ဘယ်နေ့လဲ မမှတ်မိဘူး ။ အချိန်ကတော့ နေ့လည် ၁၂နာရီကျော်ကျော် . . . ဒိုင်း . . . ဒိုင်း . . . ဒိုင်း . . . ၀ုန်း . . .ဒုန်း . . . ပြေး . . . ပြေး . . . အသံတွေ က ငရဲတမျှ ။ ကျောင်းတွေ ပိတ်လိုက်လို့ အိမ်မှာ ညီ အကို ၊ မောင်နှမတွေ အဘရဲ့ စစ်ရေးပြ အတက်နဲ့ ခုတင်အောင် ၀င် ထွက် ၊ ရပ်ရွာအတွင်းက ကာလသား အကို အမကြီးတွေက တုတ်၊ဓား၊လှံတွေ နဲ့ ရပ်ကွက်လုံခြုံရေး ယူနေတာ အားကျပြီး ငှက်ပျောဖတ်ထည့်ပစ်ရတဲ့ လေးခွနဲ့ ကျွန်တော် နဲ့ ကျွန်တော့ အထက်က အမငယ်နဲ့ ကိုယ်စီ အဘ သွန်ပြမှုနဲ့ အတူ ကျန် ဆွေးမျိုး မောင်နှမတွေနဲ့ အလုပ်တွေ ရှုတ်နေ ရတာပေါ့ ။
အမကြီးနဲ့ အမလတ်က အစာငတ်ခံ ဆန္ဒပြတဲ့ကျောင်းသားတွေနဲ့ ကျွန်တော်တို့ ရပ်ကွက်အစ မြောက်ဥက္ကလာ ဂုံးကျော်တံတား အဆင်းက ကျောင်းသားကျောက်တိုင်(၈၈ အရေးအခင်းကာလ ပထမဆုံး နဲ့ နောက်ဆုံး တည်နိင်ခဲ့တဲ့ ကျောင်သားကျောက်တိုင် ။ ပြင်ပလောကမှာ ဖြိုဖျက်ခံခဲ့ရပေမဲ့ ကျွန်တော်တို့ မျိုးဆက် ကျောင်းသား လူငယ်တွေရင်ထဲ မေ့မရသေးတဲ့ ကျောက်တိုင်။) နားမှာ ရှိနေကြတော့ သေနတ်သံတွေ ကြီးစိုးလာလေ ၊ စိုးရိမ်မှုတွေ တိုးလာလေလေ ။
အမေ နဲ့ အဖေက အမတွေကို သွားခေါ်ကြတယ် ။ ကျောင်းသား အချို့ပါလာတယ် ။
သွေးစက်တွေက မြင်မကောင်းအောင် . . . ရင်ဘက် မှန်ထားတဲ့ အကိုကျောင်းသားတစ်ယောက်က
လက်မောင်းမှန်ထားတဲ့ ကျောင်းသားတစ်ယောက်ကို တွဲရင်း နှစ်သိမ့်နေတယ် ။
ဟေ့ကောင် အားတင်ထားစမ်းပါကွ ၊ ငါ အလံကိုင်ပြီး ရှေ့ကတက်နေတာ ရင်ဘက်ကို သေနက်ထိထားတယ် ။ ဒါပေမဲ့ ငါတို့ ယုံကြည်ချက်ကို ခုထိ အထိမခံရသေးဘူးကွ ။ မင်း လက်မောင်းက ဒဏ်ရာတွေက ပျောက်သွားမှာပါ ။ အေး ဒဏ်ရာတွေကို ကျောင်းသားတွေ ရစေခဲ့တယ် ဆိုတဲ့ သမိုင်းက ဘယ်တော့မှ ပျောက်မှာ မဟုတ်ဘူး ။ မင်းကမှ ပျော့ညံ့နေရင် ညီငယ် ညီမငယ်တွေ အားလျော့မယ် ။ တင်းထားစမ်းပါ ။ ငါစကား သိပ်ပြောလို့ မကောင်းတော့လို့ပါဆိုပြီး မှေးသွားတယ် ။ မိဘတွေက ဆရာဝန်သွားခေါ်ပြီး အိမ်မှာ ဆေးကုကြတယ် ။ သေလောက်တဲ့ နေရာတွေကို မထိလို့ ဒဏ်ရာသက်သာတာနဲ့ ဒေါင်းအလံတွေကိုဆွဲပြီး အိမ်ကနေ မိဘများနဲ့ ဆရာဝန်ကို ရိုသေစွာ ကတော့လို့ ဖြိုဖျက်ခံရတဲ့ ကျောင်းသားကျောက်တိုင်မှာ သေဆုံးသွားသူတွေနဲ့ နိင်ငံအ၀ှမ်းက ကျောင်းသား ကျောင်းသူ ရဟန်းရှင်လူ အပေါင်းအတွက် တရားမျှတတဲ့ အခွင့်အရေးတွေရဖို့ စနစ်ဆိုးကို ဆက်လက် တော်လှန်ဖို့ ခွင့်ပြုပါဆိုပြီး ထွက်သွားကြတယ် ။
ကျွန်တော် စကားတွေကို အဲဒီအချိန်ကကြားယုံကြားပြီး ခံစားနိင်သမျှသာ ခံစားတက်တာမို့ . . .
