တစ်ဂူတည်း ခြင်္သေ့နှစ်ကောင် မအောင်းတာလား …
ဟန်ဆောင်ပန်ဆောင် ရန်ဖြစ်ပြတာလား …
စစ်သားတစ်ပိုင်း လွှတ်တော်ကိုယ်စားလှယ်တွေ စစ်သားအပြည့်အ၀ လွှတ်တော်ကိုယ်စားလှယ်တွေ အများကြီး ပါဝင်တဲ့ လွှတ်တော်ကြီးနဲ့ စစ်သားတစ်ပိုင်းအစိုးရအဖွဲ့ကြီး . . .စစ်အာဏာရှင်လက်ထက် နံပါတ် ၃ နဲ့၊ နံပါတ် ၄ တို့ ဒီမိုကရေစီယိမ်းကနေ . . .

ဒီအရပ်နဲ့ ဒီဇာတ် ဒီလိုသာ ကပြကြတယ် ဆိုရင်တော့ ကျုပ်တို့ နိုင်ငံကြီး ဒီမိုကရေစီနံ့ သင်းလှ … ဒီမိုကရေစီလေ တိုက်လှ … ဒီမိုကရေစီ အရောင်ထိန်လှပေါ့။ ကျုပ်ဆိုတာကလည်း အခုမှ သတင်းစာလောကထဲ အညှောက်ပေါက်စ၊ မြီးကောင်ပေါက်စမို့ ဟိုစပ်စပ်၊ ဒီစပ်စပ် မေးလေတော့ အချို့ ကလည်း ဒီအခြေအနေကို စိုးရိမ်သကိုး။ အချို့ကလည်း ဒီ အခြေအနေကို ၀မ်းသာကြသကိုး။ တချို့ … တချို့ဆို ဗိန်းဗောင်းတိုက်ပြီး နွားကွဲရင် ကျားဆွဲဖို့ အခွင့်အရေးရှိ ဆိုသကိုးဗျ။ (ဒါပေမဲ့ သူတို့ မြင်နေတာ နွား မဟုတ်ဘဲ ခြင်္သေ့ဆိုတာ … ခြင်္သေ့တောင်မှ ဘုရားရှေ့ ငုတ်တုတ်ထိုင်နေတဲ့ ခြင်္သေ့ မဟုတ်ဘဲ ပရိယာယ် မာယာတောမှာ အမိုးမိုး၊ အလီလီ ဗိုလ်ကျ စိုးမိုးခဲ့တဲ့ ခြင်္သေ့ဆိုတာ မေ့တော်မူနေကြလေရဲ့)
ကဲ … ကဲ။ ဒီတော့ ရွှေသဘောတော်က ညွှတ်တော်မူကြတယ်ပေါ့ဗျာ။
ဒီလိုသတင်းတွေ ပျံ့ … စိတ်တော်မှတ်ကြလေတော့ ဘာဖြစ်သတုန်းဆို၊ ဟေး … ဟေး … ဒီမိုကရေစီပွဲတော် ကြီး သောင်းတိုက်သို့ ညံနေလေရောပေါ့။
သောင်းတိုက်သို့ညံဆိုလို့ အထင်စောပြီး ဘ၀င်မချောလိုက်ကြနဲ့အုံး ဗျာတို့။ ဘယ်သူတွေ ကျင်းပနေတဲ့ ပွဲတော်ကြီး ဆိုတာလည်း အဖန်ဖန်တွေး ရေးရေးပေါ်မပေါ့။
စဉ်းစားကြည့်လေ … အစိုးရနဲ့ လွှတ်တော်ကြီး သဘောကွဲကြ ဆိုတော့ တချို့၊ တချို့ကိစ္စတွေမှာ အစိုးရဘက်က လိုက်ကြ၊ လွှတ်တော်ဘက်က လိုက်ကြ၊ တို့သမ္မတကြီး လုပ်တာ သဘောကျကြ၊ တို့သမ္မတ ကြီးပြောတာ နည်းကျတယ် ဖြစ်ကြ။ ဟော တို့ဥက္ကဋ္ဌကြီး ပြောတာမှ၊ တို့ဥက္ကဋ္ဌကြီးလုပ်တာမှ ဆိုပြီးတော့ ပွက်ပွက်ညံလိုက်ကြတာ ဘယ်သူတွေ ထင်သတုန်း။ ခြင်္သေ့တွေ အချင်းချင်းကြား တစ်လုံးတစ်ပါဒမှ မဟ ရှာလေဘူး။ အချို့ ခြင်္သေ့ကြီးများဆို လေပြေထိုးပြီး အလွမ်းဇာတ်နဲ့ လွှတ်တော်ဘက်ကနေ အစိုးရကို လှမ်းဖာလိုက်၊ အစိုးရဘက်ကနေ လွှတ်တော်ဘက် လှမ်းဖာလိုက်နဲ့ အဖာရာဗရပွနဲ့ ဖြစ်နေကြလေရဲ့။
