Quantcast
Viewing all articles
Browse latest Browse all 32865

“အားဖြည့်ကူညီ ငွေရတုဆီ”

၂ဝ၁၃ ခုနှစ်၊ သြဂုတ်လ၊ ၈ရက်နေ့တွင် ကျရောက်သော (၂၅)နှစ်မြောက် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ ငွေရတုအခမ်းအနားကြီးသို့ တက်ရောက်ရန် နာရေးကူညီမှုအသင်း (ရန်ကုန်)သို့ ဖိတ်ကြားခဲ့ပါသည်။ သို့သော် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဥက္ကဌဦးကျော်သူသည် အယူသည်းမှု တိုက်ဖျက်ရန်အတွက် ဟောပြောရန် နယ်မြို့များသို့ သွားရောက်၍ ခရီးထွက်လျက် ရှိသဖြင့် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ ငွေရတုအခမ်းအနားအား မတတ်ရောက်နိုင်ခဲ့ပေ။ သို့ပါသော်လည်း နာရေးကူညီမှုအသင်း(ရန်ကုန်)မှအရေးပေါ် ကယ်ဆယ်ရေးအဖွဲ့ဝင်များဖြစ်ကြသော အသင်းသား/သူများ၊ အလုပ်အမှုဆောင်များမှ အရေးပေါ် လူနာတင်ယာဉ်တစ်စီးဖြင့် (MCC) မြန်မာကွန်ဗင်းရှင်းစင်တာ၊ မင်းဓမ္မလမ်း၊ မရန်းကုန်းမြို့နယ်တွင် ပြုလုပ်သည့် ရှစ်လေးလုံးဒီမိုကရေစီ အရေးတော်ပုံ ငွေရတုအခမ်းအနားသို့ သွားရောက်၍ အချိန်မရွေးကူညီပေးနိုင်ရန်အတွက် အခမ်းအနားစတင်သည့်ရက် ၆.၈.၂ဝ၁၃ ရက်နေ့မှစ၍ ၈.၈.၂ဝ၁၃ ရက်နေထိ ကူညီပေးလျှက် ရှိပါသည်။

ငွေရတုအခမ်းအနားသို့ ပြည်တွင်း၊ ပြည်ပရှိတိုင်းရင်းသား ညီအစ်ကို၊ မောင်နှမများ၊ ဒီမိုကရေစီအင်အားစုများအားလုံး တွေ့ဆုံညှိနှိုင်းဆွေးနွေးရန်အတွက် နယ်မြို့များမှ တက်ရောက်လာ ကြသော ပြည်သူအပေါင်းတို့အား ဆေးကုသပေးခြင်း ကဏ္ဍတစ်ခုတွင် နာရေးကူညီမှုအသင်း (ရန်ကုန်)၏ အရေးပေါ်ကြက်ခြေနီအဖွဲ့မှ လုပ်အားနှင့် လူနာတင်ယာဉ် ပါဝင်ကူညီပေးခဲ့သည်။ ခရီးဝေးမှ လာရောက်ကြသောသူများ၏ ခရီးပန်းခြင်း၊ အခမ်းအနား တက်ရောက်စဉ် မောပန်းခြင်း၊ ချွေးထွက်ခြင်း၊ မူးဝေခြင်း၊ မအီမသာဖြစ်ခြင်းစသည်တို့အား မိုင်းဆတ်မှ Dr.ဒေါ်ခင်သန်းအေး (၈၈မျိုးဆက်)၊ NLD(ကျန်းမာရေးကွန်ယက်)၊ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့(၃)ဖွဲ့ပူးပေါင်းကာ ကုသပေးခဲ့သည်။ ၆.၈.၂ဝ၁၃ရက်နေ့တွင် လူနာ(၈၀)ကျော်၊ ၇.၈.၂ဝ၁၃ရက်နေ့တွင် လူနာ(၉၀)ကျော်၊ ၈.၈.၂ဝ၁၃ ရက်နေ့တွင် လူနာ(၁၄၀)ကျော်တို့အား (အခမဲ့) ကုသပေးခဲ့ကြသည်။

အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ ဆိုသော်လည်း အရေးပေါ်ကိစ္စများ မရှိခင်ချိန်များတွင်၊ ဆေးကူစပ်ပေးခြင်း၊ ဓါတ်ဆားရေများဖျော်ပေးခြင်း၊ လိုအပ်သောဆေးဝါးများအား ပြင်ပသို့ထွက်၍ ဝယ်ပေးခြင်းများအားဝိုင်းဝန်းကူညီ လုပ်ဆောင်ပေးခဲ့သည်။ ထိုသို့ ကူညီမှုပြုနေစဉ် ၈.၈.၂ဝ၁၃ ရက်နေ့ ငွေရတုအခမ်းအနားနောက်ဆုံးရက်တွင် အရေးပေါ် လမ်းကြောင်း(၂)ကြောင်းအား မြောက်ဥက္ကလာပ ဆေးရုံနှင့် ဇီဝိတဒါန သံဃာဆေးရုံသို့ ကူညီပို့ဆောင်ဖေးကူခဲ့ပါသည်။

၈.၈.၂၀၁၃ရက်နေ့ နေ့လည်(၁)နာရီအချိန်ခန့်တွင် ပုံမှန်ဆေးဝါး ကုသပေးနေချိန် ကြံခင်းမြို့နယ်မှ ဒေါ်ကျင်သိန်း အသက်(၅၆)နှစ်သည် စိတ်ရောဂါအနည်းငယ် ခံစားနေရသူတစ်ဦး ဖြစ်ပြီး သူမ၏အစ်ကိုနှင့်အတူ မောင်နှစ်မနှစ်ယောက် ပွဲသို့ လာရောက်ခဲ့စဉ် ခရီးပန်း၍ အစာမစားနိုင် ဘဲ ရောဂါအခံဖြင့် လွန်စွာအားနည်းနေသဖြင့် မြောက်ဥက္ကလာပဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။ ဒေါ်ကျင်သိန်းအား နာရေးကူညီမှုအသင်း(ရန်ကုန်)၏ လူနာတင်ယာဉ်နှင့်အတူ ရှစ်လေးလုံးမှ တာဝန်ရှိသူများ လိုက်ပါ လာခဲ့ပြီလိုအပ်သော ငွေကြေးများအား ထောက်ပံ့ကူညီပေးခဲ့သည်။

ဒေါ်ကျင်သိန်းအား ပို့ဆောင်ကူညီခဲ့ပြီး ညနေ (၄)နာရီအချိန်တွင် ဆေးခန်းပြသသော ဦးပဉ္ဇင်း ဦးဥတ္တမ (ဗဟန်းကျောင်း) သက်တော် (၃၆)နှစ်သည် ဆီးချို(၅ဝဝ)ထိ့ တက်နေပြီး စိုးရိမ်ရသည့် အခြေအနေကြောင့် ဇီဝိတဒါန သံဃာဆေးရုံသို့ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ပို့ဆောင်ကူညီ ပေးခဲ့သည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)သည် အများပြည်သူတို့၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေး ရန်အသင့်ရှိပါသည်။ ထို့ကြောင့် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အရေးပေါ်ကယ်ဆယ်ရေး အဖွဲ့ဝင်များအနေဖြင့် မိဘပြည်သူတို့၏ ဘေးအန္တရာယ် အခက်အခဲများကို ကူညီရန် အသင့်အနေ အထားဖြင့် ရှိနေသလို မိဘပြည်သူအပေါင်းတို့အနေဖြင့်လည်း မိမိတို့၏ပါတ်ဝန်းကျင် တွင် မီးဘေး၊ ရေဘေးနှင့် ကျန်းမာရေး အခြေအနေများ ဖြစ်ပေါ်လာလျှင် လူနာတင်ယာဉ် လိုအပ်လာပါက နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့၏ ဖုန်း(ဝ၉ ၃၁ ၃၃၃၂၇၃)သို့ ဆက်သွယ်နိုင်ကြပါကြောင်း အသိပေးအပ်ပါသည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)


Viewing all articles
Browse latest Browse all 32865


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>