(LADIES Weekly News Journal Vol 1. No. 81 Sep 22, 2913)
အရင်တစ်ပတ်က ဆန္ဒပြခွင့်ကို ထိန်းချုပ်ထားရာကျတဲ့ ပုဒ်မ၁၈နဲ့ပတ်သက်ပြီး ရေးခဲ့တော့ ကိုယ်က ဆန္ဒပြတာကို သဘောကျသလို ဖြစ်နေမှာပါပဲ။ တကယ်တော့ ဆန္ဒပြခွင့်ကိုသာ ကြိုက်ဖို့ရှိတာပါ။ ဆန္ဒပြရတယ်ဆိုတာကတော့ ဆန့်ကျင်အော်ဟစ် အရေးဆိုရတာမျိုးဆိုရင် မလုပ်ရတာက ပိုကောင်းမှာပဲလေ။ မတောင်းရပဲရမယ်ဆိုရင် ဘ၀မှာ ကိုယ့်အတွက်ရော အများအတွက်ပါ လုပ်စရာအချိန်တွေ ပိုများလာမယ် မဟုတ်လား။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် မတောင်းပဲ အားလုံးရဖို့က မဖြစ်နိုင်တာမို့ တောင်းဆိုခွင့် အခိုင်အမာရတယ်ဆိုတာကိုပဲ ကြိုက်ကြရတာပါ။
ဆန္ဒပြတယ်ဆိုတာက အခုတလော မြန်မာ့သတင်းမှာရော ကမ္ဘာသတင်းမှာပါ အရမ်းခေတ်စားနေလေတော့ ပထမဆုံး ဆန္ဒပြတာ က သမိုင်းမှာ ဘယ်တုန်းကစဖြစ်ပါလိမ့်ဆိုတာ စိတ်ဝင်တစား ရှာကြည့်မိပါတယ်။ အဲဒီတော့ အီဂျစ်နိုင်ငံမှာ ၁၁၅၂ဘီစီတုန်းက ဖါရိုဘုရင် တစ်ပါးဖြစ်တဲ့ တတိယမြောက်ရမ်မယ်စီ (ရမ်မယ်စီသည်သတ်ဒ်ပေါ့ဗျာ)လက်ထက် အလုပ်သမားဆန္ဒပြပွဲက သမိုင်းဝင်ပထမဆုံး ဆန္ဒပြမှု ကြီး ဆိုပဲ။ အဲဒီခေတ်မှာ အီဂျစ်တွေဟာ ဖါရိုဘုရင်တွေကို သက်ရှိနတ်ဘုရားလို့ သဘောထားပေမယ့် သူတို့ရဲ့လုပ်ငန်းခွင် အဆင်မပြေ မှုနဲ့ပတ်သက်ပြီး ဆန္ဒပြရဲခဲ့ကြတာတော့ စိတ်ဝင်စားဖို့ကောင်းပါတယ်။ အဲဒီအလုပ်သမားတွေဟာ တော်ဝင်သချိုင်းကြီး တစ်ခုဆောက်ရာမှာ လုပ်ခအဖြစ်ရဖို့ရှိတဲ့ သီးနှံကို အပြေအကြေမရတဲ့အတွက် ထိုင် သပိတ်မှောက် ကြတာဆိုပဲ။ လုံးဝအလုပ်မလုပ်ပဲ ဘေးနားက ရင်ခွဲရုံဘုရားကျောင်းကြီး တစ်ခုထဲ ၀င်ထိုင်နေခဲ့ကြသတဲ့။ ဆန္ဒပြမှုဟာ အောင်မြင်ခဲ့ပြီး သူတို့ရစရာရှိတဲ့ လုပ်ခကြွေးတွေ အကုန်ရခဲ့တယ်လို့ ဆိုပါတယ်။
