ဒီချုပ်ရဲ့ မောကြီးပမ်းကြီး ဒီမိုကရေစီခရီးကြမ်း ငွေရတုစခန်းတစ်ထောက် ဘယ်ရောက်လာပါလိမ့်။ ဘယ်မှမရောက်ပါ။ တံလျှပ်ရဲ့ ရွှေရည်စိမ်နဲ့ မာယာဘုံအနှမ်းရဲ့ စခန်းတစ်ထောက်သာ ရောက်နေတာပါလား။
ဘယ်ပဲရောက်ရောက်။ သေချာရေရာတာကတော့ ဒီမိုကရေစီအရေးတော်ပုံကြီး မပြီးဆုံးသေး။ လိုရာထမြောက်စခန်းမပေါက်သေး။ ဒီမိုကရေစီရေး ဆက်လက်တိုက်ပွဲဝင်ကြရဦးမယ်။
တိုက်ပွဲဝင်အရေးတော်ပုံသူရဲကောင်းတွေပီပီခေတ်ဝန်ထမ်း၊ ခေတ်လမ်းလျှောက်ကြရလေဦးမယ်။
နိုင်ငံရေးယုံကြည်ချက်၊ နိုင်ငံရေးစိတ်ဓါတ်၊ နိုင်ငံရေးအားမာန်သစ်တွေနဲ့ လက်တွဲမဖြုတ်စတမ်း ဒီမိုကရေစီပန်းတိုင်အရောက် တက်လှမ်းသွားကြပါစို့။
ဟံသာဝတီဦးဝင်းတင်
အဖွဲ့ဝင်
သဘာပတိအဖွဲ့
လူတွေဟာဆင်းရဲတဲ့ဒဏ်ကိုခံနိုင်တယ်၊ချမ်းသာတဲ့ဒဏ်ကိုမခံနိုင်ဘူးလို့ပြောကြတဲ့စကားတွေရှိပါတယ်။ နိုင်ငံရေးအရ အခွင့်အရေးလေးများ
ချမ်းသာတော့မယ့်အရိပ်အယောင်မြင်ရင် အဲဒီဒဏ်ကို ကြံ့ကြံ့ခံနိုင်ဖို့အရေးကြီးပါတယ်။ ဒီဒဏ်ကိုမှ မခံနိုင်ရင် ကိုယ်မကြိုက်တဲ့
စနစ်ကိုပဲ ကိုယ်ကိုယ်တိုင် တစ်ကျော့ပြန် ဖန်တီး အသက်သွင်းသူတွေ ဖြစ်သွားနိုင်တဲ့ အန္တရာယ်ဟာ လက်တစ်ကမ်းမှာ စောင့်ကြိုနေပါတယ်။
ကျွန်မတို့ အဖွဲ့ဝင်တွေဟာ နောက်နောင်ကြုံတွေ့ရမယ့် စိန်ခေါ်မှုတွေအမျိုးမျိုးကို ရင့်ကျက်မှုရယ်၊ အသိဥာဏ်ရယ်၊ လုံ့လ၀ီရိယရယ် အတူပေါင်းစပ်ပြီး နောင်လာမယ့် ရွှေရတုကာလအထိ တည်တည်ငြိမ်ငြိမ်ကျော်ဖြတ်သွားနိုင်မယ်ဆိုတာ ယုံကြည်ကြောင်း ငွေရတုအခါသမယမှာ
သ၀ဏ်လွှာ ပါးလိုက်ပါတယ်။
အောင်ဆန်းစုကြည်
အဆင့်ဆင့်သောအဖွဲ့အစည်းများမှ ရွေးချယ်ခံရသောလူငယ်များသည် အဖွဲ့ချုပ်၏ အဆင့်ဆင့်သော အလုပ်အမှုဆောင်အဖွဲ့အစည်းများတွင် ဖွဲ့စည်းပါဝင်လာကြရတော့မည်ဖြစ်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် (၂၅)နှစ်တာအတွင်း ပြည်သူတို့လေးစားသော၊ စာနာထောက်ထားသော၊ ယုံကြည်အားကိုးသော အဖွဲ့အစည်းအဖြစ် အစဉ်အလာကောင်းများကို ဆက်လက်ခိုင်မြဲတည်တံ့အောင် ဆောင်ရွက်ကြရမည့် လူငယ်တို့၏ အခန်းကဏ္ဍသည် လေးနက်လာပါသည်။
အဖွဲ့ချုပ်လူငယ်လုပ်ငန်းအဖွဲ့သည် ထိုအစဉ်အလာကောင်းများကို ထိန်းသိမ်းစောင့်ရှောက်ရာတွင် တစ်တပ်တစ်အား ပါဝင်လာကြပြီး အဖွဲ့ချုပ် ပိုမိုညီညွတ်တိုးတက်ရေးနှင့် အဖွဲ့ချုပ်၏ ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်များကို တစိုက်မတ်မတ် ကြိုးစားအားထုတ်နိုင်ကြပါစေကြောင်း တိုက်တွန်းရေးသားအပ်ပါသည်။
ဦးတင်ဦး
နာယက