပြီး ပစ်ထားခဲ့သည့် စွမ်းအင်နက်ဝပ်(စ်)များကြောင့် ဖြစ်ပါသည်။
ရန်ကုန်ကဲ့သို့ မြို့်ကြီးတွင်ပင် နေထိုင်သူဦးရေ၏ သုံးပုံနှစ်ပုံကသာ လျှပ်စစ်မီး သွယ်တန်းခွင့် ရကြပါသည်။ ကျန် သောသူများမှာ မီးစက်များနှင့် ဘက်ထရီမီးများအပေါ်သာ မှီခိုနေကြရပါသည်။ အချို့ဆင်းရဲသူများမှာ တစ်ရက်လျှင် တစ် နာရီခန့်သာ လျှပ်စစ်မီးကို ရရှိကြပါသည်။
အသက် (၃၉) နှစ်ရှိ အေးကြိုင်သည် မြောက်ဒဂုံရှိ အခန်းတစ်ခန်း ထဲသာပါသော အိမ်တွင်နေထိုင်ရာ မီးချောင်း တစ်ချောင်းနှင့် မီးလုံးတစ်လုံးသာရှိပြီး မီးထွန်းထားသော်လည်း မူန်တိမူန်ဝါးသာ ဖြစ်နေပါသည်။ မီးဖိုထဲတွင် ဖယောင်းတိုင် အသေးလေးတစ်တိုင်ထားရှိပြီး မီးပျက်လျှင် ထွန်းရန်ဟုဆိုပါသည်။
``၂၀၁၁ ခုနှစ်ကဆို တော်တော်လေး ဆိုးပါတယ်။ တစ်ရက်ကို နှစ်ကြိမ်သုံးကြိမ်လောက် ပျက်ပြီး၊ တစ်ခါပျက်ရင် တော်တော်ကြာတယ်။ ဒီရာသီမှာတော့ နှစ်ခါလောက်ပဲဖြစ်တယ်``ဟု ၄င်းကဆိုပါသည်။
မြန်မာနိုင်ငံတွင် ဆယ်စုနှစ်များစွာ စစ်အုပ်ချုပ်ရေးမှ ဒီမိုကရေစီသို့ ကူးပြောင်းနေရာ မြန်မာနိုင်ငံ၏ လူဦးရေများကို အပြည့်အဝ လျှပ်စစ်မီး မပေးနိုင်သည်မှာ ကြီးမားသောစိန်ခေါ်မူများမှ တစ်ခုဖြစ်ပါသည်။
``လျှပ်စစ်မီးသုံးစွဲနိုင်မူဟာ ပညာရေးအတွက်လည်းကောင်း၊ ကျန်းမာရေးအတွက်လည်းကောင်း အရေးပါလှပြီး၊ လူမှုရေး လှုပ်ရှားမှုနဲ့ လူမှုရေးအရ အထောက်အကူအဖြစ် အရေးပါလှပါသည်။ ဒါကြောင့် စက်မူသုံး ဒါမှမဟုတ် စီးပွားရေး လုပ်ငန်းအတွက် လိုအပ်ချက်ထက် ပိုမိုကျယ်ပြန့်ပါတယ်။`` ဟု အာရှဖွံ့ဖြိုးရေးဘဏ် (ADB)မှ ဒုတိယဥက္ကဌ Stephen Groff က ပြောပါသည်။ ၄င်းသည် ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် ``စွမ်းအင်အသစ်အတွက် ဗိသုကာပုံစံ`` ဟူသော အစီရင်ခံစာသစ် တင်သွင်းစဉ် ပြောကြားခဲ့ခြင်းဖြစ်ပါသည်။
လက်ရှိအားဖြင့် မြန်မာနိုင်ငံတွင် လျှပ်စစ်မီး၏ ၇၅% ကို သစ်တောများမှ သဘာဝသစ်သားကို မီးရှို့၍ လည်းကောင်း၊ ရေအားလျှပ်စစ်မှလည်းကောင်း ထုတ်ယူပါသည်။ ရေအားလျှပ်စစ်မှာ ဒီဇင်ဘာလမှ မတ်လ ထိခြောက်သွေ့ သောရာသီတွင် ရပ်နားထားရပါသည်။
