Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ခောတ်ဆိုးမင်းတုန်းကြီးချကာတောင်ပံချိုးပါနဲ့လေ ဒီမိုအစိုးရကြီး ဒေါင်ဒေါင်မြည်ပါစေ

$
0
0
တောင်ပံကျိုးပုံပြင်

ပြန်ကြားရေးဝန်ကြီးဌာနက ပုံနှိပ်နဲ့ထုတ်ဝေခြင်း ဥပဒေမူကြမ်းကို ဘယ်သူမှ အသိမပေးပဲ လွှတ်တော်မှာ တင်လိုက်တာ တွေ့လိုက်ရတယ်။ အဲဒီအပေါ်မှာ စာနယ်ဇင်းသမားတွေရဲ့ ကန့်ကွက်သံတွေဟာ ဆူပွတ်စွာ တသောသော တညံညံ စီလာခဲ့တယ်။ အဲဒီလို အသံတွေ တစီစီဖြစ်လာတော့ ငယ်ငယ်က ဖတ်ဖူးတဲ့ ပုံပြင်လေးကိုတောင် အမှတ်ရမိသွားတယ်။ လွတ်လပ်ခွင့်ကို တပ်မက်တဲ့ ကြက်တူရွေးလေးနဲ့ အာဏာရှင် သူဠေးရဲ့ လှောင်အိမ်ဇာတ်လမ်းကလေးဟာ မျက်စိထဲ တဖျတ်ဖျတ် ပုံရိပ်ပေါ်လာတယ်။ ယနေ့ စာနယ်ဇင်းလွတ်လပ်ခွင့်နဲ့အတူ နိုင်ငံတကာအဆင့်မီ အတားအဆီးမဲ့ ကောင်းကင်ယံမှာ တောင်ပံဖြန့်ကျက်ဖို့ တောင်ပံဝင့်ဖို့ ဟန်ပြင်နေတဲ့ မြန်မာ့စာနယ်ဇင်းသမားတွေရဲ့အဖြစ်ဟာ ပုံပြင်ကလေးထဲက ကြက်တူရွေးလို လှောင်အိမ်အပြင်ရောက်ပေမယ့် အတောင်ပံ ချိုးခံရတော့မယ်။

တစ်ခါက သူဠေးကြီးတစ်ဦးဆီမှာ ရွှေလှောင်အိမ်လေးနဲ့ အသေအချာထည့်ပြီး မွေးထားတဲ့ ရွှေဂဲလို့ ခေါ်တဲ့ ကြက်တူရွေးလေး တစ်ကောင် ရှိတယ်။ တစ်နေ့ သူဠေးကြီးက သူခရီးသွားခါနီး အိမ်မှာရှိတဲ့ မိသားစုဝင်တစ်ဦးချင်းစီကို အပြန်လက်ဆောင် ဘာမှာကြဦးမလဲလို့ တလှည့်စီ မေးလေတယ်။ နောက်ဆုံး ရွှေလှောင်အိမ်ကလေးထဲက ရွှေဂဲကလေးကိုလည်း လောကွတ်အနေနဲ့ သူဠေးကြီးက ဘာမှာဦးမလဲလို့ မေးပြန်တယ်။ ကြက်တူရွေးလေး ကိုရွှေဂဲက တောလမ်းခရီးရဲ့ အလယ်လောက်မှာရှိတဲ့ ညောင်မုတ်ဆိတ်ပင်ကြီးက သူ့သူငယ်ချင်းတွေကို သူအကျဉ်းကျနေကြောင်း သတိရပါကြောင်း သူဠေးကြီးကတစ်ဆင့် စကားပါးခွင့် တောင်းတယ်။ သူဠေးကြီးကလည်း သဘောတူစွာ ခေါင်းညိတ်ပြီး ကတိပေးလို့ ခရီးထွက်ခဲ့တယ်။

