
“ဒါက တစ်ဦးတည်းပိုင် မဖြစ်သင့်ဘူး။ နိုင်ငံတော်ပိုင် ဖြစ်သင့်တယ်။ ဘယ်လိုပုံစံနဲ့ ဘယ်မှာအကောင်းဆုံးထားရင် ကောင်းမလဲ ဆိုတာ ဆုံးဖြတ်ရမှာပေါ့။ အန်တီတို့နိုင်ငံရဲ့ ရာသီဥတု အခြေအနေအရ များသောအားဖြင့် ပျက်စီးကြတယ်။ သေသေချာချာ ရေရှည်ခံဖို့ဆိုတာက ကျွမ်းကျင်တဲ့လူတွေနဲ့ လုပ်ယူရမယ့် ကိစ္စ”ဟု ၎င်းက မှတ်ချက်ပြုပြောကြားခဲ့သည်။
ပြီးခဲ့သည့်ဇူလိုင် ၁၉ ရက်နေ့တွင် ရေနံချောင်းသို့ ရောက်ရှိလာသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ယင်းလက်ရေးမူစာအုပ်အား ယူဆောင်သွားသည့်အတွက် ရေနံချောင်း မြို့ခံပြည်သူများက ပြန်လည်ရယူရန် ဇူလိုင်လ ၂၆ ရက်နေ့တွင် ‘ဗိုလ်ချုပ်လက်ရေးမှု ပြန်လည်ရယူရေးကော်မတီ’ဖွဲ့ကာ ကြိုးပမ်းနေကြရာ ယင်းကိစ္စနှင့် ပက်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ရေနံချောင်းမြို့သူမြိုသားများနှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့အကြား နားလည်မှုလွဲနေခြင်းဟု ယူဆကြောင်း ပြောကြားခဲ့သည်။
“ဒါက တကယ်ဆိုရင်တော့ ဟိုဘက်ဒီဘက်နည်းနည်းနားလည်မှုလွဲတယ်လို့ထင်တယ်။ ဦးခင်အောင်မြင့်က ဟိုမှာဒီအတိုင်း ထားတယ်ဆိုရင် ပျက်ဆီးသွားမှာကိုစိုးရိမ်တယ်။ မှန်ပုံးလေးနဲ့ထားတာလေ။ စာရွက်တွေ ကတောင်နည်းနည်းပဲ့နေပြီ။ အန်တီအနေနဲ့ မေးတာက အဲဒါဘယ်လိုယူလာတာလဲ။ ဘယ်ကပေးတာလဲပေါ့။ ဦးဘဖေက ပေးယ်လို့နားလည်တယ်။ အဲဒီိဦးဘဖေလက်ထဲကို ဖေဖေ့ဟာဆိုရင် ဘယ်လိုရောက်လာတာလဲ။ အဲလိုအထောက်အထားတွေတောင်းတော့လည်း ဘယ်သူမှလည်းသိပုံမရဘူး။ ဒါကို ဦးခင်အောင်မြင့်ကလည်း တန်ဖိုးထားပါတယ်။ ရေနံချောင်းကအားလုံးကလည်း တန်ဖိုးထားတယ် ဆိုတာ အန်တီလက်ခံပါတယ်။ ဟိုဘက်ဒီဘက်နားလည်မှုမလွဲဖို့ပဲ။ နှစ်ဖက်စလုံးက ဒါကိုတန်ဖိုးထားပြီး အကောင်းဆုံးဖြစ်အောင် လုပ်ချင်တာပဲ” ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ယင်းလက်ရေးမူမှာ ဗိုလ်ချုပ်၏ လက်ရေးမူ အစစ် ဟုတ်မဟုတ်ကို သမိုင်းအမြင်ဖြင့် စစ်ဆေးရမည် ဖြစ်ပြီး ဗိုလ်ချုပ်၏ လက်ရှိ ရှိနေသော လက်ရေးမူများနှင့် တိုက်ဆိုင် စစ်ဆေးကြည့်ရန် လိုအပ်သည်ဟုလည်း ၎င်းက ဆက်လက်ပြောကြားပါသည်။ ဗိုလ်ချုပ်လက်ရေးမူ ပြန်လည်ရယူရေးကော်မတီကမူ ယင်းစာအုပ်နှင့် ပတ်သက်သည့် ပြည်သူ့ဆန္ဒသဘောထားကို သြဂုတ်လ ၁၀ ရက်နေ့ နောက်ဆုံးထား ကောက်ယူကာ ရရှိသလောက် ကို နိုင်ငံတော်သမ္မတ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် ဒေါ်အောင်ဆန်းစုကြည် တို့ထံ ပေးပို့မည်ဟု ထုတ်ပြန်ကြေညာထားသည်။
Yangon chronicle