သူ့ အကြည့်က ရှုသိုးသိုး ဒါပေမယ့် သူ့လုပ်ပိုင်ခွင့်နဲ့ ပြည်သူ့ ဘဏ္ဍာကို သူမခိုးခဲ့ဘူး။ သူ့ မျက်လုံးက ခပ်ဆိုင်းဆိုင်း။ ဒါပေမယ့် သူက ပြည်သူလူထုကို ရိုင်းစိုင်းတဲ့ အုပ်ချုပ်မှုအောက်က လွတ်မြောက်စေချင်လို့ သူလုပ်ခဲ့တယ်။ သူ့ ထိုင်နေပုံက ခပ်ရို့ရို့ ။ ဒါပေမယ့် မကြာခင် ရက်ပိုင်း လပိုင်းမှ သူ့ လည်ပင်းကို ကြိုးကွင်းစွပ်ပြိး သတ်ခံရနိုင်တယ် ဆိုတာ သိတယ်။ မကြောက်တမ်း ပြည်သူ့စစ်သူရဲကောင်းတို့ မာန်နဲ့ သူ့ အထိုင်မပျက် ၊ စိတ်မပျက်ခဲ့ဘူး။ သူ့ လက်ကို နှောင်ကြိုးတွေ တည်းထားတယ်။ ဒါပေမယ့် သူ့ရဲ့ တိုင်းပြည်နဲ့ တပ်မတော်အပေါ် ထားရှိတဲ့ မြင့်မြတ်သော သဘောထား၊ ရဲ့ရင့်သော အာဇာနည်စိတ်ဓါတ် ၊ ပြတ်သားသော ဦးဆောင်မှု ၊ နောက်လာနောင်သာားတွေ ကောင်းစေချင်တဲ့ စေတနာကို တော့ ဘယ်လို နှောင်ကြိုးမျိုးနဲ့မှ တည်းထားချုပ်နှောင်ထားလို့ မရဘူး ဆိုတာ သူ သက်သေပြခဲ့တယ်။ သူ ................. သူ ................ တိုင်းပြည်နဲ့ လူမျိုး အတွက် အသက်စတေး ပေးဆပ်ခဲ့သော စစ်သူရဲကောင်း သူ့ကို အလေးပြု ဦးညွတ်လိုက်ပါတယ်လူမသိ သူမသိ ကြွေလွင့်ခဲ့ရသော အဖိုးတန် ကြယ်နီတပွင့် ၊ ပြည်သူ့ စစ်သားကောင်း၊ မျိုးချစ်အာဇာနည် သူရဲကောင်း။ ဗိုလ်ကြီးအုန်းကျော်မြင့် .................................
ကျနော် တပ်မတော်ထဲ နေစဉ်ကတည်းက စစ်သားတဦးရဲ့ ရင်ထဲက နက်နက်ရှိုင်းရှိုင်း လေးစားအားကျမိတဲ့ စိတ်ဓါတ်ပိုင်ရှင်က ဗိုလ်ကြီးအုန်းကျော်မြင့် ပါပဲ။
မတရားတာကို မတရားမှန်း သိ၊ မမှန်တာကို မမှန်မှန်း သိပြီး မှန်ကန် တရားမျှတမှု ရပ်ဝန်းပေါ်ပေါက်လာအောင် သူ တတ်စွမ်းတဲ့ နေရာကနေ အသက်ကိုစွန့် ကိုယ်ကျိုးကို မငဲ့ပဲ တိုင်းပြည်နဲ့ လူမျိုး အတွက် ရဲရဲဝံ့ဝံ့ လုပ်ဆောင်သွားတဲ့ သူရဲကောင်း စိတ်ဓါတ်ကို အလွန်ပဲ လေးစား အားကျခဲ့ရပါတယ်။
အခု ရက်ပိုင်းမှာ သူ့လို မျိုးချစ်စစ်သားကောင်းတွေ အကြောင်း လိုက်ရှာ လိုက်ဖတ်ပြီး ဂုဏ်ပြု စာစကားလေးတွေ ရေးမယ်လို့ စိတ်ကူးမိပါတယ်။ http://www.scribd.com/doc/62888003/Captain-Ohn-Kyaw-Myint ဒါကတော့ ပြည်သူ့ စစ်သားကောင်း မျိုးချစ်စစ်သူရဲကောင်း ဗိုလ်ကြီးအုန်းကျော်မြင့် ရဲ့ အကြောင်း ရေးသားထားတဲ့ ဆောင်းပါးဖြစ်ပါတယ်။
ဂုဏ်ပြုတင်ပြသူ
နေမျိုးဇင်