မြန်မာ့တပ်မတော်သည် လွတ်လပ်ရေးခေတ်ဦးက စ၍ ယနေ့တိုင်အောင် တိုင်းရင်းသားလူမျိုးများအပေါ်၌ ရိုးသားမှု မရှိခဲ့ပေ။ လွတ်လပ်ရေးခေတ်ဦးတွင် အင်္ဂလိပ်နှင့် နီးစပ်ခဲ့သည့် ဧရာဝတီကရင်များကို ရွာလုံးကျွတ် သတ်ဖြတ်ပွဲများ ကျင်းပခဲ့သကဲ့သို့ ချင်း၊ ကချင်၊ ရှမ်းမှတပါး အခြားတိုင်းရင်းသားများကိုလည်း စာနာမှုကင်းမဲ့စွာ နှိပ်စက်သတ်ဖြတ်ခဲ့သည်။ ဖက်ဆစ်စနစ်ကို အခြေခံ၍ ဖွဲ့စည်းခဲ့သည့် တပ်မတော် ဖြစ်သည့်အားလျော်စွာ ကမ္ဘာပေါ်တွင် ဖက်ဆစ်ဝါဒကို ကျင့်သုံးခဲ့သည့် မြန်မာ့တပ်မတော်ခေါင်ကိုင်ဖခင်ဂျပန်နိုင်ငံသည်ပင် ဖက်ဆစ်ဝါဒကို ရှုံ့ချနေသည့်အချိန်တွင် မြန်မာ့တပ်မတော်က ဖက်ဆစ်ဝါဒဖြင့် မိမိတိုင်းရင်းသားလူမျိုးများကို ညှဉ်းပမ်းနှိပ်စက်သတ်ဖြတ်လျက်သာ ရှိနေပါသေးသည်။
၁၉၆၁-ခုနှစ်တွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် စစ်မှန်သည့် ပြည်ထောင်စုမူ၊ ဖက်ဒရယ်မူ၊ ပြည်နယ်(၈)ခုမူကြောင့် ခွဲထွက်ရေးမူဖြစ်သည်ဟု ဝါဒဖြန့်၍ အာဏာသိမ်းခဲ့သည့် မြန်မာ့တပ်မတော်သည်
၁။ ဗြိတိသျှနယ်ချဲ့၊ အမေရိကန်နယ်ချဲ့၊ ကိုလိုနီလက်သစ်တို့သည် မြန်မာနိုင်ငံကို သူတို့လက်ဝေခံနိုင်ငံဖြစ်အောင် ပက်ပက်စက်စက် ကြံစည်လျက်ရှိကြောင်း မှိုင်းတိုက်၍ အတိုက်အခံဒီမိုကရေစီအင်အားစုများကို ပုံမှားရိုက်ကာ ချေမှူန်းခဲ့သည်။ နိုင်ငံတော်အချုပ်အခြာအာဏာတည်မြဲရေးအတွက် တပ်မတော်သည် နိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍကို ရယူရမည်ဟု မိမိကိုယ်မိမိ သတ်မှတ်ခဲ့သည်။
၂။ ဖက်ဒရယ်မူကို ခွဲထွက်ရေးမူဟု ကင်ပွန်းတပ်ပြီး တိုင်းရင်းသားလူမျိုးများသည် ပြည်ထောင်စုကြီးမှ ခွဲထွက်ရန် အစဉ်ကြိုးပမ်းလျက်ရှိကြောင်း၊ တိုင်းရင်းသားလူမျိုးများသည် အချင်းချင်းမညီညွတ်ကြသဖြင့် မြန်မာ့တပ်မတော်သာ ဝင်ရောက်မထိန်းသိမ်းလျှင် ဘော့စ်နီယား ဟာဇီဂိုဗိုင်းနားလို သွေးချောင်းစီးသည့် ပြည်တွင်းစစ်များ ဖြစ်ပေါ်လာမည်ဟု ဆိုသည်။ ထို့ကြောင့် ပြည်ထောင်စုမပြိုကွဲရေးအတွက် တပ်မတော်သည် မရှိမဖြစ်သော အခန်းကဏ္ဍမှ ပါဝင်ရမည်ဟု မိမိကိုယ်မိမိ သတ်မှတ်ခဲ့သည်။
