ကျနော်တို့ အိမ်နီနားချင်း မနေ့ည ၉ နာရီခန့်က ဖြစ်ခဲ့တဲ့ အဖြစ်အပျက်လေးကို အချေခံပြီး သတင်းဆောင်းပါးတိုအနေနဲ့ ကျနော့် ဂျာနယ်တိုက်ကို ပို့ခဲ့တဲ့ စာမူလေးပါ ကျနော်တို့ မြို့မှာ ဒီလို အဖြစ်အပျက်တွေကို ဘယ်လို တားဆီးကြမလည်း
(မန္တလေးမြို့အတွင်း ပေါ်ပေါ်ထင်ထင် လူကြားထဲ လုယက်မှုတွေကို ဘယ်လိုတားဆီးနိုင်ကြမလည်း)
တိုက်အောက်ထပ်က အော်သံတွေ ဆူညံနေ၊ အပေါ်ထပ်မှာနေနေတဲ့ အခန်းတွေက အိမ်နီးနားချင်းတွေကို အော်ခေါ်နေသံဟာ ည ၁၁ နာရီ ပတ်ဝန်းကျင်မှာ ထွက်ပေါ်လာခဲ့တယ်။ ဘာတွေများ ဖြစ်လို့လည်းဆိုပြီး အိမ်ပြင်ထွက်ကြည့်လိုက်တော့ တစ်တိုက်လုံးက ချစ်ကြတဲ့ ၄ နှစ်အရွယ် မူကြိုတက်နေတဲ့ ကလေးလေး နေတဲ့ အခန်းရှေ့က အိမ်နီးချင်းအခန်းက အစ်မကြီး အော်ခေါ်နေတာကို တွေ့လိုက်ရတော့ ရင်ထဲ ထိတ်ခနဲ ဖြစ်သွားတယ် ကလေးများ ဘာဖြစ်လို့လည်း ဘာဖြစ်သွားပီလည်း။ အိမ်ပေါ်ကနေ အိမ်အောက်ထပ်ကို အပြေးဆင်းပြီး အဲဒီ့အိမ်ကို သွားကြည့်လိုက်တော့ ကလေးမျက်နှာကို မြင်လိုက်တော့ ရင်ထဲ ဆို့နှင့်သွားတယ် ကလေးမျက်နှာမှာ ဒဏ်ရာတွေနဲ့။ ကလေးအမေရဲ့ ဒူခေါင်းမှာလည်း ပွန်းရာတွေ အသက် ၇၉ နှစ် ရှိပြီ ဖြစ်တဲ့ ဖခင်ရဲ့ ဒူခေါင်းနဲ့ ခါးတွေမှာလည်း ပွန်းပဲ့ဒဏ်ရာတွေနဲ့ သူတို့ဘေးမှာလည်း သတင်းမေးနေတဲ့ တိုက်က အိမ်နီးနားချင်းတွေ၊ ရဲစခန်းက တာဝန်ရှိသူတွေနဲ့ လူတွေ ရှုပ်နေ များနေတယ်။ အားလုံးရဲ့မျက်ဝန်းတွေမှာ စိတ်မကောင်းတဲ့ ဂရုဏာသက်နေတဲ့ အရိပ်ငွေ့တွေ တွေ့နေရတယ်။
လွန်ခဲ့တဲ့ ၂ နာရီ ကျော်ကျော်လောက်ကမှ ကလေးအမေက ဆိုင်ကယ်ကိုမောင်း၊ ကလေးကို အလယ်မှာထား၊ ဖခင်ဖြစ်သူက နောက်ကနေထိုင်ပြီး ဖခင်ဖြစ်တဲ့သူ နေမကောင်းလို့ ဆေးခန်းဆိုပြီး ၃ ယောက်သား ထွက်သွားတာကို ဘေးပတ်ဝန်းကျင်ကလူတွေ အားလုံးမြင်လိုက်ကြတယ်။ ခုတော့ ဒဏ်ရာတွေနဲ့ မျက်နှာတွေ၊ ပွန်းပဲ့ဒဏ်ရာတွေနဲ့ သူတို့တွေကို မြင်လိုက်ရတော့ အားလုံးက စိုးရိမ် ပူပန်ကြရတယ်။ ဘာဖြစ်တာလည်း ဘာဖြစ်ခဲ့တာလည်းဆိုတာကို မေးသူကမေး မိခင်ဖြစ်တဲ့သူက ဖြေနေတော့ နားစွင့်မိလိုက်တယ်။ ဖခင်ကို ဆေးခန်းပြဖို့ ၃၅ လမ်း ဘက်က