ပြုပြင်ပြောင်းလဲရေး အရွေ့နှေးနေရခြင်း၏အဖြေမှာ လက်ရှိအစိုးရသည် အောင်မြင်စွာ ဆုတ်ခွာရေးဗျူဟာ၌ဟာ အာရုံအစိုက်များနေခြင်းကြောင့်ဖြစ်သည်။ ပြည်သူ့အကျိုးဖြစ်မည့် အရွေ့ မြန်ဆန်ရေးထက် ဆုတ်ခွာရေး အတွက်သာ ကြိုတင်မျှော်မှန်းရေးဆွဲထားခဲ့၍လည်း ၂၀၀၈ အခြေခံဥပဒေ အကျပ်အတည်းဟူ၍ ပေါ်ပေါက် လာခြင်းဖြစ်သည် . . .
မြန်မာ့ဒီမိုကရေစီ အသွင် ကူးပြောင်းရေး ခရီး၏ အရပ်သား တစ်ပိုင်း အစိုးရ သက်တမ်းဝက် အလွန်တွင် တပ်မတော်၏ အခန်းကဏ္ဍသည် အများအာရုံစိုက်စရာ ကဏ္ဍတစ်ရပ် အဖြစ် ပိုမို ရုပ်လုံးပေါ် လာခဲ့သည်။ လွန်ခဲ့သော နှစ် ၆၀ကျော် သမိုင်း တစ်လျှောက်လုံးတွင် တပ်မတော်၏ လွှမ်းမိုးချုပ်ကိုင်မှု ကြိုးအောက်တွင်သာ မြန်မာ့နိုင်ငံရေးသည် ကပြ အသုံးတော်ခံခဲ့ ရပြီး ၂၀၁၀ အလွန် အရပ်သား အစိုးရလက်ထက် အရောက်တွင်မူ တပ်မတော်သည် အသွင်သဏ္ဌာန် တစ်မျိုးဖြင့် ပွဲထွက် လာခဲ့သော်လည်း အနှစ်သာရ အားဖြင့်မူ မြန်မာ့ နိုင်ငံရေး ဇာတ်ခုံပေါ်တွင် အခိုင်အမာခြေ ကုပ်ယူထားဆဲဖြစ်သည်။
![]()
အရပ်သား အစိုးရ သက်တမ်းဝက် ကာလတွင် အခြေခံ ဥပဒေပြင်ဆင်ရေး ဟူသော ကဏ္ဍရုပ်လုံး ကြွလာသည်နှင့် အမျှ တပ်မတော်၏ အခန်းကဏ္ဍ သည်လည်း ခေတ္တငုပ်လျှိုး နေရာမှ ပြန်လည် ရုပ်လုံး ကြွလာခဲ့သည်။ အဘယ်ကြောင့် ဆိုသော် အခြေခံဥပဒေ ပြင်ဆင်ရေး၌ တပ်မတော် မပါလျှင် မဖြစ်သည့် အနေအထား သဏ္ဌာန် ၂၀၀၈ အခြေခံ ဥပဒေအား တပ်မတော်မှပင် စပွန်ဆာပေးကာ သေချာကျနစွာ ရေးဆွဲထား ခဲ့၍ ဖြစ်သည်။ ဒီမိုကရေစီ လမ်းစဉ်သို့ သွားမည်ဟု ဗိုလ်ချုပ်ဟောင်းများ အသွင်ပြောင်းထားသော အရပ်သား အစိုးရမှ ကြွေးကြော် ရည်မှန်း ထားသော်လည်း အခြေခံဥပဒေအား သေချာစွာ ဂဃနဏ လေ့လာကြည့်လျှင် တိုင်းပြည်အား ၂၀၀၈ အခြေခံဥပဒေဖြင့် အာဏာ သိမ်းထားခြင်း ပုံသဏ္ဌာန်မျိုးမှာ ထင်ရှားစွာ ပေါ်လွင်နေ ပေသည်။ ဤတွင် တပ်မတော်၏ အခန်းကဏ္ဍ အသွင်သဏ္ဌာန်အား အနှစ်သာရ ပါပါ ပြောင်းလဲရေးမှာ မြန်မာ့နိုင်ငံရေးတွင် ထိပ်တန်း ဦးစားပေး အဆင့် (၁)အနေဖြင့် အားလုံးပါဝင် ၀ိုင်းဝန်း အဖြေရှာရမည့် နိုင်ငံရေး လုပ်ငန်းဆောင်တာကြီး တစ်ရပ် ဖြစ်လာတော့သည်။ ..
