
ဒါဆို အဲ့လို တကယ်ဖြစ်လာနိုင်ချေမရှိတဲ့ ဒီမျိုးစောင့်ဥပဒေကြီးကိုပြဌာန်းသင့်တယ်ဆိုပြီး ဘာလို့လက်မှတ်တွေလိုက်ကောက်နေတာလဲ။
၁ ဒီဥပဒေဟာ ခေတ်နောက်ပြန်ဆွဲပြီး ဗုဒ္ဓ၀ါဒကို သိက္ခာကျအောင်လုပ်မှာဖြစ်တဲ့အတွက် ဒါကိုသိတဲ့ ပညာရှင်များ၊ လူမှုရေးနိုင်ငံရေးသမားများက ကန့်ကွက်ကြမယ်။
၂ အမျိုးဆိုတဲ့ စကားနဲ့ချည်ထားပြီး၊ မလေးရှားက အဖြစ်အပျက်နဲ့ ချိန်ကိုက် ချိတ်ဆက်ထားတဲ့အတွက် အမျိုးထိလို့နာထားတဲ့ပြည်သူတွေဟာ
အများကြီးမစဉ်းစားပဲ ထောက်ခံကြမယ်။
၃ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် လူ့အခွင့်အရေး ဒီမိုကရေစီရေးသမားများက
ဘယ်လိုမှမဖြစ်သင့်မှန်းသိပြီး မီဒီယာကလည်းမေးလာလို့ ကန့်ကွက်ကြောင်းဖြေရမယ်။
ဒီအမျိုးစောင့်ဥပဒေကန်ပိန်းက လိုချင်တာဒါပါပဲ...
နှစ်ပေါင်း ၅၀ကျော် အမှောင်ခေတ်ကြီးထဲမှာ စီးပွားရေး၊ပညာရေး၊ချွတ်ခြုံကျပြီး လှုမှုအတွေးအခေါ်တွေ ဖရိုဖရဲဖြစ်နေရတဲ့ ပြည်သူအများစုဟာ အမျိုးဆိုတဲ့ စကားနဲ့ သူများနိုင်ငံမှာ သတ်ခံရလေခြင်းဆိုတဲ့ ဂရုဏာဒေါသပေါင်းမိတဲ့အခါ ဥပဒေကိုထောက်ခံဖို့ဖြစ်သွားကြသလို ကန့်ကွက်သူတွေကို အမြင်စောင်းဖို့လည်း အဆင်သင့်ဖြစ်သွားပါတော့တယ်။
အောင်မြင်သင့်သလောက်အောင်မြင်ကြပါတယ်။
မနှစ်ကတည်းက စလိုက်တဲ့ အမျိုးမျိုးသောကန်ပိန်းတွေကြောင့်.....
ရခိုင်ပြည်နယ်၊ မိထ္တီလာ၊ ပဲခူးတိုင်းအနောက်ခြမ်း၊ လားရှိုး၊ တို့အပြင် မလေးရှားထိပါ ပစ်မှတ်တွေအားလုံးထိမှန်ခဲ့ပြီး၊ ပြည်သူတွေအကြားမှာလည်း၊ ထောက်ခံသူ၊ကန့်ကွက်သူ၊ ကန့်ကွက်သူကို ထောက်ခံသူ စသဖြင့် အစိတ်စိတ်ကွဲထွက်သွားပါတယ်။
အဲ့သလို ပြိုကွဲမှုတွေနဲ့အတူ ရွှေ သဘာဝဓါတ်ငွေ့ပိုက်လိုင်းကြီးကိစ္စ၊ လက်ပံတောင်းတောင် ကိစ္စ၊ လယ်ယာမြေများအသိမ်းခံနေရမှုကိစ္စ၊ အခြေခံဥပဒေပြင်ဆင်ရေးကိစ္စ၊ စတဲ့ကိစ္စကြီးတွေက အစ ဘတ်စ်ကား အစီး ၃၀၀၀ ရောက်လာမယ်ဆိုတဲ့ ကိစ္စလေးတွေနဲ့ ရန်ကုန်မှ ၂၄နာရီ မီးလာမယ်ဆိုတဲ့ကိစ္စတွေ အားလုံး အမုန်းမီးထဲပါသွားကြပါပြီ။