မြန်မာနိုင်ငံတွင် သဘာဝသယံဇာတများ ပေါများပါသည်။ သို့သော် ယခုအချိန်အထိ ထုတ်ယူသော သဘာဝ ဓါတ်ငွေ့များကို တရုတ်နှင့်ထိုင်းသို့သာ ရောင်းချနေပါသည်။ အစိုးရကမူ ပြည်တွင်းသုံးရန် ထိန်းသိမ်းထားမည်ဟု ပြောခဲ့ပါ သည်။
``အရေးယူပိတ်ဆို့မူကြောင့်၊ ကျွန်တော်တို့ ဖွံ့ဖြိုးတိုးတက်မှုအတွက် ငွေမာလိုပါတယ်။ မဟုတ်ရင် တိုင်းပြည်က နောက်ကျ ကျန်ခဲ့နိုင်ပါတယ်``ဟု စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထင်အောင်က ပြောပါသည်။
``ဒါပေမယ့် ကျွန်တော်တို့ရဲ့ မူဝါဒအသစ်အရ နောက်ထပ်တွေ့ရှိမယ့် သဘာဝသယံဇာတတွေကို ပြည်တွင်းသုံး အတွက် ဦးစားပေးမှာဖြစ်ပြီး၊ ပိုတာတွေပဲ ရောင်းပါမယ်။ ပိုတာကိုလည်း တန်ဖိုးမြင့် ထုတ်ကုန်လုပ်ပြီးမှ တင်ပို့မှာပါ`` ဟု ၄င်းက ပြောပါသည်။
လက်ရှိစာချုပ်များကိုမူ တိုင်းပြည်၏ သိက္ခာအတွက် ဆက်လက်ထိန်းသိမ်းရမည်ဖြစ်ကြောင်း၊ သို့သော် ပြည်တွင်း သုံး အတွက် လုံလောက်သည်အထိ နောက်ထပ်တင်ပို့မှု စာချုပ်အသစ် လက်မှတ်ရေးထိုးမည် မဟုတ်ကြောင်း ၄င်းကပင် ပြောပါသည်။
မြန်မာနိုင်ငံ၏ အိုမင်းဟောင်းနွမ်းနေသော လျှပ်စစ်မီးကွန်ရက်ကို ပြင်ဆင်ရန်မှာ လွယ်ကူသော လုပ်ငန်းမဟုတ်ပေ။ တစ်ချိန်တည်းမှာပင် အစိုးရ လျှပ်စစ်ဓါတ်အားလိုင်းနှင့် မချိတ်ဆက်ပဲ အသေးစား ဖြေရှင်းနည်းများဖြင့် ခေတ်မီနည်းစနစ်ကို အသုံးပြုရန် တိုက်တွန်းမူများ ရှိပါသည်။
၎င်းနည်းလမ်းကို လူဦးရေခြောက်သန်းရှိ အိမ်နီးချင်း လာအိုနိုင်ငံတွင် အသုံးပြုနေပါသည်။ လာအိုတွင် ၂၀၀၀ ပြည့်နှစ်က လူဦးရေ၏ ၃၀% သာ လျှပ်စစ်မီးရရှိခဲ့ရာမှ ယခုအခါ လျှပ်စစ်မီး ထုတ်လုပ်မူအမျိုးမျိုးမှ ၇၀%ထိ လျှပ်စစ်မီးရရှိ ခဲ့ပြီ ဖြစ်ပါသည်။
Simon Henschel သည် အစိုးရနှင့်အတူ လုပ်ကိုင်နေသည့် ပုဂ္ဂလိကကုမ္ပဏီ Sunlabob Renewable Energy မှ အော်ပရေးရှင်းအရာရှိချုပ်ဖြစ်ပါသည်။ အဆိုပါကုမ္ပဏီသည် ၂၀၀၁ ကတည်းက ကျေးလက်သို့ စွမ်းအင်ပေးရေး လုပ်ကိုင်နေ ပါသည်။
