ဘားအံ ဖေဖော်ဝါရီ (၁၈)
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဇွဲကပင် တောင်ပေါ်မှ ဖေဖော်ဝါရီလ (၁၇)ရက်နေ့၊ ည (၇) နာရီခန့်တွင် ဇွဲကပင် တောင်ထိပ်ပေါ်မှ နိုင်ငံခြားသား တစ်ဦး ပြုတ်ကျမှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
နိုင်ငံခြားသား တစ်ဦး ဇွဲကပင်တောင် အမြင့်ဆုံးနေရာ ပေပေါင်း (၂၇၃၀) ကျော် မြင့်သည့် ဓမ္မစေတီနေရာမှ ပြုတ်ကျခြင်း ဖြစ်ပြီး အောက်ဖက် တွင် ချောက်ကမ်းပါးသာ ရှိနေကြောင်း ဇွဲကပင်တောင်တွင် လုပ်အားပေးနေသူ တစ်ဦးထံမှ သိရသည်။ နိုင်ငံခြားသားတစ်ဦး ပြုတ်ကျမှု အား ရဲတပ်ဖွဲ့နှင့် လူမှုရေး အဖွဲ့များက လိုက်လံ ရှာဖွေနေကြောင်း၊ ကရင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကြည်လင်းက ပြုတ်ကျသော နိုင်ငံခြားသားမှာ အမျိုးသား တစ်ဦး ဖြစ်ကြောင်း သိထားပြီး မည်သည့် နိုင်ငံသားမှန်း အတည် မပြုနိုင်သေးဘဲ တောင်အောက် နေရာများတွင် ရှာဖွေနေကြောင်း ပြောသည်။
ယနေ့ (ဖေဖော်ဝါရီ ၁၈ ရက်) နေ့လယ် (၁၁) နာရီကျော် အထိ ပြန်မတွေ့သေးပဲ ဇွဲကပင်တောင် အနီးနေသူများက ပြုတ်ကျ သည့် နေရာ အောက်ဖက်တွင် ချောက်ကမ်းပါးသာ ရှိ၍ အသက်ရှင်ရန် အခွင့်အရေး နည်းကြောင်း သုံးသပ်နေကြ ကြောင်းနှင့် ညနေပိုင်းအထိ မှန်ပြောင်း အကူအညီဖြင့်သာ အလောင်းဟု ထင်မြင် ယူဆရသော ပုံသဏ္ဍာန်အား တွေ့ရှိပြီး ဖြစ်သဖြင့် တောင်အောက်သို့ ဆင်း၍ သယ်ယူနိုင်ရေး ဆက်လက် ဆောင်ရွက်လျှက် ရှိကြောင်း ကနဦး သိရသည်။
ခရိုင်(ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/