၂၅ နှစ်ပြည့် ရှစ်လေးလုံး အရေးတော်ပုံအခမ်းအနားကျင်းပရေး သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်ခဲ့သည့် အလယ်တန်းပြ ကျောင်းဆရာမ မစိုးစိုးခိုင်အား ပညာရေးဝန်ကြီးဌာနက မယူမနေရ ပင်စင်ပေးလိုက်ကြောင်း သတင်းရရှိသည်။
ရန်ကုန်မြို့တော်ဝင် နှင်းဆီခန်းမ၌ ဇွန်လ ၁၃ ရက်နေ့က ကျင်းပသော ၄င်းသတင်းစာရှင်းလင်းပွဲသို့ နေပြည်တော်မှ လာရောက်တက်ရောက်သည်ဟူသောအချက်ဖြင့် အဆိုပါ အလယ်တန်းပြ ကျောင်းဆရာမ မစိုးစိုးခိုင်အား သြဂုတ်လ ၁၇ ရက်နေ့ က မယူမနေရ ပင်စင်ပေးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
ပင်စင်ပေးခြင်းကို အမှတ် ၂ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးတင်မျိုးကြည်က သြဂုတ်လ ၁၅ ရက်တွင် လက်မှတ်ရေးထိုး၍ ပညာရေးဝန်ကြီးဌာန စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေး၏ စုပေါင်းဆုံးဖြတ်ချက်ဖြင့်ဟု အမိန့်စာ၌ ထည့်သွင်းရေးသားဖော်ပြထားကြောင်း သိရသည်။
မယူမနေရ ပင်စင်ပေးလိုက်သည့် ဇမ္ဗူသီရိမြို့နယ်အမှတ် ၅ အခြေခံပညာ အထက်တန်းကျောင်းမှ သတ္တမတန်း B သိပ္ပံ ဆရာမ မစိုးစိုးခိုင်က ''တော်တော်လေး အံ့သြမိပါတယ်။ ကျွန်မလည်း တရားဝင်ခွင့်တင်တာပါ။ ဒီအရေးတော်ပုံကြီးမှာ ကျွန်မလည်း ပါဝင်လှုပ်ရှားခဲ့တဲ့အတွက် တက်ရောက်သင့်တယ်လို့ ယူဆပြီး ဒီပွဲကို တက်ရောက်ခဲ့တာပါ။ ရန်ကုန်လည်းရောက်နေတဲ့အ တွက်ပါ'' ဟု ပေါ်ပြူလာနယူးစ်သို့ ပြောသည်။
ဆရာမ မစိုးစိုးခိုင်မှာ လုပ်သက် ၁၈ နှစ်ရှိပြီး အသက် ၄၈ နှစ် အရွယ်ရှိသူ ဖြစ်သည်။
ယင်းကိစ္စနှင့် ပတ်သက်၍ အမှတ် ၂ အခြေခံပညာဦးစီး ဌာန၊ နေပြည်တော် ပညာရေးညွှန်ကြားရေးမှူးရုံးထံသို့ မေးမြန်းရာ ဖြေဆိုရန် ငြင်းဆိုခဲ့ပြီး၊ နိုင်ငံတော်သမ္မတရုံးသို့လည်း ဆက်လက် မေးမြန်းခဲ့ရာ ၄င်းတို့နှင့် မဆိုင်၍ ပညာရေးဌာနထံသာ မေးမြန်းရန် ပေါ်ပြူလာနယူးစ်သို့ ဖြေကြားကြသည်။
ဆရာမ မစိုးစိုးခိုင်က ''ကျွန်မကို စွဲချက်သုံးချက်နဲ့ စွပ်စွဲ တာ။ ခွင့်မဲ့ပျက်ကွက်တာ၊ ရန်ကုန်ကို အကြောင်းမကြားဘဲ သွားတာ၊ ၈၈ ပွဲ အခမ်းအနား သတင်းစာရှင်းလင်းပွဲတက်တာ။ ကျွန်မကတော့ ရဲရဲပြောရဲတယ်။ ၈၈ ပွဲကို တက်လို့ ရည်ရွယ်ပြီး ဖြုတ်တာ'' ဟု ပြောသည်။
ယခုကဲ့သို့ ကျောင်းဆရာမ ပင်စင်ပေးခံခဲ့ရမှုကို ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ဆရာဆရာမ အသင်းဥက္ကဋ္ဌ ဦးသန်းထိုက်အောင်က အပြင်းအထန် ဆန့်ကျင်ကြောင်း ပြောကြားလိုက်သည်။
''ဒီပြစ်ချက်နဲ့ ထုတ်တယ်ဆိုရင်တော့ ပညာရေးဝန်ကြီးဌာနက တော်တော်လွန်တယ်' 'ဟု ၄င်းက ပြောသည်။
