(၁)
ပန်းပုထုခြင်း
လူကလေးဟာ
ရွံ့ တစ်ဆုပ် လက်နဲ့ နယ်
အရုပ်လုပ်မယ်တဲ့။
တောင်တန်းကြီးတွေပေါ် မျှော်ကြည့်တော့
အရုပ်ကြီး လေးရုပ်က ဘွားကနဲ
ဓါး လှံတွေ ကိုင်စွဲလို့ 
မြစ်ရေထဲ ငုံ့ ကြည့်တော့
ဒီအရုပ်ကြီးလေးရုပ်ပဲ မားမားကြီး
သံလျက်၊ လေး၊ မြှားတွေနဲ့ ။
ဒီလိုနဲ့  ကလေးဟာ၊ ရှေ့ နောက်ဝဲယာ
အရပ်ရှစ်မျက်နှာ လှည့်ကြည့်တော့
အရုပ်ကြီးတွေကပတ်ချာလည်
အသံနက်ကြီးတွေနဲ့ အော်တယ်။
သူရဲကောင်းဆိုတာ စစ်ဘုရင်ကွ
သူရဲကောင်းဆိုတာ လက်နက်နဲ့ကွ
သူရဲကောင်းဆိုတာ စစ်တိုက် ကို တိုက်ရတယ်ကွ၊၊
အဲဒီလို အရုပ်ကြီးတွေ
ပတ်ချာလှည့်အော်တော့
လူကလေးခမျာ မျက်စိလည်တယ်။
အသံနက်ကြီးတွေ ဆူညံတော့
လူကလေးနားတွေအူတယ်။
သူရဲကောင်းဆိုတာ မသနားရဘူးကွ
သူရဲကောင်းဆိုတာ မျက်ရည် မကျရဘူးကွ
အသံနက်ကြီးတွေက ပဲ့တင်ထပ်နေတယ်။
သနားတတ်လို့  သူရဲကောင်း မဖြစ်စတမ်းဆိုရင်
လူကလေး ဘယ်တော့မှ
သူရဲကောင်း မဖြစ်ချင်တော့ဘူး။
အားငယ်ပြီး ခေါင်းငိုက်ချတော့
မြေပြင်ပဲ တွေ့ ရတယ်
သွေးကွက်တွေနဲ့  ပြတ်ရှလို့။
အသက်ပြင်းပြင်း အားတင်းရှုပြီး
ခေါင်းမော့ကြည့်တော့ ကောင်းကင်ပြာစင်
ဒေါင်းအလံတင်နေတယ်။
အဲဒီမှာ
ချိုးငှက်ကလေးတွေ
ဝင်လာတာကိုမြင်ပါသတဲ့။
ဆရာကြီး ဒဂုန်တာရာ၏ မွေးနေ့တွင် ရွတ်ဆိုသည်။