(UPI မှ 29 Aug 2013 ရက်စွဲပါ “Myanmar pressured over North Korea ties” သတင်းကို ဘာသာပြန်သည်)
မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကြိုးပမ်းမှုများကို အမေရိကန်စစ်ဖက်က အသိအမှတ်ပြုသော်လည်း မြောက် ကိုရီးယားနိုင်ငံနှင့် ဆက်ဆံမှုများအပေါ် စိုးရိမ်ပူပန်လျက်ရှိကြောင်း အမေရိကန်ကာကွယ်ရေးဌာနက ပြောကြားသည်။
ဘရူနိုင်းတွင်ကျင်းပသော ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေး၏ အဝန်းအဝိုင်းတွင် အမေရိကန် ကာကွယ်ရေးဝန်ကြီး ချက်ဟေဂယ်နှင့် မြန်မာကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးဝေလွင်တို့ တွေ့ဆုံဆွေးနွေးခဲ့ ကြခြင်းဖြစ်သည်။
ထိုသို့တွေ့ဆုံစဉ် ချပ်ဟေဂယ်က“ အာဆီယံအလှည့်ကျဥက္ကဌအဖြစ် မြန်မာနိုင်ငံတာဝန်ယူတော့မည့် အစီအစဉ် ကို ပင်တာဂွန်က အားပေးထောက်ခံကြောင်းနှင့် မြန်မာနိုင်ငံတွင် စစ်အုပ်ချုပ်ရေးအဆုံးသတ်၍ ၂၀၁၀ ရွေးကောက်ပွဲများ ကျင်းပပြီးနောက်ပိုင်း ဖြစ်ပေါ်လာခဲ့သော တိုးတက်ပြောင်းလဲမှုများကို အထူးပင်ချီးကျူးကြောင်း” ပြောကြားခဲ့သည်ဟု ကာကွယ်ရေးဌာနပြောရေးဆိုခွင့်ရှိသူ ဂျော့လစ်တယ်က သတင်းထုတ်ပြန်သည်။
အမေရိကန်ကာကွယ်ရေးဝန်ကြီးက မြန်မာနိုင်ငံပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ် သတင်းတိုးတက်ဖို့ အရေးကြီးကြောင်းနဲ့ မြောက်ကိုရီးယားနဲ့ စစ်ဖက်ဆက်ဆံမှုရပ်ဆိုင်းဖို့ အရေးကြီးကြောင်းကိုလည်း ဆွေးနွေး ပြောဆိုခဲ့ပါ တယ်ဟု ကာကွယ်ရေးဌာနပြောရေးဆိုခွင့်ရှိသူက အင်္ဂါနေ့တွင် သတင်းထုတ်ပြန် ပြောကြားသည်။
အနောက်အုပ်စုမဟာမိတ်များက အာရှဒေသတွင်းမိတ်ဆွေများနှင့်အတူ ကိုရီးယားကျွန်းဆွယ်လုံခြုံရေး စိုးရိမ်စရာကိစ္စများကို အကဲဖြတ်လျက်ရှိသည်။ မြောက်ကိုရီးယားသည် ၄င်း၏ တတိယအကြိမ်မြောက် နျူကလီးယား စမ်းသပ်ဖောက်ခွဲမှုကို မနှစ်ကပြုလုပ်ခဲ့ပြီး ထိုအတောအတွင်း မြန်မာနိုင်ငံသည်လည်း ၄င်း၏ ပြည်တွင်းရေးနှင့် လုံခြုံရေးပြဿနာများ ကြီးထွားလာခြင်းကို ဖြေရှင်းရန် နိုင်ငံတကာက တိုက်တွန်းတောင်းဆိုခြင်းကို ခံနေရသည်။
ပြီးခဲ့သောလတွင် မြန်မာ့တပ်မတော် ကာကွယ်ရေးစစ်လက်နက်ပစ္စည်းညွှန်ကြားရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးအား မြောက်ကိုရီးယားစစ်ဖက်နှင့် ဆက်ဆံမှုကြောင့် sanction ချမှတ်အရေးယူကြောင်း အမေရိကန် ပြည်ထောင်စု အကြမ်းဖက်ဝါဒနှင့် ငွေကြေးထောက်လှန်းရေးဆိုင်ရာအတွင်းဝန် ဒေးဗစ်ကိုဟင်က ထုတ်ပြန်ကြေညာ ခဲ့သည်။
“ဒုတိယဗိုလ်ချုပ်ကြီးသိန်းဌေးဟာ မြောက်ကိုရီးယားမှ လက်နက်ဝယ်ယူမှုတားမြစ်တဲ့ နိုင်ငံတကာစည်းကမ်းကို လိုက်နာမှုမရှိခဲ့ပါဘူး။ ဒီအရောင်းအဝယ်ကရတဲ့ ပိုက်ဆံတွေဟာ မြောက်ကိုရီးယားရဲ့ တရားမဝင်လုပ်ရပ်တွေကို တိုက်ရိုက်ပံ့ပိုးနေပါတယ်” ဟု ဒေးဗစ်ကိုဟင်က ပြောကြားခဲ့သည်။
၂၀၁၀ ဧပြီလက မြန်မာနိုင်ငံ ရန်ကုန်မြို့သင်္ကြန်ပွဲတော်၌ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည့်အချိန်တွင် တိုက်တိုက်ဆိုင်ဆိုင် သံလျင်မြို့သီလဝါဆိပ်ကမ်း၌ မြောက်ကိုရီးယားသင်္ဘောတစ်စင်းဆိုက်ကပ်ကာ ကုန်ပစ္စည်းများ ချခဲ့သည်ဟု ကြားသိရပြီး၊ သင်္ကြန်ပွဲတော်ဗုံးပေါက်ကွဲမှုသတင်းကြောင့် မြောက်ကိုရီးယားသင်္ဘောဆိုက်ကပ်မှု သတင်း တိမ်မြှုပ်သွားခဲ့သည်ဟု သိရှိရသည်။
Yangon chronicle