
ဖွံ့ဖြိုးမှု နောက်ကျနေသော မြန်မာနိုင်ငံဆက်သွယ်ရေး လုပ်ငန်းကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် အတွက် ပြည်ပ လုပ်ငန်း ရှင်များအား တင်ဒါခေါ်ယူခဲ့ရာတွင် နောက်ဆုံးအဆင့်အနေဖြင့် ကာတာအခြေစိုက် Oreedoo (Qtell) ကုမ္ပဏီနှင့် နော်ဝေနိုင်ငံ အခြေစိုက် Telenor ကုမ္ပဏီတို့မှ တင်ဒါအောင်မြင်သွားခဲ့ကြောင်း တယ်လီကွန်း အော်ပရေတာ တင်ဒါအကဲဖြတ်ရေးနှင့် ရွေးချယ်ရေးကော်မတီ၏ ဇွန်လ ၂၇ ရက်နေ့သတင်းထုတ်ပြန် ချက်အရ သိရသည်။
အဆိုပါ ဆက်သွယ်ရေးလုပ်ငန်းဝန်ဆောင်မှု တင်ဒါအောင်မြင်သွားသော ဆက်သွယ်ရေးကုမဏီနှစ်ခုတို့မှာ ပြည်တွင်း ဈေးကွက်တွင် တယ်လီဖုန်းအော်ပရေတာ ၀န်ဆောင်မှုလုပ်ငန်းများကို ၂၀၁၄ ခုနှစ် မေလနောက် ပိုင်းတွင်စတင်မည်ဖြစ် ကြောင်း ယင်းကုမ္ပဏီများမှ ထုတ်ပြန်ကြေငြာခဲ့သည်။ ထို့အပြင် အကြောင်းအမျိုးမျိုး ကြောင့် တင်ဒါအောင်မြင်သော်ကုမ္ပဏီ များ လုပ်ဆောင်ခြင်းမပြုနိုင်ပါက အရံအနေဖြင့် ပြင်သစ်အခြေစိုက် Orange နှင့် Marubeni ကော်ပိုရေးရှင်းပူးတွဲ်ကုမ္ပဏီကို အရန်အဖြစ် ရွေးချယ်ထားကြောင်း တင်ဒါအကဲဖြတ်ရေးနှင့် ရွေးချယ်ရေး ကော်မတီ၏ ထုတ်ပြန်ချက်တွင် ပါရှိ သည်။ ထို့ပြင် ဆက်သွယ်ရေးဆိုင်ရာ ဥပဒေများကို လွှတ်တော်တွင် အတည်ပြုမှသာ အဆိုပါဆက်သွယ်ရေးလိုင်စင်ရ ကုမ္ပဏီများကို လိုင်စင် များ တရားဝင်ချပေးမည် ဖြစ်ကြောင်းလည်း သိရသည်။
တင်ဒါအောင်မြင်သွားသော Telenor Group သည် နော်ဝေအစိုးရမှ ၅၄ ရာခိုင်နှုန်းပိုင်ဆိုင်ခြင်းဖြစ်ပြီး လက်ရှိအချိန် တွင် ထိုင်း၊ အိန္ဒိယ၊ ပါကစ်စ္စတန်၊ ဘင်္ဂါလားဒေ့ရှ်၊ မလေးရှား၊ နော်ဝေ၊ ဆွီဒင်၊ မွန်တီနီဂရို၊ ဒိန်းမတ်၊ ဟန် ဂေရီ၊ ဆားဘီးယား အစရှိသောနိုင်ငံများတွင် ဆက်သွယ်ရေးဝန်ဆောင်မှုများ ပေးလျက်ရှိပြီး ယင်းဝန်ဆောင်မှု ကို သုံးစွဲသူအရေ အတွက် ၂၁၄ သန်းရှိပြီး ကမ္ဘာပေါ်တွင် ကိုးခုမြောက် အကြီးဆုံးဆက်သွယ်ရေး ကုမဏီဖြစ် ကြောင်း သိရသည်။ အဆိုပါ Telenor အနေဖြင့် မြန်မာ့ ဆက်သွယ်ရေးကဏ္ဍကို ကမ္ဘာ့အဆင့်မီဖြစ်စေရန် HSPA နှင့်LTE နည်းပညာများဖြင့် ငါးနှစ်အတွင်း မိုဘိုင်းကွန်ရက်ကို တစ်နိုင်ငံလုံး ဖြန့်ကြက်နိုင်ရန် စီစဉ်ထားကြောင်း သိရသည်။
“မြန်မာနိုင်ငံရဲ့ ဆက်သွယ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့ အစွမ်းကုန် ထောက်ပံ့ဖို့ ရှိပါတယ်။ ကျွန်တော်တို့ဟာ အာရှဈေး ကွက်ငါးခုမှာ ဦးဆောင်နေရပြီး ဒီကနေ့ ထုတ်ပြန်ချက်ကတော့ အာရှ ဒေသတလျှောက် Telenor ရဲ့ စဉ်ဆက်မပြတ်အောင်မြင် နေတဲ့ လွယ်ကူချောမွေ့တဲ့ မိုဘိုင်းဆက်သွယ်ရေး ဝန်ဆောင်မှု မဟာဗျူဟာကို မီးမောင်း ထိုးပြလိုက်ခြင်းလည်းဖြစ်ပါတယ်။ ကျွန်တော်တို့ ဟာ အစိုးရအပါအဝင်၊ မြန်မာနိုင်ငံရဲ့ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုမှာ အဓိက အခန်းကဏ္ဍမှာ ပါဝင်နေတဲ့ ဆက် သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးမှာ မြန်မာပြည်သူများနဲ့ပါ လက်တွဲလုပ်ဆောင်သွားမှာ ဖြစ်ပါတယ်” ဟုTelenor Group ၏ အာရှရေးရာ အကြီးအကဲလည်းဖြစ်၊ ဒုဥက္ကဋ္ဌလည်းဖြစ်သည့် Jon Fredrik Bakaas က မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး ကဏ္ဍ တွင် လုပ်ကိုင်ခွင့် လိုင်စင်ရရှိခဲ့ခြင်း အပေါ်ပြောကြားသွားခဲ့သည်။
ထို့အတူ မြန်မာနိုင်ငံဆက်သွယ်ရေးလုပ်ငန်းလိုင်စင်ရရှိခဲ့သော ကာတာနိုင်ငံ အခြေစိုက် Ooredoo မှာလည်း လက်ရှိ အချိန်တွင် ကာတာ၊ အိုမန်၊ အင်ဒိုနီးရှား၊ အီရတ်၊ ကူဝိတ်၊ အယ်ဂျီးရီးယား၊တူနီးရှား အစရှိသော နိုင်ငံများ၏ ဆက်သွယ်ရေး အော်ပရေတာ လုပ်ငန်းများတွင် ၀န်ဆောင်မှုပေးလျက်ရှိပြီး အသုံးပြုသူ ၉၁ သန်းရှိ နေကြောင်း သိရသည်။ Ooredoo အနေဖြင့် တင်ဒါမကြေညာခင်က အခြားကုမဏီများကဲ့သို့ရှေ့ဆက်လုပ်ကိုင်မည့် လမ်းစဉ်များကို ရှင်းလင်းပြောကြားခြင်းမရှိ သော်လည်း ၎င်းတို့တင်ဒါအောင်မြင်ကြောင်း ကြေငြာချက် ထွက်ရှိပြီး နာရီပိုင်းအတွင်း ၎င်းတို့ Ooredoo အနေဖြင့် အလုပ် အကိုင် အခွင့်အလမ်းများစွာဖန်တီးပေးမည်ဖြစ်သည့် အပြင် ၎င်းနှင့်ဆက်စပ်နေသော အရောင်းမြှင့်တင်ရေး၊ ကုန်ပစ္စည်းဖြန့်ချီ ရေး၊ ၀န်ဆောင်မှုလုပ်ငန်း စသော နယ်ပယ်များတွင်လည်း အလုပ်အကိုင်အခွင့်အလမ်းများစွာ ဖန်တီးပေးမည်ဖြစ်ကြောင်း ကြေငြာချက်ထုတ်ပြန်ခဲ့သည်။
“Ooredoo အနေနဲ့ မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေးကွန်ရက် ပိုမိုကောင်းမွန်စေဖို့အတွက် အာဆီယံဒေသအတွင်းမှာ ရရှိခဲ့တဲ့ အတွေ့အကြုံတွေကို ယူဆောင်လာမှာပါ။ Ooredoo ဟာဆက်သွယ်ရေး ကွန်ရက်တွေကို အသုံးပြုရလွယ်ကူအောင်၊ အသုံးပြုသူတွေ အဆင်ပြေအောင် လူသားတွေရဲ့လူမှု ဘ၀တွေကို တိုးတက်မြင့်မားအောင်း ဆောင်ရွက်ပေးမှာဖြစ်လို့ မြန်မာ နိုင်ငံဟာ Ooredoo ရဲ့အဓိကဈေးကွက် ဖြစ်လာမယ် လို့ အကြွင်းမဲ့ယုံကြည်ပါတယ်” ဟု Ooredoo ၏ ဥက္ကဋ္ဌ Mr.Sheikh Abdullah Bin Mohammed Bin Saud Al- Thani မှ ပြောသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ၂၀၁၃ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း မိုဘိုင်းလ်ဖုန်းလိုင်း သုံးဆယ့်ကိုးသန်း ငါးသိန်းကို ချပေးရမည်ဖြစ်ကြောင်း ညွှန်ကြားထားပြီး ၂၀၁၃-၁၄ တွင်လိုင်း ၁၀ သန်း၊ ၂၀၁၄-၁၅ တွင် လိုင်း ၁၄ သန်း၊ ၂၀၁၅-၁၆ တွင် ၁၅ ဒဿမ ၅ သန်းအထိ ပြည့်မီအောင်ဆောင်ရွက်ရန် စီမံချက်ရှိသောကြောင့် ယခုလိုင်စင်ရရှိသော ပြည်ပကုမဏီနှစ်ခုအပါအ၀င် ပြည်တွင်းရှိ Myanmar Telecom နှင့် ရတနာပုံဆက်သွယ်ရေးကုမဏီတို့မှ အဆိုပါ ရည်မှန်းချက်များနှင့် ပြည့်မီအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။
Yangon chronicle