စိုင်းလုံးဖေ ဆေးခန်းကို သွားခဲ့တော့ ဆေးခန်းပိတ်တာနဲ့ ၇၆ လမ်း ၃၂ လမ်းမှာရှိတဲ့ ဆရာမ ဒေါ်မိုးမိုးဦးဆေးခန်းကို ပြမယ်လို့ ရည်ရွယ်ပြီး ဆေးခန်းနားရောက်ချိန် အနီးနားမှာ အနောက်က လူငယ် ၂ ဦး မောင်းနှင်စီးနှင်းလာတဲ့ ဆိုင်ကယ်က သူတို့နားကို ကပ်လာတော့ ဆိုင်ကယ် ကျော်တက်တာထင်ပြီး လမ်းဘေးကို ဆိုင်ကယ် ကပ်ပေးလိုက်တော့ ဘေးက ဆိုင်ကယ်ပေါ်က အနောက်မှာ ထိုင်နေတဲ့ လူငယ်က သူ့ ဆိုင်ကယ် လက်ကိုင်မှာ ချိတ်ထားတဲ့ ပိုက်ဆံ အိတ်ကို လု ပြီး ဆိုင်ကယ်မောင်းပြေးခဲ့တယ်။ မြန်မာ့မီးရထား ၀န်ထမ်းတွေနေတဲ့ တိုက်ခန်းမှာ ပြည့်စုံတဲ့သူဆိုတာ နည်းပါးပါတယ်။ သူတို့တွေဟာလည်း မပြည့်စုံတဲ့ မိသားစုထဲက အစိုးရ၀န်ထမ်း မိသားစုလေးပါ။ ပိုက်ဆံအိတ်ထဲမှာ ပိုက်ဆံ ၅ သောင်းကျော်နဲ့ ၃ တန်းတက်နေတဲ့ သားကြီးအတွက် အဆောင်အနေနဲ့ လုပ်ပေးထားတဲ့ ၃ မတ် သားရွှေဆွဲကြိုးလေးက ပါနေပြန်တယ်။ တစ်နေ့စာအတွက် ချင့်ချန်သုံးနေရတဲ့ မိသားစုတစ်ခုလုံးအတွက် ၁၅ ရက်စာလောက် လုံလောက်တဲ့ ဒီငွေဟာ သူအတွက်ကတော့ အရမ်း အဖိုးတန်နေခဲ့ပါတယ်။ ဒီလို လူစည်ကားတဲ့ နေရာ အခုလို ည ၉ နာရီ ခန့်ပဲ ရှိတဲ့ အချိန်မှာ လုယူခံလိုက်ရတော့ ပထမတော့ သတိခဏလစ်သွားတယ်။ ဒါပေမယ့် ပိုက်ဆံအိပ်ထဲမှာပါတဲ့ အဖိုးတန် ပိုက်ဆံအတွက် သတိဝင်သွားပြီး သူတို့နောက်ကနေ တောက်လျှောက်လိုက်ပြီး ၃၂ လမ်းလောက်ကနေ “အရှေ့က ဆိုင်ကယ်ကို ဖမ်းပေးကြပါ၊ ကျမ ပိုက်ဆံအိတ်ကို လုယူထွက်ပြေးသွားပါတယ်၊ ကူညီကြပါဦး၊ ဖမ်းပေးကြပါဦး” စတဲ့ စကားလုံးတွေကို အသံကျယ်ကျယ်နဲ့ အော်ဟစ်ပြီး တောက်လျှောက်သူတို့နောက်ကို မိခင်ဖြစ်သူက လိုက်ခဲ့တယ်။
ဝမ်းနည်းစရာကောင်းတာက ဘေးပတ်ဝန်းကျင်မှာ ညဘက်ဖွင့်တဲ့ ထမင်းကြော်ဆိုင်တွေ စတိုးဆိုင်တွေ လက်ဘက်ရည်ဆိုင်တွေ ရှိနေပါလျက် ဘယ်သူကမှ ရှေ့က ဆိုင်ကယ်ကို ဖမ်းဆီးပေးခဲ့ခြင်း တားဆီးပေးခဲ့ခြင်း သူ့အော်သံကို ဂရုတစိုက် နားထောင်တဲ့သူ မရှိခဲ့တာကို သိလိုက်ရတယ်။ ဒီလိုနဲ့ပဲ နောက်ကနေ တောက်လျှောက်လိုက်ပြီး တစ်လမ်းလုံးလည်း အော်ခဲ့တာဟာ ၆၇ လမ်း၊ လမ်း ၃၀ ထောင့်မှာ လုယူထွက်ပြေးသွားတဲ့ ကောင်လေးရဲ့ ဂုတ်အင်္ကျီကို ဆွဲမိမလို ဖြစ်ခဲ့ချိန် သူတို့ ၃ ယောက် စီးနှင်းတဲ့ ဆိုင်ကယ်ဟာ အရှိန်မထိန်းနိုင်ပဲ မှောက်သွားခဲ့တယ်။ မိခင်ဖြစ်တဲ့သူမှာ ဆိုင်ကယ်နောက်မှာပါတဲ့ ကလေးနဲ့ ဖခင်ကို ဒီအချိန်မှာ သွေးပူပြီး မစဉ်းစားနိုင်သေးပဲ ၇၃ လမ်းဘက်ကို ချိုးကွေ့သွားတဲ့ လုယက်သွားတဲ့ ကောင်လေး ၂ ယောက်ဆိုင်ကယ်အနောက်ကို ၇၅ လမ်းထိ ဆိုင်ကယ်မှောက်သွားပေမယ့် ပြေးလွှားလိုက်ရှာပြီး ဘေးပတ်ဝန်းကျင် အကူညီ ရမလားဆိုတဲ့ အသိနဲ့ လိုက်သွားခဲ့တယ်။ နောက်ဆုံး မမှီနိုင်တော့ဘူးဆိုတာ သိရတာနဲ့ အနောက်မှာ ကျန်ခဲ့တဲ့ ဆိုင်ကယ် မှောက်ပြီး လဲကျနေခဲ့တဲ့ ကလေးနဲ့ ဖခင်ဆီကို အပြေးအလွှားပြန်လည်သွားခဲ့တယ်။
သူရောက်နေတော့ ကလေးနဲ့ ဖခင်ကို ဘေးမှာရှိတဲ့ ဆိုင်ရှင်တွေနဲ့ စားသောက်နေတဲ့သူတွေက ၀ိုင်းဝန်းပြုစုပေးနေတာကို တွေ့လိုက်ရတယ်။ အစ်မ ဘာတွေအော်နေတာလည်း သေချာမကြားလိုက်ဘူး၊ ကျမတို့လည်း ရုတ်တရက်ဆိုတော့ ဘာမှန်းမသိလိုက်ဘူး ခုတော့ ရဲစခန်းကို ဖုန်းဆက်ပေးထားပါတယ်ဟူသော ဘေးဆိုင်ကလူတွေ အပြောကို သူကြားခဲ့ရတယ်။ သူ ကလေးနဲ့ ဖခင်ကို ဆေးရုံသွားပြဖို့ ထွက်ဖို့ပြင်နေတုန်း တာဝန်ရှိသူ ရဲအရာရှိတွေ ရောက်လာပြီး အရေးပေါ်ကုသဆောင်ကို ရဲအရာရှိများ အကူအညီနဲ့ သွားရောက်ခဲ့တယ်။ ရောက်လာတဲ့ ရဲအရာရှိတွေကလည်း လိုအပ်တဲ့ ဆေးဖိုးဝါးခ တစ်ချို့တစ်ဝက်ကို ပေးခဲ့ပြီး သူတို့ကို အိမ်အရောက်လိုက်ပို့ ပေးခဲ့ကြတယ်။ ဆိုလိုချင်တာကတော့ မန္တလေးမြို့အတွင်း ညပိုင်းဆို ရုံးဆင်း အိမ်ပြန်တဲ့ အလုပ်သမားတွေ၊ အဆောင်နေ ကျောင်းသူ ကျောင်းသားတွေ အလွှာပေါင်းစုံက လူမျိုးစုံဟာ ဆိုင်ကယ်တွေနဲ့ ဒီလို သွားလာ လှုပ်ရှားနေရတယ်။ အခုလို လူစည်ကားတဲ့ နေရာတွေမှာတောင် မရှောင်ပဲ ပေါ်ပေါ်ထင်ထင် လုယက်နေတဲ့ သူတွေ များလာတော့ လှုပ်ရှားသွားလာနေတဲ့သူတွေအဖို့ အန္တရာယ်တွေဟာ များစွာရှိလာပါတယ်။ စိုးရိမ် ကြောင့်ကြမှုတွေဟာ တစ်စ တစ်စ တိုးပွားလာရပါပြီ။ ဒီလို လုပ်ရပ်တွေ မရှိအောင် ပြည်သူတွေလည်း လိုချင်ပါပြီ၊ စိုးရိမ်စိတ်အပြည့်နဲ့ သွားလာ နေရတာကိုလည်း မုန်းတီးလာကြပါပြီ။
Sai Tun