
လိုင်စင်ရရှိခဲ့သော ကုမ္ပဏီနှစ်ခု အနေဖြင့် တင်ဒါကော်မတီသို့ တင်ပြထားသော လိုအပ်ချက်များကို ရက် ၁၀၀ အတွင်း ပြည့်မီအောင် မဆောင်ရွက်နိုင်ပါက အစားထိုးရန် အသင့်ရှိနေပြီး အလုံးစုံပြင်ဆင်ပြီး ဖြစ်ကာ စတင်လုပ်ကိုင်ရန်လည်း အဆင့်သင့်ဖြစ်နေပြီဖြစ်ကြောင်း ကုမ္ပဏီက ဆိုသည်။
ထို့ပြင် Orange ကုမ္ပဏီ အရန်အဖြစ်ဖြင့် ပါဝင်လာသည်ကို ပြည်သူလူထုအနေဖြင့်လည်း ဝမ်းသာအားရရှိကြောင်း သိရသည်။ “Orange ကုမ္ပဏီ ဟာ သူ့ရဲ့ ကွန်ယက် ကြီးကျယ်မှုကလည်း ကမ္ဘာ့ ဆယ်ဆလောက် ရှိတယ်။ နည်းပညာအဆင့် မြင့်မားမှုမှာလည်း ကမ္ဘာ့ အဆင့် ၃ ရရှိထားတယ်။ နောက်ပြီး မြန်မာ့ မိုဘိုင်းလုပ်ငန်းတွေကိုလည်း 3G၊ 4G စနစ်တွေနဲ့ စတင် လုပ်ကိုင်ပေးသွားမယ်ဆိုတော့ သူ့ကို အရမ်းပဲ ရရှိစေချင်ခဲ့တာ။ အရန်အော်ပရေတာအဖြစ် ပါဝင်လာတာ သိရတော့ အရမ်းပဲ ဝမ်းသာပါတယ်”ဟု နည်းပညာတက္ကသိုလ်ကျောင်းသား တစ်ဦးက ပြောကြားသည်။
ယခုအခါ Orange ကုမ္ပဏီသည် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း (MPT) နှင့် အတူတကွ ပူးပေါင်းကာ MPT ၏ ရှိရင်း စွဲ လေလှိုင်း ဆက်သွယ်မှုများနှင့် ကမ္ဘာ့နိုင်ငံပေါင်း များစွာရှိ နိုင်ငံတကာ လေလှိုင်းဆက်သွယ်မှုများကို အပြန်အလှန်သယ် ဆောင် အသုံးပြုနိုင်သော စနစ် (International Roaming) ကို တည်ဆောက်နိုင်ရန် စီစဉ်နေသည်ဟု သိရသည်။
မြန်မာနိုင်ငံတွင် နိုင်ငံတကာက စိတ်ဝင်စားနေသည့် ဆက်သွယ်ရေးလုပ်ငန်း လုပ်ကိုင်ခွင့် တင်ဒါဝင်ရောက် ယှဉ်ပြိုင် မှုတွင် နော်ဝေအစိုးရနှင့် ပတ်သက်မှုရှိသော Telenor နှင့် ကာတာအစိုးရပိုင် Q Tel ကုမ္ပဏီတို့ကို ရွေးချယ်ခဲ့ကြောင်း ပြည် ထောင်စု မြန်မာနိုင်ငံတော် အစိုးရ ဆက်သွယ်ရေးအော်ပရေတာ တင်ဒါခေါ်ယူခြင်းနှင့် ရွေးချယ်ရေးကော်မတီက ဇွန်လ ၂၇ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။
အဆိုပါ ပြင်သစ်အခြေစိုက် ဆက်သွယ်ရေးကုမ္ပဏီ Orange သည် ဂျပန် Marubeni ကော်ပိုရေးရှင်း နှင့် ပူးတွဲ ကုမ္ပဏီ တည်ထောင်၍ မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးအော်ပရေတာ လိုင်စင်ကို ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး လိုင်စင်ရရှိထား သော ကုမ္ပဏီများ အကြောင်းအမျိုးမျိုးကြောင့် လုပ်ငန်းတာဝန်များကို မထမ်းဆောင်နိုင်ပါက အစားထိုးရန်အတွက် တတိယ မြောက် ကုမ္ပဏီအနေဖြင့် အရန်နေရာတွင် ရွေးချယ်ခံထားရသည်။ ဆက်သွယ်ရေးတင်ဒါ ရွေးချယ်မှုနှင့် ပတ်သက်၍ Telenor ကုမ္ပဏီ ကို ပြည်သူများက အားရဝမ်းသာ လက်ခံမှုရှိသော်လည်း Q Tel ကုမ္ပဏီ နှင့် ပတ်သက်၍မူ ပြည်သူများအကြား၌ ဝေဖန်မှုများ ရှိနေသည်ကို တွေ့ရသည်။
yangon chronicle