Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ဒီစကား--ဒေါ်အောင်ဆန်းစုကြည်

$
0
0
ဒီအပတ်ဆိုရင် ရှစ်လေးလုံးအရေးတော်ပုံကြီးရဲ့ ငွေရတုဖြစ်တဲ့ ၂၅နှစ် မြောက်ချိန်ကို ရောက်ရှိပါပြီ။ ဒီအရေးတော်ပုံကြီး ကစခဲ့တဲ့ နိုင်ငံရေးဖြစ်စဉ် ကြီးကို ကျွန်မရဲ့ ကိုယ်ပိုင်အတွေ့အကြုံအရ သုံးသပ်ကြည့်ချင်ပါတယ်။ လှည်းနေ၊ လှေအောင်း၊ မြင်းဇောင်းမကျန်လို့ ကြွေးကြော်နိုင်လောက်အောင် ပြည်သူ ပြည်သားများပါဝင်ခဲ့တဲ့ တော်လှန်ရေး လှုပ်ရှားမှုကြီး လို့ ပြောနိုင်ပါတယ်။ ဒီမှာ တော်လှန်ရေးကို အဓိပ္ပါယ်ဖေါ်ရမယ်ဆိုရင်၊ ကြီးမားတဲ့ ၃၆၀ ဒီဂရီ လည်သမျှလောက် ထိရောက်တဲ့ အပြောင်းအလဲလို့ပဲ ပြောချင်ပါတယ်။ ၈.၈.၈၈ အရေးတော်ပုံကို အကြောင်းပြုပြီး နိုင်ငံရေးလောကထဲ ၀င်ရောက်လာခဲ့တဲ့ ပုဂ္ဂိုလ်တွေ အနေနဲ့ ခံယူချက် အသီးသီးရှိကြပါလိမ့်မယ်။ အပြောင်းအလဲကို လိုလား သူချည်းပါပဲလို့ ယူဆနိုင်ပါတယ်။ ဒါပေမဲ့ ဘယ်လို အပြောင်းအလဲကို လိုချင်ကြတယ်ဆိုတာ ကတော့ တစ်ဦးနဲ့တစ်ဦး တူညီကြမှာ မဟုတ်ပါဘူး။

ကျွန်မအနေနဲ့ ၁၉၈၈ ခုနှစ်စပြီး နိုင်ငံရေးလောကထဲ ပါဝင်ခဲ့တယ်လို့ ဆိုရပေမဲ့၊ နိုင်ငံရေးလောကနဲ့ မကင်းတာတာကတော့ မွေးကတည်းကပါပဲ။ အိမ်မှာ အမြဲမပြတ် အ၀င်အထွက်ရှိနေတဲ့ အသိမိတ်ဆွေတွေထဲမှာ ၀ါဒပေါင်းစုံ၊ လူမျိုးပေါင်းစုံ၊ လူမျိုးပေါင်းစုံ၊ ကိုးကွယ်တဲ့ဘာသာပေါင်းစုံမှ ဖြစ်ကြတဲ့ နိုင်ငံရေးနဲ့ ဆက်စပ်နေသူ အများအပြားပါဝင်ပါတယ်။ အစိုးရအဖွဲ့ဝင်များ၊ တပ်မတော်အရာရှိများနဲ့အတူ၊ အစိုးရကို အတိုက်အခံပြုနေတဲ့ ပါတီအဖွဲ့ဝင်တွေကိုပါ သိရှိခွင့်ရခဲ့ပါတယ်။ တစ်ဖက်နဲ့တစ်ဖက် ဝေဖန်ပြောဆိုကြတာ ရှိရုံမက ထိုအချိန်က လက်နက်ကိုင်တိုက်ခိုက်နေတဲ့ အဖွဲ့တွေကို ထောက်ခံတဲ့ ပုဂ္ဂိုလ်တွေနဲ့ အစိုးရအဖွဲ့ဝင်တွေတွေ့တဲ့အခါ ရယ်သလိုမောသလိုနဲ့ စကားစစ်ထိုးပွဲတွေ ဆင်တာကိုလည်း တွေ့ခဲ့ကြားခဲ့ရပါတယ်။ ဒီနိုင်ငံ ရေးလောကသားတွေအထဲမှာ ဖေဖေသက်ရှိထင်ရှားရှိစဉ်က ဖေဖေနဲ့ ဖေဖေ့ရဲ့ ဖ.ဆ.ပ.လ ပါတီကို အတိုက်အခံ ပြုခဲ့သူများလည်း ပါပါတယ်။ မေမေရဲ့ သွန်သင်မှုအရ ကျွန်မ နားလည်ခဲ့တာကတော့ ဖေဖေဟာ အမျိုးသားခေါင်းဆောင်ကြီး ဖြစ်တဲ့အလျောက် သဘောထားကြီး၊ သည်းခံရမဲ့ တာဝန်ကို ကျွန်မတို့ မိသားစုက ဆက်လက် ထမ်းဆောင်ရမယ် ဆိုတာပါပဲ။