ခေတ်ဟောင်းအမြင်မစွန့်နိုင်သေးသော တပ်မတော်
မြန်မာ့တပ်မတော်သည် စစ်အုပ်ချုပ်ရေးဖြင့် ဆက်သွား၍ မရတော့သည့်အဆုံး ဒေါ်အောင်ဆန်းစုကြည်နှင့် မလွဲမရှောင် ဆက်ဆံခဲ့ရသည်။ ဤသို့ ပူးပေါင်းဆောင်ရွက်ရာ၌လည်း မြန်မာ့တပ်မတော်က တိုက်ရိုက်ပါဝင်လာခြင်းမဟုတ်ဘဲ စစ်ထွက်များမှတဆင့် ဆောင်ရွက်နေခြင်းဖြစ်သည်။ သမ္မတဦးသိန်းစိန်အစိုးသက်တမ်း (၃)နှစ်အတွင်းမှာ ဗြိတိသျှ၊ အမေရိကန်၊ အနောက်နိုင်ငံများနှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည် စစ်ဝါဒီတို့ ဝါဒဖြန့်ခဲ့သကဲ့သို့ ရန်သူမဟုတ်ကြောင်း ပြည်သူတို့ သိရှိလာကြရပြီဖြစ်သည်။ အမရိကန်နယ်ချဲ့၊ ဗြိတိသျှနယ်ချဲ့၊ ကိုလိုနီလက်သစ်ဒေါ်စုကဲ့သို့သော ဝါဒဖြန့်စကားလုံးများကို မကြားရသည်မှာ ကြာခဲ့ပြီ။ ဤအချက်သည် မြန်မာ့တပ်မတော်ကို ခြိမ်းခြောက်လျက်ရှိသည်။ အာဏာကို ဆုပ်ကိုင်ထားရေးအကြောင်းပြချက်(၂)ခုအနက် တစ်ခုကို လက်လွှတ်ရတော့မလို ဖြစ်နေ၍ ဖြစ်သည်။
ထိုသို့သော အခြေအနေတွင် မြန်မာ့တပ်မတော်သည် နောက်အချက်တစ်ခုဖြစ်သည့် ပြည်ထောင်စုမပြိုကွဲရေးကို အာရုံစိုက်ရသည်။ (၂၁)ရာစုတွင် သူတို့အာဏာတည်မြဲရေးအတွက် တိုင်းရင်းသားများကို ခုတုံးလုပ်ရဖွယ်ရှိသည်။ သမ္မတဦးသိန်းစိန်နှင့် ငြိမ်းချမ်းရေးအဖွဲ့သည် လက်ရှိမြန်မာ့တပ်မတော်၏ စားကျက်ဖြစ်သည့် ဤတိုင်းရင်းသားအရေးကို ကိုင်တွယ်သည့်အခါ မြန်မာ့တပ်မတော်နှင့် ထိပ်တိုက်မတွေ့စေရန် သတိထားဆောင်ရွက်နေရသည့်အနေအထားရှိသည်။ လက်နက်ကိုင်တိုင်းရင်းသားလူမျိုးများသည်လည်း ပြည်ထောင်စုမှ ခွဲထွက်ချင်ကြသည့်ပုဂ္ဂိုလ်များမဟုတ်ကြောင်းသက်သေပြနိုင်ခဲ့လျှင် မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသားတပ်မတော်တို့ကို ခုတုံးလုပ်ပြီး အာဏာတည်ဆောက်လိုသည့် ပုဂ္ဂိုလ်ကျော်အချို့ အခက်တွေ့ကြဖွယ်ရှိသည်။
၁၉၈၉၊ ၂၀၀၄၊ ၂၀၁၃ အပစ်ရပ်ရေး တပ်မတော်၏ မူ(၆)ချက်
မကြာခင်က ရှမ်းပြည်တွင် တပ်မတော်၏ မူ(၆)ချက်ကို ပြဌာန်းခဲ့သည်။ မြန်မာ့တပ်မတော်သည် ၂၀၀၄-ခုနှစ်တွင် သဘောတူညီချက်(၁၄)ခုတို့ဖြင့် တစ်ခါ၊ ၁၉၈၉-ခုနှစ်တွင် သဘောတူညီချက် (၁၀)ချက်တို့ဖြင့်တစ်ခါ၊ ယခုအခါ၌ မူ(၆)ချက်တို့ဖြင့် တစ်ခါ အပစ်ရပ်ဖို့ ကြိုးစားခဲ့သည်။ လက်ရှိမူ (၆)ချက်ကို လေ့လာကြည့်လျှင် -