၈၈ အရေးတော်ပုံကို ယခင်အစိုးရက ချိုးချိုးနှိမ်နှိမ် ပြောခဲ့ကြခြင်းမျိုး ရှိပြီး၊ သိမ်ငယ်အောင်၊ သိမ်ဖျင်းအောင် လုပ်ခဲ့ကြတာမျိုးရှိကြောင်း၊ ၈၈ အရေးတော်ပုံက ကြီးမားသည့် အချိုးအကွေ့ကြီး တစ်ခုဖြစ်ကြောင်း၊ ယခုလိုသာဆိုပါက ထိုပွဲကို တက်ရောက်ခဲ့သော ဝန်ကြီးဦးအောင်မင်း အပါအဝင် အခြားအစိုးရဝန်ထမ်းတို့ကိုပါ ပွဲတက်သည့်ကိစ္စကြောင့် အငြိမ်းစားပေးမည်လားဟု မေးစရာရှိကြောင်းဟု ဦးသန်းထိုက်အောင်က ဆက်ပြောသည်။
ဆရာမ မစိုးစိုးခိုင်ဟာ ၈၈၈၈ အရေးတော်ပုံကြီးအတွင်း ပျဉ်းမနားမြို့မှာ ခေါင်းဆောင်တစ်ဦးအဖြစ် ပါဝင်လှုပ်ရှားခဲ့တယ်။ ၁၉၈၈ ခု၊ စက်တင်ဘာ ၁၈ ရက်နေ့ စစ်တပ်က အာဏာသိမ်းအပြီး လက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲဖို့ အတွက် ကျောင်းသားတပ်မတော် ABSDF ကို ရောက်ရှိခဲ့တယ်။ အကြောင်းအမျိုးမျိုးကြောင့် မြန်မာပြည် ပြန်ရောက်တော့လည်း သက်ဆိုင်ရာကို တရားဝင် သတင်းပို့ ခဲ့တယ်။ ကိစ္စတွေ အားလုံး ကင်းရှင်းသွားပြီဆိုမှ ပညာရေးဝန်ကြီးဌာနမှာ ဝင်ရောက် အမှုထမ်းခဲ့တာပါ။
ပညာရေးဝန်ကြီးဌာနမှာ ကျောင်းဆရာမတစ်ဦးအဖြစ် အမှုထမ်းခဲ့တဲ့ ( ၁၈ ) နှစ်တာ ကာလတစ်လျှောက်လုံး သူ့ တာဝန်ကို သူ ကျေပြွန်စွာ ထမ်းဆောင်ခဲ့တယ်။ အခု ၈၈၈၈ အရေးတော်ပုံ ၂၅ နှစ်မြောက် အခမ်းအနားတက်လို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ အလုပ်ထုတ်တာ ဆိုရင် ဝန်ကြီး ဦးအောင်မင်းကိုပါ ထုတ်ပစ်ရပါလိမ့်မယ်။
သမ္မတ ကစလို့ ဝန်ကြီး၊ ဝန်ကလေးတွေ အဆုံး ပြည်သူ့ အခွန်ငွေတွေကို လစဉ်ထုတ်စားနေကြတဲ့ ပြည်သူ့ဝန်ထမ်းတွေ မဟုတ်ပါလား။
အလယ်တန်းပြ ကျောင်းဆရာမ မစိုးစိုးခိုင်ကို အလုပ်မှနေ မယူမနေရ ပင်စင်ပေးလိုက်တာဟာ သိန်းစိန်တို့ ရဲ့  အငြိုးအတေးကြီးသော မတရားသော လုပ်ဆောင်မှု ဖြစ်ပါတယ်။ ယနေ့  လက်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ဆောင်ရွက်နေပါသည်ဟု တသွင်သွင်အော်နေသောလည်း လက်တွေ့ တွင် ၁၉၈၈ ရှစ်လေးလုံးအရေးတော်ပုံကြီးအတွင်း ပါဝင်ခဲ့သူများ၊ ကျောင်းသားတပ်မတော် (ABSDF) အဖွဲ့ အဖွဲ့ ဝင်ဟောင်းများ၊ မြန်မာပြည်တွင်း ပြန်လည်ဝင်ရောက်ခဲ့သူများအပေါ် အငြိုးအတေးထားပြီး ၄င်းတို့  လက်ခုပ်ထဲမှ ရေပမာ မတရားစီမံကြံစည် ဒုက္ခပေးသည့် အာဏာရှင်တို့  စရိုက် မပျောက်သေးသည်ကို သက်သေပြနေခြင်းသာ ဖြစ်သည်။
အလယ်တန်းပြ ကျောင်းဆရာ မစိုးစိုးခိုင်အား မတရား ပင်စင်ပေး ထုတ်ပစ်လိုက်သည့်အပေါ် ပြင်းထန်စွာ ကန့် ကွက်လိုက်ရပါသည်။
Nik Nayman