(၁) တပ်မတော် အခန်းကဏ္ဍ ပြုပြင်ပြောင်းလဲရေးအား တပ်မတော် ကိုယ်တိုင် ပြုပြင်ပြောင်းလဲမှ ရမည် ဟူသော အချက်သည် လက်ရှိ အခင်းအကျင်းအရ ပကတိကျသော လက်တွေ့ အနေအထား ဖြစ်သည်။ ဤတွင် တပ်မတော် ခေါင်းဆောင်ပိုင်း၏ စိတ်နေစိတ်ထား ပြောင်းလဲမှုသည် အရေးပါသော ကဏ္ဍမှ ပါဝင်လာမည် ဖြစ်သည်။ ၁၉၆၂မှ ၂၀၁၀ မတိုင်မီ တပ်မတော်၏ ဂုဏ်သရေမှာ ကျဆင်းခဲ့၍ တပ် မတော်အနေဖြင့် ပြည်သူတို့၏ အဆိုးမြင် သံသယ အကျိုးဆက်ကိုမူ မလွဲမသွေ ခံစားရမည် မှာလည်း တပ်မတော်ဘက်မှ လက်တွေ့ ကျကျ စဉ်းစားသင့်သော ပကတိ အခြေအနေပင် ဖြစ်သည်။ တပ်မတော် ၏ စိတ်နေစိတ်ထား ပြောင်းလဲမှုအား နိုင်ငံရေး အင်အားစုများ အနေဖြင့် စဉ်းစားသင့်သည့် နှစ်ချက်မှာ (၁) တပ်မတော်အား မည်သို့ ဆွဲဆောင်မည် ဟူသော ဗျူဟာ (၂) တပ်မတော်အား မည်သို့မက်လုံး ပေးမည်ဟူသော ဗျူဟာ ဟူ၍ နှစ်ရပ်ချမှတ် အဖြေရှာသင့်သည်။
(၂) လက်ရှိ မြန်မာ့နိုင်ငံရေး အခင်းအကျင်းမှာ အင်ဒိုနီးရှား မိုဒယ်အားယူ၍ ခင်းကျင်းခဲ့သည်ဟု ပညာရှင်များက သုံးသပ်ကြသည်။ သို့သော် အခင်းအကျင်း ဆင်သယောင် ရှိသော်လည်း အစိုးရသက် တမ်းဝက်ကာလအထိ နှိုင်းယှဉ် ချိန်ထိုးကြည့်လျှင် အင်ဒိုတပ်မတော်၏ စိတ်နေ စိတ်ထား ရည်မှန်းချက်နှင့် လုပ်ငန်းဆောင် တာများမှာ မူကွဲပြားမှု ရှိခဲ့သည်။ အဓိက အချက်မှာ မြန်မာ့ပြုပြင် ပြောင်းလဲမှုတွင် ဗျူဟာ များချမှတ်ထားသော ဒီမိုကရေစီ ပန်းတိုင် အတိအကျ မရှိခြင်းပင်ဖြစ်သည်။ ဤတွင် လမ်းပြမြေပုံ ၇ချက်အား ဒီမိုကရေစီပန်းတိုင်ဟု ပညာရှင်များက မယူဆဘဲ အောင်မြင်စွာ ဆုတ်ခွာရေး ဗျူဟာ ၇ချက်ဟုသာ ကောက်ချက်ဆွဲကြ၍ဖြစ် သည်။ အောင်မြင်စွာ ဆုတ်ခွာရေး မဟာဗျူဟာအား လက်ကိုင် စွဲထားသောအခါ ရှေ့သို့သွားမည့် ဒီမိုကရေစီခရီးမှာ အရွေ့နှေးမည် ဆိုသည်မှာ ယုတိ္တဗေဒ ရှုထောင့်မှ စဉ်းစားလျှင်ပင် အလွယ်တကူသိမြင်နိုင် သည်။ ပြုပြင် ပြောင်းလဲရေး အရွေ့ နှေးနေရခြင်း၏ အဖြေမှာ လက်ရှိ အစိုးရသည် အောင်မြင်စွာ ဆုတ်ခွာရေး ဗျူဟာ၌ဟာ အာရုံအစိုက် များနေခြင်းကြောင့် ဖြစ်သည်။ ပြည်သူ့အကျိုး ဖြစ်မည့် အရွေ့မြန်ဆန် ရေးထက် ဆုတ်ခွာရေး အတွက်သာ ကြိုတင် မျှော်မှန်း ရေးဆွဲထားခဲ့၍လည်း ၂၀၀၈ အခြေခံဥပဒေ အကျပ်အတည်းဟူ၍ ပေါ် ပေါက်လာခြင်းဖြစ်သည်။ ၂၀၀၀ ခုနှစ်တွင် အနားယူသွားသော ဆူဟာတိုခေတ် အင်ဒိုနီးရှား ဗိုလ်ချုပ်တစ်ယောက်၏ စကား တစ်ခွန်းမှာ မှတ်သားဖွယ်ရာ ကောင်းသည်။
““နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခြေအနေတွေ ဘယ်လောက်ဆိုးဆိုး ဒီမိုကရေစီက ပြန်ဆွဲတင်လိမ့်မယ်။ ဒီမိုကရေစီကိုတော့ ဘယ်တော့မှ လက်မလွှတ်နဲ့”” ဟူ၍ဖြစ်သည်။ အသွင် ကူးပြောင်းရေး ကာလတွင် မတည်ငြိမ်မှုများ ကြုံတွေ့ရသည်မှာ သဘာဝ ဖြစ်သော်လည်း အစိုးရအခါ တော်ပေးများ ဆိုသကဲ့သို့ ““ ဒီမိုကရေစီကို ရှေ့တန်းတင်လျှင် မှားမည်”” ““တိုင်းပြည်နဲ့ ဒီမိုကရေစီ မထိုက်တန်သေး”” ဟူသော စကားများမှာ အလိုတော်ရိ အိုင်ဒီယိုလော်ဂျီ များသာကြောင်း လက်ရှိ အင်ဒိုနီးရှား၏ ဖွံ့ဖြိုးမှုက သက်သေ ပြနေပေသည်။
ဒီမိုကရေစီကို ကိုင်စွဲခြင်းဆိုသည်တွင် နိုင်ငံရေး မတည်ငြိမ်မှု၊ လူမှုရေး မတည်ငြိမ်မှု များအား ဒီမိုကရေစီ နည်းကျကျ ဖြေရှင်းခြင်း၊ စီးပွားရေး ကဏ္ဍတွင် အခွင့်ထူးခံ လူတစ်စု လွှမ်းမိုးခြယ်လှယ် ထားခြင်းအား ဒီမိုကရေစီ နည်းကျကျ ဖြေရှင်းခြင်းတို့ကို ဆိုလိုခြင်းဖြစ်သည်။ အဓိက ရုဏ်းများအား ကိုင်တွယ်ဖြေရှင်းမှု၊ ဆန္ဒထုတ်ဖော်မှု များအား ကိုင်တွယ် ဖြေရှင်းမှု၊ အခွင့်ထူးခံ လူတစ်စုသာ စီးပွားရေးကဏ္ဍတွင် လွှမ်းမိုးကြီးစိုး နေမှုတို့အား ကိုင်တွယ် ဖြေရှင်းမှု၊ ပြည်သူတို့၏ လူမှုစီးပွား ဘ၀များအား မြှင့်တင်ရန် ကိုင်တွယ် ဖြေရှင်းမှု စသည်တို့၌ ဒီမိုကရေစီ ကျင့်ထုံး ကျင့်နည်းများဖြင့် ညီပါ၏လော ဟူသည်ကို ပြန်လည် ဆန်းစစ်ကြည့်လျှင် ဒီမိုကရေစီလမ်းစဉ်နှင့် သွေဖည် လမ်းလွဲနေသည်ကို မျက်ဝါးထင်ထင် တွေ့မြင်ရမည် ဖြစ်သည်။
ထို့ကြောင့်ပင် ဒီမိုကရေစီ ပန်းတိုင်အတွက် ကျင့်ထုံး ကျင့်နည်းများဖြင့် ဗျူဟာ တစ်ရပ် မရှိခြင်းဟု ဆိုလိုခြင်း ဖြစ်သည်။ မြန်မာနိုင်ငံ လက်ရှိသွားနေသော လမ်းစဉ်အား စည်းကမ်းပြည့်ဝသော ဒီမိုကရေစီဟု ဆိုထားသည်။ စည်းကမ်းဟူ သည်ကို အဓိပ္ပာယ် ပြန်ဖွင့်လျှင် စည်းကမ်း ဟူသည် အထက်မှ အောက်သို့ သွားသော သဘော ရှိ၍ ဒီမိုကရေစီ၏ သဘောတရားမှာ အလျားလိုက် သဘောရှိသည်။ စည်းကမ်းဟူသည် အာဏာ၏ နူးညံ့ သိမ်မွေ့သော ဘက်တစ်ခြမ်း ဖြစ်သည်။ ဒီမိုကရေစီ ကိုယ်၌ပင်လျှင် စည်းကမ်း သဘောပါ ၀င်ပြီး ဖြစ်သည်။ ဒီမိုကရေစီ စည်းကမ်းဟူ သည်မှာ ဒီမိုကရေစီ ကျင့်ထုံး ကျင့်နည်းများပင် ဖြစ်သည်။ စည်းကမ်း ဟူသော စကားလုံးသည် ဒီမိုကရေစီ ဝေါဟာရတွင် ထပ်မံဖြည့်စွက်၍ နာမ၀ိသေသန တပ်စရာမလိုဟု ယူဆပါသည်။
(၃) တပ်မတော်နှင့် ရဲတပ်ဖွဲ့အား သီးခြားတာဝန် ခွဲဝေယူစေခြင်းသည် အနာဂတ်ပြုပြင် ပြောင်းလဲရေး ခရီး၏ အရေးအပါဆုံး ကဏ္ဍ၌ ထည့်သွင်း စဉ်းစားသင့်သည်။ လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံ ပုဒ်မ ၂၃၂ (ခ) (၂) အရ ပြည်ထဲရေး ၀န်ကြီးသည် ကာ/ ချုပ်က ခန့်အပ် ထားသောသူဖြစ်၍ သမ္မတ၏ တိုက်ရိုက် ကွပ်ကဲမှု အောက်တွင် မရှိဟူသော သဘောဖြစ်သည်။ ဖြစ်ပွားခဲ့သော အဓိကရုဏ်းများ၊ ဆန္ဒထုတ်ဖော်မှုများ၊ နောင်ဖြစ်လတ္တံ့ ရှိသော ပြည်ထဲရေးရာ ကိစ္စ အရပ်ရပ်၌ အရပ်သား သမ္မတ၏အာဏာ တိုက်ရိုက် သက်ရောက်နိုင်မှုမှာ အထူးပင် အရေးကြီးသည်။