အတောင်ချိုးထားနှင့်လေပြီ

အပြန်ညောင်မုတ်ဆိတ်ပင်ရှေ့ရောက်တဲ့အခါ ညောင်ပင်ပေါ်မှာ ပြွတ်သိပ်အနားယူနေကြတဲ့ ရွှေဂဲသူငယ်ချင်းတွေကို သူဠေးကြီးက ကတိအတိုင်း အမှာစကားပါးလိုက်တယ်။ သူဠေးကြီးရဲ့ စကားအဆုံးမှာ အံ့သြစရာကောင်းလောက်အောင် ကြွက်တူရွေး တွေအားလုံး အပင်ပေါ်ကနေ မြေကြီးပေါ် တဖျုတ်ဖျုတ်ပြုတ်ကြပြီး သေဆုံးသွားကြတာ တွေ့လိုက်ရတယ်။ အိမ်ပြန်ရောက်လို့ သူဠေးကြီးက စိတ်မကောင်းစွာနဲ့ ရွှေဂဲထံ အဖြစ်အပျက်အလုံးစုံကို သတင်းပါးလိုက်တဲ့အခါ ရွှေဂဲတစ်ကောင်လည်း လှောင်အိမ်တန်း ကလေးပေါ်ကနေ ဖျုတ်ဆို ဂုတ်ကလေးကျိုးပြီး သေဆုံးသွားတာ ရုတ်တရက် ထပ်မံ တွေ့လိုက်ရပြန်တယ်။ အဲဒါနဲ့ သူဠေးကြီးလည်း ရွှေဂဲကို လှောင်အိမ်ထဲကထုတ်၊ အိမ်ပြင်က မြေမြင်ပေါ်မှာ အသာလေးချထားပြီး ကြက်သေသေကာ ငေးနေမိတယ်။ အဲဒီအခါ ရွှေဂဲက တောင်ပံတဖျတ်ဖျတ်ခတ်ရင်း ဆတ်ခနဲ ကုန်းရုန်းထလေတယ်။

ပြီးတော့ "ဒီမှာ သူဠေးကြီး၊ ကျုပ်သူငယ်ချင်းတွေက ခင်ဗျားကြီးရဲ့ အာဏာလှောင်အိမ်ထဲကနေလွတ်မြောက်ဖို့ဆိုရင် သေချင်ယောင်ဆောင်မှ ဖြစ်မယ်ဆိုတဲ့ နည်းလမ်းပေးလိုက်တာပဲ ဖြစ်တယ်။ အခု ကျုပ်ဟာ အောင်မြင်စွာနဲ့ ခင်ဗျားကို အပြီးတိုင် စွန့်ခွာသွားရတော့မယ်။ လွတ်လပ်တဲ့ကောင်းကင်ကြီးတစ်လျှောက် ကျုပ်တောင်ပံတွေဆန့်ခွင့်ရလို့ ခင်ဗျားကို ကျေးဇူးတင်ပါတယ်။ နှုတ်ဆက်ပါတယ် ကိုယ့်လူရေ" လို့ လှမ်းအော်ပြောရင်း ကျလိ ကျလိ နဲ့ အားပါးတရ ရယ်လေတယ်။ တကယ့်ကို ဟန်အပြည့်နဲ့ မြေပြင်ကနေ အားယူပြီး တဟုန်ထိုး ထပျံတော့တယ်။ ရွှေဂဲဟာ သူ့ရဲ့တောင်ပံနှစ်ခုကို အားကုန်ခတ်ပြီး ဖလတ် ဖလတ် မြည်သံနဲ့အတူ ထပြီးပျံလိုက်တိုင်း လူတစ်ရပ်အမြင့်လောက်ရောက်ရင် ဘုတ်ခနဲ မြေကြီးပေါ် အကြိမ်ကြိမ် ပြုတ်ကျလာလေ့ရှိတယ်။ သူဠေးကြီးကတော့ ပါးစပ်က ကြုံးဝါးလိုက်၊ ဖလတ်ဖလတ်နဲ့ အားယူပျံလိုက်၊ တဘုတ်ဘုတ်ပြုတ်ကျလိုက်နဲ့ အလုပ်ရှုပ်နေတဲ့ ရွှေဂဲကို မျက်မှောင် အသာလေးကျုတ်ရင်း ဘာမှမပြောနိုင်ပဲ အစအဆုံး ဆက်ပြီးငေးနေမိတယ်။ ကြိမ်ဖန်များစွာ ပျံလိုက် ပြုတ်ကျလိုက်ဖြစ်နေတဲ့ ရွှေဂဲတစ်ကောင် အချိန်ကြာလာတာတော့ နာလည်းနာ မောလည်းမောလာတဲအဆုံးမှာ မျက်နှာချိုလေးနဲ့ "သူဠေးကြီး နေကန်းတယ်နော်" ဆိုပြီး အိမ်ထဲက ရွှေလှောင်အိမ်ထဲ ပြန်ရောက်သွားလေတယ်။


