အစိုးရတပ်မတော် ခလရ(၁၂၃)မှ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ၏ တပ်မဟာ ၄ နယ်မြေများ အနက် တစ်ခုဖြစ်သော မုန်ဂိုးဒေသ ပန်ဆိုင်း(ကြူကုတ်)မြို့၊ ဖိုင်းကောင်းမြို့အား ချဉ်းကပ်လာမှုကြောင့် KIA တပ်ရင်း (၃၆)နှင့် ဇူလိုင် လ ၂၃ ရက်နေ့တွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“သူတို့က ကျွန်တော်တို့ နေရာယူထားတဲ့စခန်းမှာ တက်လာလို့ ညနေ ၅ နာရီလောက်ထိ တိုက်ပွဲဖြစ်တယ်။ သူတို့က လက်နက်ကြီးတွေနဲ့ ပစ်တယ်။ ကျွန်တော်တို့ဘက်က လက်နက်ပြန်ရဖို့ သူတို့ကို ပြန်ပစ်တာ”ဟု KIA ပြည်သူ့စစ်တပ်ခွဲ ၅ တပ်ရင်းမှူး ဇော်ဆိုင်းက ပြောကြားသည်။
ထို့ပြင် အစိုးရတပ်မတော်မှ KIO ပြည်သူ့စစ်တပ်ဖွဲ့များရှိရာသို့ တပ်စွဲ၍ ချဉ်းကပ်မှုများလည်း ရှိခြင်းကြောင့် ဇူလိုင်လ ၂၄ ရက်နေ့ နံနက်ပိုင်း ၁၁ နာရီခန့်အထိ ပစ်ခတ်မှုများဖြစ်ပွားခဲ့သော်လည်း တိုက်ပွဲများအတွင်း ထိခိုက်ကျဆုံးမှုများ မရှိသေးကြောင်း တပ်ရင်းမှူး ဇော်ဆိုင်းက ဆိုသည်။
အလားတူ တအောင်းလွတ်မြောက်ရေးတပ်မတော်(TNLA) ထိန်းချုပ်နယ်မြေအတွင်းသို့ အစိုးရ၏စစ်တပ်မှထိုးစစ်ဆင် ဝင်ရောက်လာခဲ့သည့်အတွက် မန်တုံမြို့နယ် ပန်ကန်ကျေးရွာအနီးတွင် အစိုးရစစ်တပ်၏ ရှမ်းပြည်မြောက်ပိုင်း နမ့်လန်မြို့ အခြေစိုက် ခမရ (၅၀၆)တပ်ဖွဲ့နှင့် တအောင်း လွတ်မြောက်ရေးတပ်မတော် (TNLA)တို့အကြား ဇူလိုင်လ ၂၃ ရက်နေ့တွင် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“ဖြစ်တာက မန်တုံမြို့နယ် ပန်ကန်ကျေးရွာအနီးမှာ ဖြစ်တာပါ။ ကျနော်တို့(၁၀၁)တပ်ရင်း အဖွဲ့နဲ့ဖြစ်တယ်။ သူတို့က အင်အား (၁၀၀)ကျော်မယ်။ ကျနော်တို့စခန်းကိုတိုက်ဖို့ တက်လာတာကို ကြိုသိထားတော့ သွားစောင့်နေလိုက်ပါတယ်။ သူတို့တက်လာတဲ့ လမ်းကြောင်းတွေမှာပေါ့။ သေသေချာချာ နေရာယူပြီး တစ်နာရီလောက် ပြင်းပြင်းထန်ထန် တိုက်လိုက် တော့ အထိနာပြီး ပြန်ဆုတ် သွားပါတယ်”ဟု TNLA မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါတိုက်ပွဲတွင် အစိုးရစစ်တပ်ဖက်မှ သုံးဦးကျဆုံးခဲ့ပြီး (၆)ဦးဒဏ်ရာရရှိခဲ့သည်ဟု ဒုတိယဗိုလ်မှူးကြီး ပြောကြားချက်အရ သိရပြီး ယခုအခါ အစိုးရတပ်ရင်း(၅၀၆)တပ်ရင်းသည် ယခင်ဆောင်ရွက်နေကျအတိုင်း TNLA တပ်ရင်း၏ မနီးမဝေး (နာရီဝက်ကြာ ခရီး)တွင် တပ်စွဲထားသည်ဟု သိရှိရသည်။
ထိုသို့ တပ်စခန်းချင်း အနီးကပ်ထား၍ တိုက်ခိုက်သည့်စနစ်ကို အသုံးပြုကာ ထိုးစစ်ဆင်နိုင်ရန်အတွက် အစိုးရတပ်များကို တပ်ရင်း(၃၀)ကျော် အင်အား(၇၅၀၀)ခန့်အထိ တိုးချဲ့ထားပြီး အဆိုပါ အင်အားဖြင့် တအောင်းဒေသ၌ ရှိနေသော ကချင် လွတ်လပ်ရေး တပ်မတော် (KIA) ၊ ရှမ်းပြည်တိုးတက်ရေး ပါတီ (SSPP) နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)တပ်ဖွဲ့ များကိုပါ ဆက်လက် တိုက်ခိုက်နေခြင်းဖြစ်သည်ဟု သိရသည်။
TNLA အဖွဲ့သည် အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်မှုအဖွဲ့နှင့် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင်တစ်ကြိမ် တွေ့ဆုံပြီးနောက်ပိုင်း ထပ်မံ တွေ့ဆုံကြခြင်း မရှိတော့ဘဲ လက်ရှိအချိန်အထိ အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရယူထားခြင်း မရှိသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းဖြစ်သော်လည်း KIO/KIA တပ်များနှင့်မူ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယခုအခါ အစိုးရတပ်များသည် တအောင်းဒေသသို့ ရောက်ရှိနေသော TNLA အပါဝင် အပစ်အခတ်ရပ်စဲထားသော KIA ၊ SSPP ၊ RCSS တပ်ဖွဲ့များနှင့်လည်း နေ့စဉ်တိုက်ပွဲငယ်များ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ လက်ရှိအခြေအနေတွင် TNLA ဘက်မှ ငြိမ်းချမ်းရေးအတွက် အပစ်အခတ် ရပ်စဲရေး ကမ်းလှမ်းလာပါက အစိုးရ အနေဖြင့် သဘောတူမည်ဖြစ်ကြောင်း ဗဟိုကော်မတီဝင် ဦးမိုင်းအိုက်ညမ်းက ပြောကြားခဲ့ဖူးကြောင်း သိရသည်။ အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်အမှု အဖွဲ့ကလည်း TNLA အဖွဲ့နှင့် တွေ့ဆုံရန် ကြိုးစားမှုများရှိခဲ့ကြောင်း သိရသည်။
yangon chronicle