၁၉၈၈ အရေးတော်ပုံကို အကြောင်းပြုပြီး၊ နိုင်ငံရေးထဲပါဝင်လိုက်တဲ့ အခါမှာ နိုင်ငံရေးကို ဘယ်လိုမူတွေအရ လုပ်သွားမလဲ၊ တော်လှန်ရေးကြီးဟာ ကျွန်မတို့ နိုင်ငံကို ဘယ်ကိုပို့ဆောင် စေချင်သလဲဆိုတာတွေ စဉ်းစားရပါတယ်။ တစ်နည်း ပြောရမယ်ဆိုရင်၊ အနာဂတ် ပြည်ထောင်စု မြန်မာနိုင်ငံတော်နဲ့ စပ်လျဉ်းလို့ Vision ရှိရမယ်လို့ ယုံကြည်ခဲ့ပါတယ်။ “Vision” ကိုမြန်မာဘာသာနဲ့ ပြည့်စုံအောင် ပြောရမယ်ဆိုရင်၊ စိတ်ကူးဉာဏ် (စိတ်ကူးယဉ်မှုမဟုတ်ပါ) ကို အခြေခံတဲ့ မြော်မြင်အိပ်မက်ပဲ ဖြစ်ပါတယ်။

နိုင်ငံရေး လုပ်ဆောင်ရာမှာ လက်ကိုင်ပြုရမဲ့မူ အနေနဲ့တော့ ကျွန်မရိုးရိုးပဲ မြင်ပါတယ်။ ပြည်သူတွေကို မသေချာတဲ့ ကတိက၀တ်တွေ မပေးရဘူး၊ မလှည့်ဖြားရဘူး၊ ဒါကြောင့် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေ ရရှိဖို့အတွက် ကျွန်မအတတ်နိုင်ဆုံး လုပ်ပါမယ်ဆိုတဲ့ ကတိတစ်ခုသာပြုခဲ့ပါတယ်။ ကျွန်မ မြော်မြင်အိပ်မက်တဲ့ နိုင်ငံကတော့ သွေးစည်းညီညွတ်တဲ့၊ အေးချမ်းတိုးတက်တဲ့ နိုင်ငံပါ။

ဒါကြောင့် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးနဲ့ အတူ အမျိုးသားရင်ကြားစေ့ရေးကို ရှေ့တန်းတင်ခဲ့တာပါပဲ။ ၁၉၈၈တုန်းက အမျိုးသားရင်ကြားစေ့ရေး ဆိုတာမှာ တပ်မတော်နဲ့ ပြည်သူအကြားရင်ကြားစေ့ရေးဟာ အလွန်အရေးပါတယ်ဆိုတာ အားလုံးက လက်ခံခဲ့ကြပါတယ်။ အခုတော့ ဒါကိုမေ့သူတွေလည်း မေ့သွားကြပြီလား မသိဘူး။ ပထမဦးဆုံး အများပြည်သူကို ကျွန်မပြောခဲ့တဲ့ မိန့်ခွန်းမှာပါတဲ့ အတိုင်း တပ်မတော်အပေါ် မေတ္တာရှိကြောင်း ယခုလည်း ပြောတာကို မနှစ်သက်သူတွေ ရှိပါတယ်။ လွှတ်တော်အတွင်း၊ လွှတ်တော်အပြင်၊ တတ်နိုင်သမျှ နိုင်ငံ့အကျိုး ရှေ့ထားပြီး ပူးပေါင်းဆောင်ရွက်တာကို မကြိုက်သူတွေရှိသလို၊ သမ္မတ ဦးဆောင်တဲ့ အစိုးရအဖွဲ့ကို ဝေဖန်တာကို သဘောမကျသူတွေကလည်း ရှိပါသေးတယ်။

ဒါတွေအားလုံးဟာ တော်လှန်ရေး၊ တည်ဆောက်ရေးနဲ့ ပတ်သက်တဲ့ အမြင်တွေ၊ အတိုက်အခံ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ အမြင်တွေ ကွဲလွဲတာအပေါ်မှာ အခြေခံတယ်ထင်ပါတယ်။ ကျွန်မကတော့ တော်လှန်ရေးဆိုတာ တည်ဆောက်ရေးကာလကို ဦးတည်သွားနိုင်ရမယ်။ အမျိုးသားရင်ကြားစေ့ရေးပန်းတိုင်ကို မျက်ချေပြတ်လို့ မဖြစ်ဘူး။ အတိုက်အခံဆိုတာ တိုက်ရင်တိုက်၊ မတိုက်ရင်ခံဆိုတဲ့ သဘောမဟုတ်ဘဲ၊ နိုင်ငံရေးအရ ဆန့်ကျင်သင့်တာကို ဒီမိုကရေစီလုပ်ထုံးလုပ်နည်းဘောင်အတွင်းက ဆန့်ကျင်ရဲရသလို၊ ပူးပေါင်းဆောင်ရွက်သင့်တယ်ထင်ရင် ပူးပေါင်းဆောင်ရွက်ရမယ်လို့ ယုံကြည်ပါတယ်။ ခြုံငုံပြောရရင် ကျွန်မတို့ ပြည်သူ ပြည်သားအများစုဟာ လုံခြုံမှုနဲ့ လွတ်လပ်မှုကို အာမခံနိုင်တဲ့ နိုင်ငံရေးစနစ်ကို ငြိမ်းချမ်းတဲ့နည်းနဲ့ ရယူတည်ဆောက်ချင်တယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ ကျွန်မ ၈.၈.၈၈ အရေးတော်ပုံထဲ ပါခဲ့တာပါ။

ဒီတစ်ပတ်တော့ ဒီမျှသာ။ ။

အောင်ဆန်းစုကြည်

ရေးသားဖော်ပြပေးတဲ့မေတ္တာရိပ် အားကျေးဇူးတင်ရှိပါတယ်..

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>