လှောင်အိမ်ထဲမှ ရုန်းကန်သံ

စစ်အာဏာရှင်ခေတ်ကြီးကနေ အမွေဆက်ခံပေါက်ဖွားလာတဲ့ ဦးသိန်းစိန်အစိုးရဟာ တိုင်းပြည်ရဲ့ ဒီမိုကရေစီအသွင် ကူးပြောင်းရေး ကို ရှေ့သို့သာ ဦးတည်ပြီး ဆက်လက်ဖော်ဆောင်နေတယ်လို့ အလျှင်းသင့်သလို ထုတ်ဖော်ပြောကြားလေ့ရှိတယ်။ ပြည်သူက ရွေးကောက် တင်မြှောက်ထားတဲ့ ဒီမိုကရေစီ ဘိသိတ်သွန်း ဒေါင်ဒေါင်မြည် အစိုးရဖြစ်ပါကြောင်းလည်း သမ္မတက မကြာခဏ လောဆော်လေ့ရှိသလို တစ်ချိန်တည်းမှာပဲ အစိုးရသက်တမ်း ထက်ဝက်ကျော်ကာလအတွင်း ပြောင်းလဲမှုလေးတွေ အတော်အတန် သိသိသာသာ လုပ်ပြလာတာ ကြောင့် ကမ္ဘာကြီးရဲ့ မျက်စိကျ အာရုံစိုက်မှုကို ခံခဲ့ရတယ်။ အထူးသဖြင့် ဒီမိုကရေစီရဲ့ အနှစ်သာရတစ်ခုဖြစ်တဲ့ စာနယ်ဇင်းလွတ်လပ်ခွင့် အပေါ် အနည်းငယ်ပြောင်းလဲ လှုပ်ရှားမှု ပြုလုပ်လိုက်တဲ့အပေါ် များစွာ စိတ်ဝင်စားခဲ့ကြတယ်။

အမှန်တော့ အဲဒီအနည်းငယ်ပြောင်းလဲလှုပ်ရှားမှုဆိုတာဟာလည်း အစိုးရရဲ့ စာနယ်ဇင်းလွတ်လပ်ခွင့်ကို ထိန်းချုပ်ဖိနှိပ်ဆုပ်ကိုင် ထားတဲ့ လက်သီးဆုပ် ကျစ်ကျစ်ညစ်ညစ်ကြီးထဲကနေ တစ်ဆင့်ချင်း စာနယ်ဇင်းသမားတွေက အတင်းရုန်းကန်တိုက်ပွဲဝင်ခဲ့ကြလို့ပဲ ဖြစ် တယ်။ မြန်မာပြည်ရဲ့ စာနယ်ဇင်းလွတ်လပ်ခွင့်ဟာ အနှစ်ငါးဆယ်ကျော် စစ်အာဏာရှင်တို့ရဲ့ လှောင်အိမ်ကြီးထဲမှာ ဆုတ်သုဉ်းခဲ့ရတယ်။ အစိုးရရဲ့ နေ့စဉ်မှတ်တမ်းလွှာ၊ ဘုန်းတော်ဘွဲ့အရောင်တင်သတင်းတွေနဲ့ အာဏာတည်မြဲရေးဒေါက်တိုင်သဖွယ် ဖြစ်နေတဲ့ သတင်းစာတွေပဲ ရှိရာကနေ လူထုအသံကို ကိုယ်စားပြုတဲ့ သတင်းစာတွေ ထုတ်ဝေခွင့် ပြုလာရတယ်။ စာပေစိစစ်ရေးဆိုတဲ့ ပြည်သူ့နား၊ မျက်စိကို အပင်းဆို့ နေတဲ့ အဖွဲ့ဆိုးကြီးကို ဖျက်ပေးခဲ့ရတယ်။ စာနယ်ဇင်းအဝိုင်းအဝန်းက အသိမှတ်ပြုတဲ့ ယာယီစာနယ်ဇင်းကောင်စီ အစရှိတာတွေ မြင်လာခဲ့ ရတယ်။

