ကလေး၊မတ် ၁၀။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ ရာဇဂြိုလ်ကျေးရွာအနီးတွင် တည်ဆောက်ထားသည့် ရာဇဂြိုလ်ဆည်ရေလှောင်တမံ၏ လယ်မြေများကို ရေပေးဝေရန်နှင့်လျှပ်စစ်ဓာတ်အားထုတ်လုပ်ရန် ရေထွက်ပေါက်ပွင့်သွားပြီဖြစ်ကြောင်း သတင်းရရှိသည်။
အဆိုပါရေထွက်ပေါက်သည် ၂၀၁၅ခုနှစ်တွင် ကလေးမြို့ ၏ သမိုင်းဝင်ရေဘေးပြီးနောက် ပိတ်ဆို့ခဲ့ခြင်း ဖြစ်သည်။
"အကုန်တော့မပြောင်သေးဘူးပေါ့ ရေထွက်ပေါက်၊ရေထွက်ပြွန်ကပေါ့အတိုင်းအတာတစ်ခု တစ်ဝက်လောက်ပွင့်သွားပြီ လျှပ်စစ်ထုတ်ဖို့ ပိုက်လိုင်းကို သွားတဲ့ဟာပါ။ အဲဒီကနေလျှပ်စစ်ရုံထဲကို တန်းသွားပြီးတော့ လယ်မြေတွေအတွက် မြောင်းထဲသွားမှာပါ။ ၂၅၀ကြူဆက်ကျော် ရေထွက်နေပြီဆိုတော့ စိုက်ပျိုးရေအတွက်တော့ လုံလောက်ပြီ။ လျှပ်စစ်ဓာတ်အားထုတ်ဖို့ကတော့ ၄၀၀ကြူဆက်ကျော်ရေထွက်မှစက်နှစ်လုံးလုံး လည်ပတ်လို့ရမှာပါ။ အခုဟာက ရေအားလျှပ်စစ် စက်တစ်လုံးစာပဲ အဆင်ပြေသေးတယ်"ဟု ရာဇဂြိုလ်ဆည်မှတာဝန် ရှိသူ ကိုထွန်းထွန်းကပြောကြားသည်။
နုန်းစုပ်စက် ၆လုံး၊လေမှုတ်စက်၂လုံး ဖြင့် သဘာဝဘေးပြီးနောက် ရေငုပ်သမားများဖြင့်ဆယ်ခြင်း၊လေမှုတ်စက်များ၊နုန်းစုပ်စက်များဖြင့်ရေတံခါးဖွင့်နိုင်အောင်ကြိုးစားခဲ့ကြကြောင်း သိရသည်။
ရာဇဂြိုလ်ဆည် ရေတံခါးရှေ့မှာပိတ်နေတဲ့အမှိုက်တွေ၊နုန်းတွေ ဆယ်ယူမှုတစ်လျောက်တွင် ဆယ်လိုက်ပိတ်လိုက်ဖြင့် မတ်လ ၉ရက် ညနေပိုင်းမှ ၅၀%ကျော်ခန့် ရေထွက်ပေါက်ပွင့်လာခြင်းဖြစ်ကြောင်း သိရသည်။
ရာဇဂြိုလ်ဆည်ရေအားလျှပ်စစ်ဓာတ်အားစက်ရုံမှ လျှပ်စစ်အားထုတ်လုပ်ရန် ရေ ၄၀၀ကြူစက် ထိလိုအပ်ပြီး၊ယခုရေထွက်ပေါက်ပွင့်လာပြီးနောက် လျှပ်စစ်ဓာတ်အားထုတ်ရန် ပညာရှင်များလာရောက်၍ စမ်းသပ်နေပြီဖြစ်ကြောင်း သိရသည်။
စည်သူထွန်း
Central News Myanmar
https://www.facebook.com/CNMyanmar/