(၄) ၂၅ ရာခိုင်နှုန်း တပ်မတော်သား ကိုယ်စားလှယ် ရှိနေခြင်းထက် ပိုမို အရေးကြီးသော ကိစ္စမှာ ကာ/ချုပ်သည် အရပ်သား သမ္မတ၏ သြဇာ အာဏာစက်အောက် လုံးဝ ရောက်ရှိရေးပင် ဖြစ်သည်။ ၂၀၀၈ ဖွဲ့စည်းပုံအရ ကာ/ချုပ်သည် မဏ္ဍိုင်သုံးရပ်နှင့် သီးခြား ကင်းလွတ်သော အာဏာပိုင် ဖြစ်နေသည်။ ပြည်တွင်း ငြိမ်းချမ်းရေး တည်ဆောက်ရာ၌ ဤအချက် သည်လည်း အဟန့်အတား ဖြစ်နေနိုင် သည်လား ဆိုသည်ကို ထည့်သွင်း စဉ်းစား သင့်သည်။ အင်ဒိုနီးရှားတွင် စစ်တပ်၏ နိုင်ငံရေး နယ်ကျွံမှုကို ဆွဲနုတ်နိုင်ပြီး ၁၀ နှစ်ကြာသည့်တိုင် စစ်တပ် အပေါ်အစိုးရ၏ သြဇာလွှမ်းမိုး နိုင်မှုမှာ အခက်အခဲများ၊ စိန်ခေါ်မှုများဖြင့် များစွာ ရင်ဆိုင် ခဲ့ရသည်ကို ထောက်လျှင် စစ်တပ် နှစ်ပေါင်းများစွာ ကြီးစိုးခဲ့သော နိုင်ငံ၌ ဤအချက်မှာ အထူး ခက်ခဲမည်မှာ သေချာပေသည်။ ပုဂိ္ဂုလ်ရေး အခြေပြု ထိတွေ့ဆက်ဆံခြင်း ဗျူဟာဖြင့်သာ ထိရောက်မြန်ဆန်စွာ ရေတို့ အတွက် စခန်းသွားနိုင် ပေလိမ့်မည်။
(၅) အင်ဒိုနီးရှား မိုဒယ်နှင့် မတူညီသည့် အခြားအချက်မှာ ဆူဟာတို ပြုတ်ကျ ပြီး ၄ လအကြာ (၁၉၉၈ အောက်တိုဘာ) တွင် စစ်တပ်၏ ပြုပြင်ပြောင်းလဲရေး ပါရာဒိုင်း အသစ်ဟူ၍ အစီအစဉ်တစ်ရပ် ထွက်ပေါ် လာခြင်းဖြစ်သည်။ ထိုအစီအစဉ်တွင်
(က) စစ်တပ်အား ပြန်လည်အဓိပ္ပာယ် ဖွင့်ဆိုခြင်း (Redefine)
(ခ) စစ်တပ်အား နေရာပုံမှန် ပြန် လည်ချထားခြင်း (Reposition)
(ဂ) ဒီမိုကရေစီ စနစ်သစ်နှင့် သဟဇာတဖြစ်မည့် စစ်တပ်အဖြစ် တာဝန် ထမ်းဆောင်ရေး ဟူ၍ ပါရှိသည်။
တစ်ဖန် စစ်တပ်၏ ပြုပြင် ပြောင်းလဲမှုအား စစ်တပ် ကိုယ်တိုင်ပင် နိုင်ငံရေး ကင်းရှင်းစွာဖြင့် ကာကွယ်ရေး တာဝန် တစ်ရပ်တည်း လုပ်ဆောင်တော့မည်ဟု ကြေညာခဲ့သည်။
သို့သော် အင်ဒိုစစ်တပ်သည် စီးပွားရေး လုပ်ငန်းများကိုမူ လက်မလွှတ် နိုင်သေးဘဲ ၂၀၀၉ အောက်တိုဘာ တွင်မှ အပြီး လက်လွှတ်ရန် လွှတ်တော်မှ နိုင်ငံတော် ကာကွယ်ရေး ဥပဒေ ပြဋ္ဌာန်းပြီး လုပ်ဆောင်ခဲ့သည်။