ရွှေဂဲတောင်ပံချိုးတော့မည်

အခုလို ဒီမိုကရေစီခေတ်ပြောင်းနောက်ခံတီးလုံးနဲ့ လှောင်အိမ်ကြီးဖွင့်ပြီးကာမှ စာနယ်ဇင်းသမားတွေကို လွတ်လွတ်လပ်လပ် မပျံသန်းနိုင်အောင် ရွှေဂဲအတော်ချိုးဥပဒေကို အတည်ပြုဖို့ ကြိုးစားနေတာ အင်မတန်သိက္ခာမဲ့လှတယ်။ "ပုံနှိပ်နှင့်ထုတ်ဝေခြင်း ဥပဒေမူကြမ်း" ဆိုတာ လက်တွေ့မှာ ပြန်ကြားရေးဝန်ကြီးဌာနက မင်းကြိုက်၊ စိုးကြိုက် စည်းကမ်းချက်တွေနဲ့ စာနယ်ဇင်းတွေကို မျက်စိ ထောက်ဒေါက် စောင့်ကြပ်ဒဏ်ပေးဖို့အတွက် တရားဝင် သားသတ်လိုင်စင်တင်သလို ဖြစ်နေတယ်။ ယာယီစာနယ်ဇင်းကောင်စီနဲ့ သဘောတူညီယူပြီးမှ ပြန်ဆွေးနွေးအသိမပေးပဲ သူတို့စိတ်ကြိုက်ရေးချင်ရာရေးပြီး လွှတ်တော်ထဲ အတည်ပြုဖို့ တင်သွင်းတာဟာ ပြန်ကြားရေးရဲ့ မရိုးသားတဲ့ အကောက်ဥာဏ်ကို လှစ်ခနဲ ဖော်ပြလိုက်တာပဲ ဖြစ်တယ်။

သတင်းနည်းပညာနဲ့အတူ တဟုန်ထိုး တိုးတက်ပြောင်းလဲနေတဲ့ ခေတ်ကြီးမှာ သတင်းမီဒီယာကို ဖိနှိပ်ထိန်းချုပ်ဖို့ ကြိုးစားတာဟာ အင်မတန်မှားတဲ့လုပ်ရပ်တစ်ခုပဲဖြစ်တယ်။ သတင်းစာဟူသည် အသိဥာဏ်ပွင့်လင်းမှုများ စီးဆင်းရာ သန့်စင်ကြည်လင် သော မြစ်ကြီးပမာ ဖြစ်သည် လို့ ကမ္ဘာကျော် သမိုင်းပါရဂူကြီး ပါမောက္ခတွိုင်းဗီး (Prof.A.Toynbee)က ရေးသားဖူးတယ်။ အဲဒီလို နိုင်ငံသားတွေဆီ တစိမ့်စိမ့် စီးဆင်းမယ့် မွန်မြတ်တဲ့ မြစ်သန့်စင်ကြီးကို တမံတုတ်၊ လှောင်ပိတ်ဖို့ ကြိုးစားတဲ့ ဥပဒေမူကြမ်းကို လွှတ်တော်က အတည်ပြု ပေးလိုက် တာလည်း အတော်ကို မနှစ်မြို့ဖွယ်ရာကောင်းတဲ့ ဆုံးဖြတ်ချက်ပဲ ဖြစ်တယ်။ စာနယ်ဇင်းလောက အညှီအဟောက်တွေနဲ့ ပျက်စီးနေပြီလို့ အကြောင်းပြတဲ့ဝန်ကြီးဟာ တကယ်တော့ သူတို့ကိုယ်တိုင် မြစ်သန့်စင်ကြီးကို ညစ်ညမ်း အောင် ရေစီးမကောင်းအောင် လုပ်နေတာပဲ ဖြစ်တယ်။

