အစ္စလာမ္မစ်နိုင်ငံ အမည်ခံ အိုင်အက်စ် စစ်သွေးကြွ ခေါင်းဆောင် အဘူ ဘက်ခါ အယ်လ် ဘဂ္ဂဒါဒီဟာ မိုဆူးလ်မြို့ စစ်မြေပြင်ကို စွန့်ခွာပြီး သဲကန္တာရထဲမှာ ပုန်းအောင်းနေပြီ၊ ကိုယ်လွတ်ရုန်းဖို့ ဦးတည်သွားပြီလို့ ယုံကြည်ရကြောင်း အမေရိကန်နဲ့ အီရတ်အရာရှိ သတင်းရင်းမြစ်တွေက ပြောပါတယ်။
အိုင်အက်စ်တွေကို အုပ်ချုပ်တဲ့ အကြမ်းဖက်ခေါင်းဆောင် ဘယ်ရောက်နေတယ်ဆိုတာ အတည်ပြုဖို့တော့ မဖြစ်နိုင်သေးပါဘူး။
သူဟာ ၂၀၁၄မှာ အီရတ်မြောက်ပိုင်းကို သိမ်းပိုက်အပြီး မိုဆူးလ်မြို့ရဲ့ ဗလီကြီးကနေ မွတ်စလင် အားလုံးကို အုပ်ချုပ်သူအဖြစ် ကြေညာခဲ့သူပါ။
မိုဆူးလ်မြို့ ပိုင်နက်ကို ဆုံးရှုံးအပြီး အုပ်စုခေါင်းဆောင်နဲ့ တရားဝင် အဆက်အသွယ် မရှိတော့တာဟာ သူမြို့ကို စွန့်သွားလို့ဖြစ်ကြောင်း အမေရိကန်နဲ့ အီရတ် ထောက်လှမ်းရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။
မိုဆူးလ်ဟာ အိုင်အက်စ်တပ်ဖွဲ့ကြီးရဲ့ တပ်စွဲရာ ဗဟိုနေရာပါ။ သူဟာ စောင့်ကြည့်လို့ရတဲ့ ဘယ်လိုဆက်သွယ်ရေး နည်းလမ်းကိုမဆို မသုံးသလောက် ရှားပါးပြီး ၂၄ နာရီအတွင်း တချိန်လုံး အကြိမ်ပေါင်းများစွာ ရွေ့လျားနေသူ ဖြစ်တယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
သူ့ကို နောက်ယောင်ခံလိုက်ဖို့ အားထုတ်မှုတွေအရ သူဟာ ကန္တာရထဲက ရွာတွေမှာ နေတဲ့ အရပ်သားတွေကြားမှာ များသောအားဖြင့် ပုန်းအောင်းနေတယ်လို့ ယုံကြည်ကြကြောင်း သတင်းရင်းမြစ်က ဆိုပါတယ်။
DVB TV News