``နိုင်ငံမြောက်ပိုင်းမှာ ဒေသဆိုင်ရာ လျှပ်စစ်လိုင်းတစ်ခု ထူထောင်ခဲ့ပါသည်။ ရွာသုံးရွာကို ရေအားလျှပ်စစ် တာဘိုင် တစ်ခုထားရှိပြီး နေရောင်ခြည်စွမ်းအင်နဲ့ ပေါင်းစပ်ထားတဲ့ လျှပ်စစ်လိုင်းနဲ့ ချိတ်ဆက်ထားပါတယ်။ ရေအားလျှပ်စစ်က ၂၄ နာရီ လည်ပတ်ပါတယ်။ အလွန်အားကောင်းပါတယ်။ နေရောင်ခြည်စွမ်းအင်ကတော့ အသုံးအများဆုံး အချိန်တွေမှာ ပိုပြီးထိရောက်စွာ လျှပ်စစ်မီးဖြန့်ဝေနိုင်ဖို့ လုပ်ဆောင်ထားတာပါ`` ဟု Simon က ပြောပါသည်။
`ရေအားလျှပ်စစ်စက်ရုံတစ်ခုသည် ရွာနှစ်ရွာမှ အိမ်ခြေ (၉၀၀) ခန့်ကို လျှပ်စစ်မီးပေးနိုင်ပါသည်။ ယခုအခါ အဓိကအများသုံး လျှပ်စစ်လိုင်းအတွင်းသို့ ချိတ်ဆက်ထားပြီး၊ ထည့်ဝင်သော ပမာဏအလိုက် နှုန်းထားတစ်ခု သဘောတူခဲ့ ပြီး ဖြစ်သောကြောင့် ရင်းနှီးမြှုပ်နှံသူများအတွက် ဝင်ငွေ ရရှိနိုင်မည် ဖြစ်ပါသည်။
ရင်းနှီးမြှုပ်နှံမည့်သူများမှာ မည်သူများဖြစ်မည်ဆိုသည်မှာမူ အစိုးရမူဝါဒအပေါ် မူတည်ပါသည်။ မြန်မာ အစိုးရမှာမူ ယခုအထိ မူဝါဒကို ဆုံးဖြတ်ချက်မချရသေးပေ။ ကျေးရွာအလိုက် ကွာခြားမှုရှိနိုင်ကြောင်း၊ ရင်းနှီးမြှုပ်နှံရန် ငွေကြေးရှိသူနှင့် ဝင်ငွေပြန်လည်ရရှိမှုအတွက် များများစောင့်နိုင်သူအပေါ်တွင် မူတည်မည်ဟု ထင်ကြောင်း Simon ကပြောပါသည်။
“မြန်မာနိုင်ငံမှာ တချို့ရွာတွေ ကျွန်တော်ကြည့်ခဲ့ရတာ ဘုန်းကြီးကျောင်းတွေက သြဇာအတော်ရှိတာပဲ။ ကျွန်တော် တို့က အနီးအနားကရွာတွေနဲ့ လျှပ်စစ်လိုင်းသွယ်ဖို့စနစ်မှာ ငွေပေးဖို့အသင့်ရှိတဲ့ မြန်မာဘုန်းကြီးတွေနဲ့ အဆက်အသွယ် ရခဲ့တယ်။ ပိုင်ရှင်အမျိုးမျိုး ပိုင်ဆိုင်မှုရှိမဲ့ စီးပွားရေးပုံစံတစ်ခုဖြစ်ပြီး အစိုးရကသာ မူဝါဒနဲ့ တံခါးဖွင့်ပေးဖို့ လိုတာပါ” ဟု ၎င်းကပြောပါသည်။
အကယ်၍ ဘုန်းတော်ကြီးများသည် မြန်မာနိုင်ငံ၏ အလားအလာရှိသော စွမ်းအင်အဖြေအတွက် ကြိုးပမ်းနေသည် ဟု ဆိုလျှင် အခြားဆန့်ကျင်ဖက်အစွန်းတွင် Total၊ Chevron နှင့် တရုတ်၏ CNPC တို့ရှိနေပါသည်။
မြန်မာအစိုးရသည် ၂၀၁၁ ခုနှစ် အာဏာရပြီးကတည်းက ကုန်းတွင်းနှင့် ကမ်းလွန်ဒါဇင်များစွာ တင်ဒါခေါ်ယူခဲ့ပြီး၊ ယခုနှစ်ကုန်တွင် ကမ်းလွန်လုပ်ကွက် နောက်ထပ် (၂၀) ခန့်ထပ်မံဖော်ထုတ်လိမ့်မည်ဟု မျှော်လင့် ရပါသည်။
လောလောဆယ်အားဖြင့် နိုင်ငံခြားကုမ္ပဏီ (၁၆) ခုသည် ကုန်းတွင်းရေနံလုပ်ကွက် (၁၇) ခုတွင် လုပ်ကိုင်နေပြီး၊ အခြားကမ္ပဏီ (၁၅) ခုသည် ကမ်းလွန်ရေနံလုပ်ကွက် (၂၀) ခုတွင် ရှာဖွေရေး သို့မဟုတ် ထုတ်လုပ်ရေးတွင် ပါဝင်လုပ်ကိုင် နေကြောင်း အစီရင်ခံစာအရ သိရှိရပါသည်။
၂၀၁၄ တွင် တရုတ်နိုင်ငံ CNPC မှာ ဆောက်လုပ်နေသော အဓိကပိုက်လိုင်းနှစ်ခု ပြီးစီးမည်ဟု ခန့်မှန်းရပါသည်။ CNPC သည် မြန်မာနိုင်ငံသို့ ပို့ဆောင်မည့် ၇၇၁ ကီလိုမှတာ (၄၇၉ မိုင်) ရှည်သော ရေနံပိုက်လိုင်းကို တည်ဆောက်လျက် ရှိပါသည်။
နောက်ထပ်ကီလိုမီတာ ၈၇၀ (မိုင် ၅၄၀) ရှည်သော ဓါတ်ငွေ့ပိုက်လိုင်းသည် ရခိုင်ပြည်နယ် ရွှေ သဘာဝဓါတ်ငွေ့ များကို တရုတ်နိုင်ငံသို့ ပို့လွှတ်ရန်တည်ဆောက်နေပါသည်။
ရွှေသဘာဝဓါတ်ငွေ့ စီမံကိန်းသည် ယခုနှစ်ကုန်တွင် ဖွင့်လှစ်မည့် ဓါတ်ငွေ့စီမံကိန်းနှစ်ခု အနက်မှ တစ်ခုဖြစ်ပါသည်။ တရုတ်နှင့် ထိုင်းနိုင်ငံသို့ တင်ပို့မှုတိုးမြှင့်နိုင်ရေးအတွက် လက်ရှိထုတ်လုပ်မှုကို နှစ်ဆတိုးမြှင့်မည်ဟု မျှော်လင့်ရပါသည်။
မြန်မာနိုင်ငံမီးလင်းရေးစီမံချက်များ သဘောတူချမှတ်ခဲ့ပြီးပါက အရေးပါသော အချိန်နှင့်ငွေကို အသုံးပြုရလိမ့် မည်ဟု ပညာရှင်များနှင့် အစိုးရက သတိပေးပါသည်။
“ယနေ့လျှပ်စစ်ဓါတ်အား အသုံးပြုနိုင်မှု ၂၆% ရှိနေရာကနေ ၂၀၂၀ မှ ၆၀% ထိ အသုံးပြုနိုင်ဖို့ မျှော်လင့်ပြီး ပြောင်းလဲမှုတွေ ပြုလုပ်ဖို့ဆိုရင် လုပ်စရာတွေ အများကြီး လိုအပ်ပါတယ်” Groff က ပြောပါသည်။
“ကျွန်တော်တို့ဟာ မဝေးတော့တဲ့ အနာဂါတ်မှာ လျှပ်စစ်မီးမပြတ်ရရှိရေးအတွက် အလွန်ကြိုးစား အားထုတ်နေ ပါတယ်။ ရေရှည်မှာလည်း တစ်နိုင်ငံလုံး စွမ်းအင်မပြတ်လပ်စေရေး အတွက် အစီအစဉ်တွေ အများကြီး လုပ်နေပါတယ်” ဝန်ကြီးက ဖြည့်စွက်ပြောပါသည်။
ပြည်သူအများစုကမူ မိနစ်မဆိုင်း အလိုရှိနေကြပြီဖြစ်ပါသည်။
Yangon chronicle