ခေတ်ဆိုးက စနစ်ဆွေးမင်းတုံးကြီး

ဒါ့ကြောင့် စာနယ်ဇင်းသမားတွေအားလုံးက တညီတညွတ်တည်း ရှုတ်ချကန့်ကွက်နေကြတာပဲ ဖြစ်တယ်။ သမ္မတအနေနဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ် ရောက်နေပါပြီ ဘယ်လောက်ပင် ဆော်သြနေသော်ငြား အစိုးရအဖွဲ့ရဲ့ သိက္ခာမဲ့တဲ့ ခေါက်ရိုးကျိုးမသမာမှု တွေဟာ ဟိုတစ်ခေတ်ကလို မပြောင်းလဲပဲ ရှိနေတာဟာ စိုးရိမ်စရာကောင်းလှတယ်။ ဒီမိုကရေစီရဲ့ အနှစ်သာရဖြစ်တဲ့ စာနယ်ဇင်း လွတ်လပ်ခွင့်ကို ချုပ်ကိုင်ချယ်လှယ်ထားသမျှ အစိုးရရဲ့ ဒီမိုကရေစီအော်သံဟာ အလွန်ရယ်စရာ၊ အော့နှလုံးနာစရာကောင်းတဲ့ ပျက်လုံးကြီး တစ်ခုသဖွယ် ဖြစ်နေဦးမှာပါပဲ။ အရင်စာပေစိစစ်ရေးဆိုတဲ့ လူထုနား အပင်းဆို့စနစ်ကြီးကို လက်တစ်လုံးခြား အရောင်တင်ထားတဲ့ လက်ရှိ ပုံနှိပ်နှင့်ထုတ်ဝေခြင်းဥပဒေမူကြမ်း လုပ်ရပ်ဟာ ရှေ့ကိုလျှောက်သလိုလိုနဲ့ နောက်ပြန်မျှော်တဲ့ လုပ်ရပ်ပဲ ဖြစ်တယ်။

အဲဒီတော့ သမ္မတက နောက်ပြန် မလှည့်ပါဘူးဆိုသော်ငြား အခုလို အများဆန္ဒမပါပဲ ကိုယ်ထင်ရာရေး၊ လိုသလိုလွှတ်တော်တင် အတည်ပြုတဲ့ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ လုပ်ရပ်ဟာ နောက်ကြောင်းပြန် အစခြေလှမ်း ခြေဦးခြေဖျားပဲ ဖြစ်တယ်။ အဲဒီနောက်ကြောင်း ပြန် ခြေဦးကို အများကန့်ကွက်ရှုတ်ချ နေတဲ့ကြားက လှမ်းခွင့်ပြုလိုက်မယ်ဆိုရင်တော့ ကမ္ဘာကရော လူထုကပါ မျှော်တလင့်လင့် စောင့်ကြည့် နားဆင်နေရတဲ့ ဦးသိန်းစိန်အစိုးရ အဖွဲ့ရဲ့ ဒီမိုကရေစီကျူးရင့်သံဟာ လူထုရဲ့ သတင်းသိမှုလွတ်လပ်ခွင့်၊ စာနယ်ဇင်း လွတ်လပ်ခွင့်တံခါးပေါက် တွေကို အလုံပိတ်ဖို့အတွက် ခေတ်ဆိုးက စနစ်ဆွေးမင်းတုံးကြီး ပြန်ချဖို့ ဟန်ပြင် အချက်ပေးသံ အဖြစ် ပြောင်းလဲလာပြီ ဖြစ်ကြောင်း အားပျက်ဖွယ်ရာ ကောက်ချက်ချရတော့မှာပဲ ဖြစ်ပါတယ်။

နေစကြာနိုင်

ရန်ကုန်တိုင်းမ်နေ့စဉ်သတင်းစာ။ ။ အတွဲ(၁)၊အမှတ်(၆၂)။။

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>