(၁) လူသစ်စုဆောင်းခြင်း၊ အင်အားတိုးချဲ့ခြင်း မပြုလုပ်ရ။ ဤအချက်သည် ၂၀၀၄-ခုနှစ် သဘောတူညီချက်တွင် အင်အားမတိုးချဲ့ရ၊ လူသစ်မစုရဆိုသည့် တတိယအချက်၊ စစ်သင်တန်းမပေးရ၊ စစ်လေ့ကျင့်မှုမလုပ်ရဆိုသည့် စတုတ္ထအချက်၊ လူ လက်နက် ဖွဲ့စည်းပုံစာရင်း အသေးစိတ်ပေးရမည်ဆိုသည့် ပဉ္စမအချက်တို့နှင့် အတူတူပင် ဖြစ်သည်။ ၁၉၈၉-ခုနှစ် သဘောတူညီချက်ကို ကြည့်လျှင် အင်အားတိုးချဲ့ခြင်းမပြုရဆိုတဲ့ ဒုတိယအချက်နှင့် ကွက်တိညီမျှသည်။
(၂) အခွန်ကောက်ခြင်းမပြုလုပ်ရ။ ၂၀၀၄-ခုနှစ်တွင် ဆက်ကြေး ဘီးခွန်မကောက်ရဆိုသည့် ဆဋ္ဌအချက်၊ နေထိုင်စားသောက်ရေးအတွက် နိုင်ငံတော်မှ ကူညီပံ့ပိုးမည်ဆိုသည့် ဒွါဒသမအချက်တို့နှင့် တူသည်။ ၁၉၈၉-ခုနှစ်သဘောတူညီချက်မှာ ဆက်ကြေးအခွန်အကောက်များ မကောက်ခံရ (တတိယအချက်)၊ ပြည်သူလူထုထံမှ ရိက္ခာသီးနှံပစ္စည်းများ မကောက်ခံရ (စတုတ္ထအချက်)တို့နှင့် အတူတူပင် ဖြစ်သည်။
(၃) ခွင့်ပြုချက်မရဘဲ စခန်းအသစ်တည်ခြင်း၊ သွားလာခြင်းမပြုရ။ ၂၀၀၄-ခုနှစ်တွင် အစိုးရကွပ်ကဲမှုဖြင့် သွားလာရမည် (၇-အချက်)၊ သတ်မှတ်နယ်မြေအပြင်သို့ သွားလျှင် တပ်ကို သတင်းပို့၍ လက်နက်မဲ့သွားလာရမည် (၈-အချက်)၊ နယ်မြေဖြန့်ကျဲ၍ သတ်မှတ်ခြင်းမပြုဘဲ ဖွံ့ဖြိုးရေးလုပ်လိုသည့်နေရာများအား သတ်မှတ်ပေးရမည် (၁၁-အချက်)တို့နှင့် ညီမျှသည်။ ၁၉၈၉-ခုတွင် သတ်မှတ်နယ်မြေအတွင်း၌သာ တပ်ဖွဲ့များ နေထိုင်ရမည် (အချက်-၁)၊ မြို့များသို့ သွားလာရာတွင် လက်နက်၊ ဆက်သွယ်ရေးစက်မယူရ (အချက်-၁၀)တို့နှင့် တူသည်။
(၄) အစိုးရအုပ်ချုပ်ရေးကို ဝင်ရောက်စွက်ဖက်ခြင်း မပြုရ။ ၂၀၀၄-ခုနှစ်တွင် အစိုးရအုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေးနှင့် တရားစီရင်ရေးအပိုင်းများတွင် ဝင်ရောက်စွက်ဖက်ခြင်းမပြုရ (အချက်-၁၀)အတိုင်းပင်ဖြစ်သည်။ ၁၉၈၉-ခုနှစ်တွင် အချက်(၅)ဖြစ်သည့် နိုင်ငံတော်အုပ်ချုပ်ရေးတွင် ဝင်ရောက်စွက်ဖက်ခြင်းမပြုရနှင့် အတူတူပင် ဖြစ်သည်။