ဒါ့အပြင် ကိုယ့်နိုင်ငံသားခြင်း ကိုးကွယ်တဲ့ဘာသာ၊ မွေးဖွားရာလူမျိုးကို တံဆိပ်ကပ်ပြီး မခွဲခြားသင့်ကြောင်း အမှန်ကို အမှန်အတိုင်း ပြောတဲ့ ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ ဒီမိုကရေစီရေးသမားများ၊ လူ့အခွင့်အရေးသမားများ၊ ( ဒီတိုင်းပြည်ကြီး ခုလို အပြောင်းအလဲ ဖြစ်ဖို့ ထောင်တွေကျခံ၊ ဘ၀တွေပျက်ခံ၊ မိသားစုတွေအပြိုကွဲခံပြီး ပေးဆပ်ကြိုးစားခဲ့သူတွေ) ဟာ ခုဆိုရင် မျိုးမစစ်၊ သစ္စာဖောက်လောက်ကောင်လိုလို ဝေဖန်ပြောဆိုခံလိုက်ရပါပြီ။ နောက်ဆက်တွဲအနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်အတွက် ထောက်ခံမဲတွေ လျော့နည်းသွားတော့မယ့်သဘောဖြစ်နေပါပြီ။
ရပါပြီ။ ကန်ပိန်းအောင်ပါပြီ။ OIC ကိုကန့်ကွက်ဖို့ သမ္မတကို အလွတ်ကြီးထထောက်ခံပြတယ်။ NLD ကို မွတ်ဒေါင်းလို့ စော်စော်ကားကားပြောတယ်။ (မှတ်ချက် ကျနော် NLD လုံးဝမဟုတ်ပါ)။ ဒေါ်စုကို အချွန်နဲ့လိုက်လိုက်မတယ်။ဒီလောက်ဆို ရည်ရွယ်ချက်တွေ ထင်သာမြင်သာရှိလောက်ပါပြီ။
အဲ့တော့ ပြည်သူများရိုးရိုးရှင်းရှင်း စဉ်းစားကြဖို့ပါပဲ။
ဒီလို ပြည်သူကိုေ၀၀ါးသွားအောင်ခြေထိုးနေတဲ့ ကိစ္စတွေမှာ အငြင်းပွားနေကြမလား။
၂၀၁၅ မတိုင်ခင် လုပ်စရာရှိတာတွေလုပ်ကြမလား။ အချိန်ကလူကိုမစောင့်ပါ။
လုပ်စရာတွေဒီမှာ ချရေးကြည့်မယ်၊
ငြိမ်းချမ်းရေး၊ အခြေခံဥပဒေပြင်ဆင်ရေး။ အခြေခံလူတန်းစားထိ အကျိုးရှိမယ့် စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေဖော်ဆောင်ရေး၊ ပညာရေးမူဝါဒသစ်ပြဌာန်းရေး၊
တန်ဖိုးနည်းအိမ်ရာစီမံကိန်းတွေ ပေါ်ပေါက်ရေး၊ ရေး...ရေး....
အဲ့ဒီအရေးတွေမေ့ထားပြီး... အဖြေမရှိတဲ့ အဖြေမဟုတ်တဲ့၊ ပြသနာလည်းမဟုတ်တဲ့ ဒီ အမျိုးသားရေးဆိုတဲ့ ကိစ္စကြီးနဲ့ ကျုပ်တို့ပြည်သူတွေ အချိန်ကုန်အငြင်းပွားနေရင်ဖြင့်
..........................................................................................
..............................................
ဇာတ်စင်နောက်က ကြိုးဆွဲလက်များက ၀မ်းပန်းတသာနဲ့ ခင်ဗျားတို့ ကျုပ်တို့ ပြည်သူတွေကို စီးပွားရေး၊လူမှုရေး မုဒိမ်းကျင့်နေဦးမှာဖြစ်ပါကြောင်း...
မိုဃ်းသွေး