၁၁၅၂ဘီစီဆိုတာက လွန်ခဲ့တဲ့နှစ်ပေါင်း ၃၁၆၅နှစ်ကဆိုတော့ အတော့်ကို ရှေးကျတယ်ဆိုရပါမယ်။ ဗုဒ္ဓဘုရားရှင် ပွင့်တော်မမူခင် နှစ်ပေါင်း၅၂၉နှစ်၊ ခရစ်တော်မပေါ်မီ ၁၁၅၂နှစ်၊ တမန်တော်မိုဟာမက်မမွေးဖွားမီ ၁၇၂၂နှစ်မှာမို့ ဒီနေ့ကမ္ဘာမှာထွန်းကားနေတဲ့ ဘာသာတရား ကြီးများမပေါ်ထွန်းမီ နှစ်များစွာကတည်းက ဆန္ဒပြပွဲကရှိဖူးတယ်လို့ ဆိုရမလိုဖြစ်နေပါတယ်။ ရှိခဲ့ရုံမက အဲဒီဆန္ဒပြ တောင်းဆိုမှု အောင်မြင် ခဲ့တယ်ဆိုတာက အီဂျစ်ဖါရိုဘုရင်များရဲ့ ဒီမိုကရေစီကို ဒီနေ့အီဂျစ်က လက်ရှိအာဏာရှိသူများထက်တောင် လေးစားရမလို ဖြစ်နေပြန်ရောနော်။ ဒီလောက်ရှေးကျတဲ့ အလေ့အထကြီးဟာ ဗုဒ္ဓသာသနာတွင်းမှာလည်း မကင်းနိုင်ပဲ ရှိနေတာဟာ 'သပိတ်မှောက်တယ်'ဆိုတဲ့ စကားလုံးကို မြင်သာပါတယ်။ သာသနာကို စော်ကားသူ၊ သံဃာသင်းခွဲသူ၊ သံဃာ့အဆုံးအမကို မနာခံသူ ဆိုသူများဆီက ဆွမ်းအစရှိတဲ့ ဘောဇဉ်ခဲဖွယ် တွေကို အလှူမခံဘူးဆိုတဲ့သဘောနဲ့ သပိတ်ကိုမှောက်ထားတယ်ဆိုတဲ့ သဘောမို့ပါ။ ဒီလို ရှေးကျတဲ့ အစဉ်အလာကြီးတစ်ခုကို ကျွန်တော်တို့က အခုမှ အသစ်အဆန်းအဖြစ် ]ပြန်ဆိုတေး}လုပ်နေရတာပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာ မကျေနပ်ချက်တွေကို ဖွင့်ထုတ်ပြောပြဖြေရှင်းနိုင်ခွင့်တွေ လုံးလုံးပိတ်ထားခဲ့တာ နှစ်ပေါင်းများစွာ ကြာသွားခဲ့တာ ကိုး။ အခုကျမှ လွတ်လပ်ပွင့်လင်းစ ပြုလာတဲ့အခါ မတရားခံရတာတို့၊ ဥပဒေမဲ့ ပြုကျင့်တာတို့ ကြုံရပြီဆိုရင် သမ္မတကြီးကို တိုင်တာတို့၊ ဆန္ဒထပြတာတို့ လုပ်ကြတာလေ။ ဒါကို ထစ်ကနဲဆို သမ္မတကြီးပဲတိုင်ရလား၊ ထစ်ကနဲဆို ဆန္ဒပြဖို့ပဲလုပ်နေရလား လို့ အပြစ်တင်သံတွေလည်း ကြားနေရပါတယ်။ တိုင်ပါစေ၊ ပြပါစေဗျာ။ နှစ်ပေါင်းများစွာ အောင့်ထားရတာကနေ လုပ်ခွင့်ရလာတော့ အရင်ကအောင့်ထားတာတွေပါ စုပြီး လုပ်ကြရသလိုဖြစ်တာကိုး။ နောင်တော့လည်း တိုင်စာတွေသိပ်များလွန်းရင် 'တိုင်စာဖတ် ၀န်ကြီးဌာန' ဆိုတာမျိုး ဖွင့်ရမလို ဖြစ်နေပြီး ကိစ္စတိုင်းကို တစ်နေရာတည်း တစ်ယောက်တည်းက တစ်ထိုင်တည်း 'အပ်ချလောင်း'မလုပ်နိုင်တာ သဘောပေါက် သွားတာနဲ့အမျှ တခြား ပိုကောင်းတဲ့နည်းလမ်း၊ ပိုသင့်တော်တဲ့ ဖြေရှင်းနည်းတွေကို စဉ်းစားလာပါလိမ့်မယ်။
ကျွန်တော်တို့အားလုံးလည်း ၀ိုင်းစဉ်းစားပေးရမှာက အတိုင်အတောတွေရော ဆန္ဒပြတာတွေပါ လျော့သွားအောင် ဘယ်လိုလုပ်ပေး ကြမလဲဆိုတာပါ။ အဓိကကတော့ ဖြေရှင်းဆောင်ရွက်ပေးနိုင်စွမ်းရှိသူဆီကို မကျေနပ်မှု ဒါမှမဟုတ် အဆင်မပြေမှုတွေကို တင်ပြနိုင်ခွင့် လမ်းကြောင်းတွေ ဖွင့်ပေးနိုင်ဖို့ပါပဲ။ ကြုံလို့ သတိရတာတစ်ခုပြောရရင် မကြာသေးခင်က ဒိုင်နာကားတစ်စီးရဲ့ ခရီးသည်လူအုပ်ကြပ်ကြပ်ထဲ ကိုယ်တိုင်လည်း ပုဆိုးမနိုင်၊ လွယ်အိတ်မနိုင်၊ တွန်းတွန်းတိုက်တိုက် ပါဝင်ဆင်နွဲချိန်မှာ ရှေ့က စတီရာတိုင်နဲ့ဂီယာများ ထိမ်းသိမ်းကိုင်တွယ် မောင်းနှင်ရေးဝန်ကြီး (သိုးဆောင်းဘာသာနဲ့တော့ ဒရိုင်ဘာလို့ ခေါ်တယ်ကြားဖူးတာပဲ)က မှတ်တိုင်ရပ်တိုင်းရပ်တိုင်း ဘရိတ်ဆောင့်ဆောင့်နင်းပြီး လုပ်ပိုင်ခွင့်ပြပြနေတော့ နောက်ကခရီးသည်တွေမှာ အလဲလဲအပြိုပြိုနဲ့ ဆောက်တည်ရာမရ ဖြစ်ကြတာပေါ့ (ဆောက်တည်ရာမရဆိုတာ တကယ် သဘောပေါက်ရတယ်ဗျာ)။ ခရီးသည်များအဖို့ 'ဒက်စတော့ခေါ်တဲ့ ဘရိတ်ပြင်းပြင်း ဆောင့်နင်းတယ်'ဆိုတာက စာစီဆရာဆရာမလေး များလုပ်သမျှ ခံရနေကျစာရေးဆရာများလို တော်ရုံနဲ့စိတ်မဆိုးတတ်ပါဘူး။ မှတ်တိုင်မဟုတ်ပဲ လမ်းမှာ ဘရိတ်ဆောင့်နင်းတာဆို ကိုယ့်အသက် ကယ်ရာကျတာမို့ ကျေးဇူးတောင်တင်ရတတ်တာလေ။ ဒါပေမဲ့ မှတ်တိုင်ဝင်တိုင်း ဆောင့်နင်း နေတာကတော့ ကားမောင်းမကျွမ်းလို့လား၊ နောက်ကသာအမြဲနေရတဲ့ စပယ်ယာဘ၀ကနေ အခုမှ ရှေ့တက်မောင်းတာမို့လား၊ သူရှေ့က ဒီလိုလုပ်ရင် နောက်ကဘာဖြစ်တယ်ဆိုတာ နားမလည်လို့လား တစ်ခုခုပဲပေါ့။ အဲဒီမှာ နောက်ထပ်ဆောင့်နင်းလို့ ပြိုလဲကျကြရင်း မခံနိုင်တော့တဲ့ ခရီးသည်တစ်ယောက်က 'အင်တာကွန်' စကားပြောခွက်ကနေ "ဟေ့၊ ရှေ့ကဒရိုင်ဘာ ရူးနေလားကွ"လို့ လှမ်းအော်လိုက်ပါတယ်။ အဲဒီမှာ အံ့သြစရာကောင်းအောင်ပဲ နောက်မှတ်တိုင်မှာ ကားက ညင်ညင်သာသာလေးရပ်သွားပါတယ်။ ကဲ၊ နောက်မှာ 'ဘာတွေဖြစ်ကုန်ကြပြီလဲ' ဆိုတာ ရှေ့ကသိသွားတော့လည်း ဆင်ခြင်လို့ရသွား တာပေါ့။ ဒီနေရာမှာ သိအောင်လုပ်တဲ့လမ်းကြောင်း (အင်တာကွန်)ရှိနေလို့ ချက်ချင်းဖြေရှင်းလိုက်နိုင်တာပါ။ စိတ်တိုနေလို့ ဒေါသနဲ့အော် တာတော့ မကောင်းဘူးပေါ့။ ဖြစ်နိုင်ရင်တော့ "ရှေ့ခန်းက ဒရိုင်ဘာလူကြီးမင်းခင်ဗျား။ ဒရိုင်ဘာလူကြီးမင်းအနေနဲ့ ဘရိတ်ဆောင့် နင်း ပါက နောက်ခန်းမှ လူများ လဲပြိုကုန်သည့်အတွက် သတိပြုဆင်ခြင်ပေးပါရန် လေးစားစွာ မေတ္တာရပ်ခံ ပါသည်"ဆိုတာမျိုးဆို ပိုကောင်းမှာပေမယ့် ဒေါသဖြစ်တုန်း ဘယ်ဒီလိုပြောနိုင်မတုန်း။ ဒီတော့ တိုတိုနဲ့လိုရင်းဒက်ခနဲပြောလိုက်တော့ ရိုင်းသလိုဖြစ်သွားပေမယ့် အလုပ်တော့ အဖြစ်သားခင်ဗျ။
စကားစပ်လို့ သတိရတာ နောက်တစ်ခုပြောရရင် ၁၉၈၈ခုနှစ်မတ်လမှာ မြန်မာနိုင်ငံမှာ ဘုန်းမော်အရေးအခင်းဖြစ်ချိန် ကျွန်တော်က အိုင်အမ်အက်ဖ် သင်တန်းတစ်ခုတက်ဖို့ အမေရိကန်ရောက်နေရာမှာ မြန်မာသတင်းတွေနဲ့ ပတ်သက်ပြီး အမေရိကန်တစ်ယောက်က ကျွန်တော့် ကိုမေးပါတယ်။ ဖုန်းတို့ဘာတို့လည်း ဆက်လို့ရတဲ့ကာလမဟုတ်တော့ သူ့လိုပဲ သတင်းစာ တွေမှာပါသလောက်ပဲ ကျွန်တော်သိကြောင်း ပြောရတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ မတရားသဖြင့် အလုပ်ခံနေရတာတွေ အများကြီးရှိတယ်ဆိုတာကိုတော့ သူက သိထားပုံပါပဲ။ သူက ကျွန်တော့်ကို ပြောပါတယ်။ "မင်းတို့ မြန်မာတွေသိပ်ညံ့တာပဲ၊ မင်းတို့က အစိုးရမတရားလုပ်သမျှ ငုံ့ခံနေကြတာပ"လို့ ဆိုပါတယ်။ အဲဒီခေတ်ကာလမှာ အစိုးရအရာရှိများ နိုင်ငံခြားသားနဲ့ အစိုးရအကြောင်းပြောတာ အန္တရာယ်မကင်းလှပေမယ့် ကျွန်တော်က သူပြောတာမခံချင် လို့ အဲဒီလိုမဟုတ်ကြောင်း၊ မြန်မာတွေ နည်းမျိုးစုံနဲ့ ရုန်းကန်ဆန့်ကျင်ကြတာ ရှိကြောင်း၊ သတင်းမှောင်ချထားတဲ့အတွက် မြန်မာပြည်တွင်း အခြေအနေမှန်ကို ပြည်ပက မသိနိုင်ကြောင်း၊ မြန်မာနိုင်ငံမှာ တင်းကြပ်တဲ့ဖိနှိပ်မှုတွေကို ရုန်းကန်ရာမှာ ဥပဒေဘောင်တွင်းက လုပ်ပိုင်ခွင့်ပေးထား တာ အားနည်းလို့ ဥပဒေဘောင်ကျော်လုပ်ရတာတွေ ရှိကြောင်းတွေ ပြောဖြစ်ခဲ့ပါတယ်။ အဲဒီတော့ သူက တရားဝင်လုပ်လို့ ရတာတွေကို မြန်မာတွေက မလုပ်တာဖြစ်ကြောင်း ဝေဖန်ပါတယ်။ ကျွန်တော်က ဘယ်လိုလုပ်ရမလဲဆိုတာမေးတော့ လွှတ်တော်ကို တင်ပေါ့ဗျလို့ ပြောပါတယ်။ "ခင်ဗျားတို့ရဲ့ သက်ဆိုင်ရာ လွှတ်တော်အမတ်ကို ခံစားရသမျှပြောပြပြီး လွှတ်တော်တင်ခိုင်းရင် အစိုးရက သိသွားမှာပေါ့"လို့ ပြောပါတယ်။ ကျွန်တော်က အဲဒီကာလက လွှတ်တော်ကိုယ်စားလှယ်ဆိုတာ အစိုးရကရွေးချယ်တာဖြစ်ပြီး ရွေးကောက်ပွဲမှာတောင် သူတစ်ယောက်တည်းကို ၀ိုင်းမဲထည့်ရတာဖြစ်ကြောင်း၊ လွှတ်တော်ကလည်း ဘာပြဿနာမှတင်လို့မရပဲ အစိုးရရဲ့ဆုံးဖြတ်ချက်ကို ထောက်ခံ တံဆိပ်ထု ပေးရတဲ့နေရာသာ ဖြစ်ကြောင်း ပြောပြပါတယ်။ ဒီတော့သူက "ဒါဆိုရင် သတင်းစာမှာ ဆောင်းပါးရေးပေါ့ဗျ"လို့ ပြောပါတယ်။ ကျွန်တော်က သတင်းစာအားလုံးက အစိုးရပိုင်ဖြစ်ပြီး အစိုးရမကြိုက်တာကို လုံးဝထည့်ပေးမှာမဟုတ်ကြောင်း၊ ဒီလိုဆောင်းပါးမျိုး သတင်းစာမှာပါဖို့ မဖြစ်နိုင်ကြောင်း ပြောပြပါတယ်။ ဒီတော့ သူက "ဒါဆိုလည်း ကိုယ့်ဖါသာ သတင်းစာထုတ်ပေါ့ဗျာ"လို့ ပြောပါတယ်။ ကျွန်တော်လည်း ကိုယ့်အခြေအနေကို သူနားလည်အောင် ပြောပြဖို့မလွယ်တာ သဘောပေါက်သွားပါတယ်။ (ကိုယ်က အင်္ဂလိပ်စကား မိုးပျံအောင်မတတ်တာလည်း ပါတာပေါ့နော်)။ တကယ် တော့ ဆင်းရဲသားတစ်ယောက်က ကျွန်တော်ခေါင်းအုံးတောင်မရှိလို့ အုတ်ခဲခေါင်းအုံးအိပ်နေရပါတယ်ဗျာလို့ ပြောတဲ့အခါ သူဌေးကဒါကို နားလည်နိုင်မှာမဟုတ်ပဲ "ခေါင်းအုံးမရှိတာ မဖြစ်နိုင်ပါဘူးဗျာ၊ မရှိတောင် စောင်တို့ပုဆိုးတို့ အုံးအိပ်ရင်ရတာပဲ၊ သူကိုက အုတ်ခဲခေါင်းအုံးအိပ်ရတာ ကြိုက်လို့ဖြစ်မှာပါ"လို့ စဉ်းစားမှာမျိုးလို နိုင်ငံတကာက လွတ်လပ်ပွင့်လင်း လူ့အဖွဲ့အစည်းက ကျွန်တော်တို့ကို စာနာနားလည်ဖို့ခက်ခဲ့ခဲ့တာပါ။ ကျွန်တော်ဒါကို ဘာလို့ သတိတရပြန်ပြောရသလဲဆိုတော့ အခု ကျွန်တော်တို့မှာ လွှတ်တော်ကြီးလည်း ရှိပြီ။ သတင်းစာတွေ ဂျာနယ်တွေလည်း ထုတ်ခွင့်ရပြီ။ ရေးချင်တာလည်း ရေးလို့အတော်ရပြီ။ ဒါဆို ကျွန်တော်တို့ ဒီလမ်းကြောင်းတွေကနေ အစိုးရနဲ့ အများ ပြည်သူသိပြီး နစ်နာမှုတွေ အဆင်မပြေမှုတွေကို ဖြေရှင်းပေးအောင် ဆောင်ရွက်နိုင်ပြီလား၊ တနည်းအားဖြင့် ဒီလမ်းကြောင်းတွေကို သုံးပြီး ဆန္ဒပြမှုတွေ၊ အတိုင်အတောတွေလျော့အောင် လုပ်နိုင်ပြီလားလို့ ဆန်းစစ်ကြည့်ရမယ်လို့ တွေးမိလို့ပါပဲ။ တနည်းအားဖြင့် ဘတ်စ် ကားနောက်ခန်းမှာ သူ့ကြောင့် အလဲလဲအပြိုပြိုဖြစ်တာတွေကို ရှေ့ခန်းကလူသိအောင် စပယ်ယာကတဆင့် လှမ်းပြောခိုင်းမလား၊ ဆင်းမယ့် ခရီးသည်ကို ရှေ့ခန်းသွားပြောခိုင်းမလား၊ နောင်မှ ဂျာနယ်ဆောင်းပါးထဲ ထည့်ရေးမလား။ အခုချက်ချင်း ကိုယ်တိုင်ပဲ အင်တာကွန်က လှမ်းအော်မလား၊ အော်တဲ့အခါလည်း ရုပ်မြင်သံကြားသတင်းကြေငြာသလို ယဉ်ကျေးသိမ့်မွေ့ဖို့မလိုပေမယ့် ရှေ့ကလူနားလည်ပြီး လိုက်လျောချင်အောင် ဘယ်လိုပြောမှာလဲ စတာတွေက အရေးကြီးပါတယ်။ နစ်နာရသူ၊ မခံမရပ်နိုင်ဖြစ်သူက ခံစားချက်နဲ့ တုံ့ပြန်တဲ့အခါ တစ်ဖက်က နားလည်ခွင့်လွှတ်ပြီး လိုက်လျောပေးဖို့လိုသလို နစ်နာရသူကလည်း သြော်၊ ရှေ့ကလူက ရှေ့ကိုပဲ အာရုံကျနေလို့ ဖြစ်ရှာတာပဲလို့ စိတ်ရှည်သည်းခံရင်း လူကြီးလူကောင်းလို ပြောဆိုစဉ်းစားတတ်ကြရင် ပိုကောင်းမှာပါ။
ဒီတော့ လွှတ်တော်ကဖြစ်ဖြစ်၊ မီဒီယာကဖြစ်ဖြစ်၊ ဆန္ဒပြလို့ဖြစ်ဖြစ် တင်ပြသူရော လက်ခံနားထောင် ဆောင်ရွက်ပေးသူရော ဒေါသတွေမာနတွေလျှော့ပြီး အကောင်းဆုံး စဉ်းစားဆောင်ရွက်ပေးကြမယ်ဆို ပြဿနာတွေ အဖြေတွေ့တာနဲ့အမျှ တိုင်စရာတွေ ဆန္ဒပြတာတွေ အထိုက်အလျောက် လျော့သွားမှာပါ။ ဒါကလည်း ပြောရတာလွယ်သလောက် လက်တွေ့မှာ အခက်အခဲတွေတော့ ရှိနေဦးမှာပါ။ သြော်၊ဒါထက် ဒီစာလေးကို အဆုံးမသတ်ခင် တစ်ခုဝန်ခံလိုတာက ဒိုင်နာကားနောက်ခန်းကနေ စိတ်မရှည် သည်းမခံနိုင်ပဲ အင်တာကွန်းကနေ လှမ်းအော်ခဲ့တဲ့ခရီးသည်က ကျွန်တော်ကိုယ်တိုင်ပါ ဆိုတာပါပဲ ခင်ဗျား။ ။
ရီနေနိုင်