ငှက်ပျောလေးခွကိုင်ပြီး အိမ်ခေါင်မိုးပေါ်ပြေးတက်လိုက်တယ် ။ ငှက်ပျောဖက်နဲ့ ပစ်တာတောင် ထိတဲ့ အကွာအဝေးက လေယာဉ်ကို သဲသဲမဲမဲ လိုက်ပစ်နေတယ် ။ မငယ်ကလဲ တောက်တစ်ခေါက်ခေါက် ၊ အဘက ကျွန်တော်တို့ နှစ်ယောက်လုံးကို ထိန်းပြီး ခုတင်အောက် အ၀င်အထွက်ကို သေနက်သံတွေရဲ့ စည်းချက်နဲ့ အညီ ပြန်လည်လုပ်ရတော့တာပါပဲ ။ ပြီးတော့လဲ အရာရာ မေ့ပျောက် ပျော်သလိုနေခဲ့တဲ့ အချိန်တွေ က ဘ၀ရဲ့ နှစ်(၂၀)ကျော်ထိပါပဲ ။ ၂၀၀၇ သံဃာလှုပ်ရှားမှုက ငုတ်နေတဲ့ သိစိတ်တွေကို တပ်လှန့်နိုးလိုက်လို့ ကျွန်တော် အိပ်ယာက နိုး လာရတာပါ။
အရာရာကို မမှတ်မိတော့ပေမဲ့ ရင်ဘက်မှန်တဲ့ အကိုရဲ့ လက်မောင်းဒဏ်ရာနဲ့ အကို ကို အားပေးနေတဲ့ စကားတွေ ၊ လွှင့်ထူသွားတဲ့ ဒေါင်းအလံ ၊ ပြီးတော့ ကျောင်းသား ကျောက်တိုင် ၊ နောက် ဂုံးတံတားအောက် တိုင်တွေမှာ ရေးဆွဲခဲ့တဲ့ ဒီစာတန်းလေး . . . ARMY – GUN = PEOPLES
ဒါတွေကတော့ ရင်ထဲမှာ စွဲနေခဲ့တယ် ။ စနစ်ဆိုးတဲ့ ဘာဆိုတာ အဲဒီတုန်းက သေချာမသိပေမဲ့..
ခု အဲဒီ အကိုတွေ ၊ အမတွေ ဘယ်သူဆိုတာလဲ မသိဘူး ။ တွေ့ရင်လဲ မှတ်မိမှာ မဟုတ်ဘူး ။
သေသလား ၊ ရှင်သလားလဲ မသိဘူး ။ ဒါပေမဲ့ သူတို့ အသက်သွင်းခဲ့တဲ့ စနစ်ဆိုးကို တော်လှန်ရမယ် ဆိုတဲ့ မျိုးစေ့လေး ကျွန်တော့ရင်ထဲ ရှင်သန်နေခဲ့ပြီ ။ ဒေါင်းအလံကို တန်ဖိုးထားချစ်စိတ် ရှင်သန်နေ ခဲ့ပြီ ။ ကျောက်သားကျောက်တိုင်ကို အသက်သွင်းလိုစိတ် ရှင်သန်နေခဲ့ပြီ ။ ပြီးတော့ ညီငယ် ညီမငယ် ကျောင်းသား ကျောင်းသူတွေအတွက် ဒဏ်ရာကို မေ့ပြီး ဦးဆောင်နိင်ရမယ်ဆိုတဲ့ စိတ် အနည်းငယ်မွေးနိင်ခဲ့ပြီ ။
ဒီလို အကြောင်းတွေနဲ့ ဇာတ်လမ်းတွေဟာ မြို့ရွာတိုင်းမှာ ဖြစ်ခဲ့မှာပါ ။ အဲဒီတော့ မြို့ရွာတိုင်းမှာ မျိုးစေ့တွေ ရှိကြမှာပါ ။ အပင်ပေါက်နေကြမှာပါ ။ အပင်ပေါက်ဖို့ အားယူနေကြမှာပါ ။
ကျွန်တော်တို့ကရော ဘယ်လိုမျိုးစေ့တွေ ချန်ထားခဲ့နိင်မလဲ ။ ၈၈၈၈ အရေးအခင်း ထက် ၈၈၈၈ တုန်းက ရဟန်း ၊ ရှင်လူ ကျောင်းသား ကျောင်းသူ ၊ ပြည်သူလူထုရဲ့ မတရားမှုကို အုန်တု အုံကြွဝံ့တဲ့ သခင်စိတ်တွေကို ပိုသတိရမိတယ် ။ အဲဒီမျိုးစေ့တွေကို နိင်သမျှ ချနိင်ဖို့ ကြိုးစားရင်း အကို အမတွေရဲ့ မြင် ကြား မှုတွေကနေ သင်ယူခဲ့ရတာတွေကို လေးစားအသိအမှတ်ပြု ရေးသား
အပ်ပါသည် ။
မှတ်ချက် ။ ။ သေဆုံးသွားပြီဖြစ်တဲ့ ကိုအေးကြည်ကို သတိရစိတ်တွေကြောင့် ၈၈ နဲ့ ကိုအေးကြည်ဆိုတာ ခွဲမရတာမို့ ကိုအေးကြည်ပုံကို ပြန်တင်လိုက်ပါတယ် ။ သူလည်း အညတရ ၈၈ မြောက်ဥက္ကလာရဲ့ ကျောင်းသားလူငယ်တစ်ယောက် အဖြစ် အဲဒီအချိန်က ပါဝင်ခဲ့သူပါပဲ ။
လေးစားလျှက်
ရန်ကုန် ပြည်သူ့အကျိုးဆောင် ကွန်ရက်