(၅) လူသတ်ခြင်းမပြုရ။ ၂၀၀၄-ခုနှစ်တွင် လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ် စွန့်လွှတ်ရမည် (၂-အချက်) ဖြစ်သည်။ ၁၉၈၉-ခုနှစ်တွင် ဤအချက်ကို ထည့်မထားခဲ့ပေ။
(၆) အစိုးရပြည်သူ့စစ်တပ်ဖွဲ့ကို ထိပါးခြင်းမပြုရ။ ၂၀၀၄-ခုနှစ်တွင် နိုင်ငံတော်ဦးဆောင်မှုအောက်တွင် ဒေသပြည်သူလူထုအကျိုးစီးပွားကာကွယ်စောင့်ရှောက်ရမည် (အချက်-၁၃)နှင့် တူသည်။ ၁၉၈၉-ခုနှစ်တွင် ထည့်သွင်းဖော်ပြခြင်းမရှိ။
လက်ရှိမူ(၆)ချက်မှာ မပါဝင်တော့သည့်အချက်များကို ကြည့်လျှင် နိုင်ငံရေးပါတီများနှင့် ကင်းရှင်းစွာ နေထိုင်ရမည် (၂၀၀၄-မှ ၉အချက်)၊အစိုးရနှင့် ဆန့်ကျင်သည့်အဖွဲ့များနှင့် မဆက်သွယ်ရ (၂၀၀၄-ခုမှ ၁-အချက်) မြို့ပေါ်နိုင်ငံရေးပါတီအဖွဲ့များနှင့် မဆက်သွယ်ရ (၁၉၈၉-မှ ၆-အချက်)၊ မတရားအသင်းအဖွဲ့များနှင့် မဆက်သွယ်ရ (၁၉၈၉-ခုမှ ၇-အချက်)၊ ထောက်လှမ်းရေးခွင့်ပြုချက်မယူဘဲ အခြားငြိမ်းအဖွဲ့များနှင့် မဆက်သွယ်ရ (၁၉၈၉-ခုမှ ၈-အချက်)၊ နိုင်ငံတော်၏ မူးယစ်ဆေးတိုက်ဖျက်ရေးလုပ်ငန်းများကို ထောက်ကူရမည် (၂၀၀၄-ခုမှ ၁၄-အချက်) တို့ဖြစ်ကြသည်။
သဘောထားမပြောင်းသေး
ဤအချက်များသည် လက်ရှိနိုင်ငံရေးအခြေအနေနှင့် မကိုက်ညီတော့သည့်အတွက် ဖြုတ်ထားခဲ့ခြင်းဖြစ်သည်။ နောက်ပြီး အဓိပ္ပါယ်လွှဲမှားမှုများ ရှိသည့် စကားစုများကိုလည်း ထည့်သွင်းဖော်ပြထားသည်။ သဘောတူညီချက်များကို ကြည့်လျှင်ပင် မြန်မာ့တပ်မတော်သည် ရိုးသားမှု လုံးဝမရှိကြောင်း ထင်ရှားသည်။ မြန်မာ့တပ်မတော်သည် ဖွဲ့စည်းတည်ထောင်စဉ်က စပြီး ယနေ့အထိ တိုင်းရင်းသားလူမျိုးများကို ရန်သူအဖြစ် သတ်မှတ်ချေမှူန်းလျက်ရှိသည်။ ယင်းသဘောထားမပြောင်းလဲကြောင်းကို သူတို့တဖက်သတ်ချမှတ်သည့် မူ(၆)ချက်ကို ကြည့်လျှင် သိနိုင်ပါသည်။ ယနေ့အချိန်တွင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အတိုက်အခံနိုင်ငံရေးသမားများနှင့် မတတ်သာသည့်အဆုံး ရောနှောနေရသော်လည်း ကာချုပ်မင်းအောင်လှိုင်က ယနေ့အထိ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခြင်းမရှိသေးသည်ကို သတိထားသင့်ပါသည်။