သေသေချာချာနက်နက်နဲနဲ စဉ်းစားမိတော့ လက်ရှိနိုင်ငံတော် အကြီးအကဲတွေ၊ ကြံ့ဖွံ့ပါတီက ခေါင်းဆောင်တွေဟာ သူတို့ရဲ့ တာဝန်တွေကို ခက်ခက်ခဲခဲ ထမ်းဆောင်နေရပါလားဆိုတာ တွေးမိရင်း အတော်လေး ဂရုဏာသက်မိသွားပါတယ်။ တကယ်ပါ။ ဒီခေတ်ကြီးမှာ သူတို့လုပ်နေရတာတွေက နအဖခေတ်ကထက်စာရင် အများကြီးခက်ခဲပါတယ်။
ဘာလဲ။ ခင်ဗျားက မယုံဘူးလား။ ခင်ဗျားစဉ်းစားကြည့်လေ။ နအဖခေတ်တုန်းက အတိုက်အခံတွေကို အပုတ်ချချင်ရင် ကြေးမုံတို့၊ မြန်မာ့အလင်းတို့လို သတင်းစာထဲကနေ “စုကြည်မ” “အမျိုးဖျက်မ” “မမစုသို့ပေးစာ” “ဒေါ်အဲလစ်စုကြည် သိနိုင်ပါစေ” စသဖြင့် ချော့တစ်ခါခြောက်တစ်လှည့်နဲ့ ဆောင်းပါးတွေရေးပြီး အပုတ်ချလို့ရတယ်လေ။ ဒါတင်ပဲလားဆိုတော့ ပြည်တွင်းထုတ်ဂျာနယ်တွေထဲမှာလည်း အဲဒီ့ဆောင်းပါးတွေကို မထည့်မနေရဆိုပြီး ထည့်ခိုင်းလို့ရသေးတယ် မဟုတ်လား။ NLD ကိုလည်း “NLD ပါတီ၏ မမှန်ကန်သော လုပ်ရပ်များအား မနှစ်သက်သဖြင့် ပါတီဝင်များနှုတ်ထွက်” ဆိုပြီး သတင်းစာမှာ နေ့စဉ်သတင်းတွေထည့်ပြီး ဖဲ့လို့ရတယ်။ သတင်းစာထဲမှာဆော်ရတာ အားမရလို့ အပြင်မှာ ဆော်ချင်သေးလား။ လမ်းပိတ်ပြီး စွမ်းအားရှင်တွေကို စိမ်ပြေနပြေ ၀ိုင်းရိုက်ခိုင်းလို့ရသေးတယ်။ နောက်မှ သတင်းစာရှင်းလင်းပွဲလေးဘာလေး လုပ်ပြီး လမ်းစဉ် ဘယ်နှရပ် ဘာဘာညာညာနဲ့ နိုင်ငံတကာကို ချပြလိုက်ရင် ပြီးသွားတာပဲ။ ကဲ .. ဘယ်လောက် လွယ်သလဲ။ သတင်းဌာနတွေလည်း ဒီလိုပဲပေါ့။ ဆောင်းပါးတွေနဲ့ရေးပြီးဆော်လိုက်၊ BBC ညာနေသည်၊ VOA လိမ်နေသည်ဆိုပြီး စာလုံးမည်းကြီးတွေနဲ့ထည့်လိုက်နဲ့ လုပ်ချင်သလို လုပ်လို့ရတဲ့ခေတ်ပေါ့ဗျာ။
ဟော … ဒီနေ့ခေတ်ကြီးကျတော့ အဲသလို လုပ်ချင်သလို လုပ်လို့မရတော့ဘူးလေ။ ဟိုကလည်း လွှတ်တော်အမတ် ဖြစ်နေပြီ။ ဒီလိုအချိန်ကြီး သတင်းစာထဲမှာ သူ့ကို မျိုးဖျက်မ၊ စုကြည်မ လို့သွားရေးရင် ဟိုက နှာကစ်သွားမှာပေါ့။ ဟုတ်ဖူးလား။ တော်ကြာ စိတ်ဆိုးပြီး နိုင်ငံတကာကို “ဒီအစိုးရက လိမ်နေတာပါ။ တကဲ့ ဒီမိုကရေစီအစိုးရမဟုတ်ဘူး။ စာဖတ်နေသူကြီးက နောက်ကွယ်က ကြိုးကိုင်နေတာပါ” ဆိုပြီး သွားတိုင်ရင် ဘယ်နှယ့်လုပ်မလဲ။ နိုင်ငံတကာက ဘဏ်စာရင်းတွေ ပြန်ပိတ်၊ Black List တွေပြန်ထည့်၊ ပိတ်ဆို့မှုတွေပြန်လုပ်နေရင် မခက်ပေဘူးလား။ အဲသလိုဆို သမ်မဒကြီးတွေ၊ လွှတ်တော်ငှက်ကထကြီးတွေကိုလည်း အမေရိက ကအလည်ခေါ်တော့မှာ မဟုတ်ဘူး။ သတင်းဌာနတွေလည်း ဒီလိုပဲလေ။ အရင်လို စာလုံးအမည်းကြီးတွေနဲ့ လိမ်နေသည်၊ ညာနေသည် ဆိုပြီး လွယ်လွယ်ကူကူလုပ်လို့ရတဲ့ခေတ်မဟုတ်တော့ဘူး။
ဒီတော့ ဒေါ်စုကိုလည်း အရင်လို အပုတ်ချလို့ရအောင်၊ NLD ကိုလည်း အရင်လို ဖဲ့လို့ရအောင်၊ သတင်းဌာနတွေကိုလည်း အရင်လို လိမ်နေသည်၊ ညာနေသည် လို့ စွပ်စွဲလို့ရအောင် တခြားနည်းလမ်းတွေ ကြံဆရတော့တာပေါ့ဗျာ။ တခြားနည်းလမ်းတွေကလည်း လွယ်တော့ မလွယ်ဘူးဗျို့။ ဇာတ်လမ်းကလည်း ကြမ်းတယ်။ ဇာတ်ပို့ဇာတ်ရံတွေကလည်း များတယ်။ ဇာတ်လမ်းထဲမှာလည်း မီးလောင်တာတွေ၊ လူသတ်တာတွေ၊ ကလေးမွေးတာ၊ ယောကျာ်းမိန်းမယူတာတွေ ပါတာပေါ့ဗျာ။ ကြည့်နေတဲ့ ပရိသတ်တွေကလည်း တက်တခေါက်ခေါက် ဖြစ်သူဖြစ်၊ ဆဲသူဆဲ၊ မျက်ရည်ရွှဲသူရွှဲပေါ့ဗျာ။ အခုက အရင်လို အပုတ်ချနေရုံနဲ့လည်း မပြီးသေးဘူးဗျ။ ၂၀၁၅ ဇာတ်သိမ်းခန်းမှာ လှဖို့လည်း ကြိုးစားရသေးတယ်။ ပင်ပန်းတယ် ခက်ခဲတယ်ဆိုပေမဲ့ အောင်မြင်သင့်သလောက်တော့ အောင်မြင်ပါတယ်။ မဆိုးပါဘူး။
အဲဒါကြောင့် ကျွန်တော်ပြောတာပေါ့။ ဒီခေတ်က ခေါင်းဆောင်တွေက နအဖခေတ်ထက် ပိုပြီး ခက်ခဲတဲ့တာဝန်တွေကို လုပ်နေရတာပါလို့။
(မိုးဇေညိမ်း)