ဒီတော့ ဘယ်သူတွေက နတ်ကရာ ကြည့်မောကြဆို ကျုပ်တို့ရဲ့ ဒေါင်းအိုးဝေတေး တညံညံကျူးသူတွေပေါ့။

ဒဂုံမြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းတွင် ဒုဥက္ကဋ္ဌ(၂) အဖြစ် လက်ရှိပြည်သူ့လွှတ်တော် ဒုဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ ဆောင်ရွက်စဉ်က မှတ်တမ်းပုံ
ဒီလိုပြောလို့ ဟာ … မဟုတ်ပါဘူး ဟို တလောကပဲ ဒဂုံမြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း ဒုဥက္ကဋ္ဌ ဖြစ်ခဲ့ဖူးတဲ့ ပြည်သူ့လွှတ်တော် ဒုဥက္ကဋ္ဌကြီးဆို သမ္မတကိုတောင် စွပ်စွဲပြစ်တင်မှုတွေ လုပ်သေးလို့ ငြင်းကောင်း၊ ငြင်းကြမယ် ထင်ပ။
ဟား …ဟား ကျုပ်ကတော့ ဒီအပြောတွေကြားရင် ချိုင်းကြားကလိထိုး ရယ်ချင်မိပေါ့။ ဘယ့်နှယ်ဗျာ တစ်ဘ၀ လုံးလုံး အဘ၊ အဘနဲ့ နှုတ်က မချတမ်း ခယနေခဲ့ရပြီး အခု လက်သီးလက်မောင်း တန်းပုံမျိုး ဒီအဆင်နဲ့ဒီခွင် ယုံသလားမေးရင် ဟိုစကားပုံကို ပြေးတွေးမိသဗျ။ ဒါကိုပဲ တချို့များ Facebook ပေါ်ကတစ်ဆင့် တိုင်းပြည် အနာဂတ် စိုးရိမ်ပူပန်ရ လောက်အောင်လိုလို …ဇာတ်စင်ပေါ်က ရန်ပွဲကို မွှမ်းထားလိုက်ပုံများ အတွေးအခေါ် ချွတ်ချော်လှပေါ့။
နောက်ဆုံးဗျာ … ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီး … အဲ အခု ပြည်ထောင်စုလွှတ်တော် နာယကကြီးနဲ့ သမ္မတဆို လည်း သဘောထားမတူဘူး ဆိုတာတွေ၊ ပုဂ္ဂိုလ်ရေး အာဃာတတွေပဲ ရှိနေဆိုတာတွေနဲ့ … အစိုးရနဲ့ လွှတ်တော်ကြား ဒီမိုကရေစီ သဘောအရ ကွဲပြားစွာ လုပ်ဆောင်နေကြပါတယ် ဆိုတာကို မီးမောင်း ထိုးပြ နေလိုက်ကြတာများ။
ကျုပ်ကတော့ လယ်ပြင်မှာ ဆင်သွားသလို ရှင်းရှင်းကြီး မြင်သဗျာ။ အောက်ခြေလွှတ်တော်က အမတ်တွေနဲ့ (ဒါတောင် ခြင်္သေ့တွေ မပါဘူးနော်) အောက်ခြေ အာဏာပိုင် အဖွဲ့အစည်းတွေ မတည့်တဲ့ ကိစ္စတွေ ရှိတာတော့ ထားတော့။ ဘယ့်နှယ် … သူလည်း ငါ့လူ၊ ငါလည်း သူ့လူနဲ့ ကျုပ်တို့ တိုင်းပြည်ကြီးကို လည်ပင်းဖက် အုပ်ချုပ် လာသူတွေ အခုမှ နု-တင်၊ ဆွေ-ငြိမ်း ဇာတ်ခင်းပြီး သဘောထားကွဲသလို၊ သဘောထားကြီးသလို လုပ်ပြရုံ၊ ဥပဒေလေး တစ်ခုကို အဝေမတည့်လို့၊ အခြား လွှတ်တော်ကိုယ်စားလှယ်တွေပါ ပါနေလို့ မုန်တိုင်းသံ ပေးရုံလေးနဲ့တော့ ကျုပ်တို့နိုင်ငံ မဏ္ဍိုင်ကြီးတွေ တစ်ခုနဲ့တစ်ခု အပြန်အလှန် ထိန်းကျောင်း နေသလိုမျိုး၊ တစ်ဦးနဲ့တစ်ဦး မတည့်တော့လို့ပဲ တိုင်းပြည်အနာဂတ်ကြီး ရင်လေးစရာ ဖြစ်လာတာမို့ ဟိုလူ၊ ဒီလူ ကန်တော့ပွဲနဲ့ ကြားဝင် စေ့စပ်ပေးရတော့မယောင် ပြောနေကြတာတော့ နားထဲမှာ အခံရခက်သဗျ။
ဒီမိုကရေစီ ပြုပြင်ပြောင်းလဲသူကြီးတွေအဖြစ် မိုးလုံးပြည့် ဟိတ်ဟန်ထွားနေကြတာ မြင်ရစူးသဗျ။
အမှန်ကို မြင်ရမယ် … အမှန်ကို ပြင်ရမယ် …
စစ်သားတစ်ပိုင်း လွှတ်တော်ကိုယ်စား လှယ်တွေ၊ စစ်သားအပြည့်အ၀ လွှတ်တော် ကိုယ်စားလှယ်တွေ အများကြီး ပါဝင်တဲ့ လွှတ်တော်ကြီးနဲ့ စစ်သားတစ်ပိုင်း အစိုးရ အဖွဲ့ကြီး … တစ်ဂူတည်း ခြင်္သေ့နှစ်ကောင် မအောင်းတာလား … ဟန်ဆောင် ရန်ဖြစ်ပြနေတာလားဆိုတာ …။
စစ်အာဏာရှင်လက်ထက် နံပါတ် ၃ နဲ့၊ နံပါတ် ၄ တို့ ဒီမိုကရေစီ ယိမ်းကနေတာကို နတ်ကရာ ကြည့်မောပြီး မှော်ရုံတောမှာ မျောမနေကြနဲ့ဗျို့၊ ရုပ်သေးစင်ပေါ်က ပြည်တော်တည်ခန်းကို သဘောအကျကြီးကျပြီး လက်ခုပ်သံ တဖြောင်းဖြောင်းနဲ့ မိုးလင်းမနေကြနဲ့ဗျို့။ ငေးနေ၊ မောနေ၊ အယုံလွယ်နေမယ် ဆိုရင်ဖြင့် စစ်အာဏာရှင်တွေရဲ့ လက်ထက် နိုင်ငံရေး လှည့်ကွက် အမျိုးမျိုးနဲ့ နှစ်ပေါင်းများစွာ ကစားကွက်ရွှေ့ခံ ခဲ့ရတာတွေကြောင့် ရထားတဲ့ သုမနကျောက ဒဏ်ရာတွေကို ပြန်ပြန် စမ်းကြည့်ဗျို့။
အမှန်ကို မြင်ကြ … အမှန်ကို ပြင်ကြ …
ကျုပ်ကတော့ မဟာတော်လှန်ရေး သမားကြီး ဟံသာဝတီ ဦးဝင်းတင်ဟောတဲ့ နိုင်ငံရေးတရား သိပ်ကြိုက်သဗျ။
““တိုက်ပွဲဝင်ကြ
အရေးတော်ပုံကြီးဟာ
မအောင်မြင်သေးဘူး
မပြီးပြတ်သေးဘူး
အရေးတော်ပုံကြီးရဲ့
တောင်းဆိုချက်တွေ
ရည်မှန်းချက်တွေ
ဒီနေထိ ရှိနေတုန်းပဲ””တဲ့။
ဒီတော့ မြန်မာပြည်သားအပေါင်း သူတော်ကောင်းတို့ရေ … နိုင်ငံရေး ကစားကွက်မှာ မျောမနေနဲ့ … နိုင်ငံရေး လေလုံးတွေကြားမှာ ပျော်မနေကြနဲ့ … နိုင်ငံရေး ယုံတမ်း စကားတွေနောက် သံယောင် လိုက်မနေကြနဲ့ …။ ။
Myanmar thandawsiny