မြန်မာ့ နိုင်ငံရေးတွင်လည်း စစ်တပ်၏ စီးပွားရေး ပါဝင်ပတ်သက်မှု ကဏ္ဍမှာ တိုင်းပြည်အတွက် စိန်ခေါ်မှု များစွာဖြင့် ရင်ဆိုင် ရနိုင်သည်ကို သတိမူသင့်သည်။
တပ်မတော် အစိုးရ အဆက်ဆက် အစဉ်အဆက် သုံးစွဲခဲ့သော အမျိုးသား လုံခြုံရေး ရှုထောင့်မှ တိုင်းပြည်ကြီး ချောက်ထဲကျရန် လက်နှစ်လုံးအလို ကယ်တင်လိုက်ရသည် ဟူသော တပ်မတော်၏ နိုင်ငံချစ်စိတ်မှာ တိုင်းပြည်၏ကဏ္ဍ အသီးသီးအား ချုပ်ကိုင်လို၍ သုံးစွဲသော အကြောင်းပြ စကားရပ်ဖြစ်သည်ကို လက်ရှိ စနစ်သစ်နှင့် လိုက်လျော ညီထွေမှု ရှိ၊ မရှိ ပြန်လည် သုံးသပ်သင့်ပေသည်။ တပ်မတော်ဟူသည် တိုင်းပြည်၏ ကာကွယ်ရေး ကဏ္ဍ၌သာ တာဝန်ကျေပွန်စွာ ထမ်းဆောင်ပြီး ပြည်သူ့မေတ္တာကို ခံယူရမည်မှာ တပ်မတော်၏ သမိုင်းပေး တာဝန်ပင် ဖြစ်သည်။ မြန်မာ့တပ်မတော်သည် ပြည်သူ့မေတ္တာ ပြန်လည်ခံယူပွဲ လုပ်မည် ဆိုလျှင် အခြားနိုင်ငံ များထက် တစ်ပန်း သာနေသည့် အချက် တစ်ချက်ရှိပါသည်။ ဤသည်မှာ မြန်မာလူမျိုး တို့သည် အခြေခံ စိတ်နေစိတ်ထား အရ ““သင်ပုန်းချေနိုင် စွမ်းရည်”” မြင့်မားခြင်းပင် ဖြစ်သည်။ သို့သော် သင်ပုန်းချေနိုင် စွမ်းရည်သည်““သမိုင်း ချေနိုင်စွမ်းရည်”” (သမိုင်းကို မေ့ပစ်ခြင်း)နှင့်ကား မတူသည်ကို တပ်မတော်ကော ပြည်သူပါ နားလည်မှု ရှိရှိခွဲခြား ဆင်ခြင် သင့်ပေသည်။
နိုင်ငံချစ်စိတ်နှင့် ပတ်သက်၍ ဗိုလ်ချုပ်အောင်ဆန်းသည် ၁၉၄၄၊ မတ်လ ၁၃ ရက်တွင် မိန့်ခွန်းတစ်ခု မြွက်ကြား ခဲ့ဖူးသည်။
““နောက်ဆုံးတစ်ခု မှာချင်တာက ငါတို့သာ နိုင်ငံချစ်တယ်ဆိုတဲ့ စိတ်ဓာတ် မထားကြဖို့ပဲ။ ဒီနိုင်ငံမှာပဲ ဖြစ်ဖြစ်၊ ဒီ့ပြင် နိုင်ငံမှာပဲ ဖြစ်ဖြစ် စစ်သားတွေချည်း နိုင်ငံချစ်တဲ့ သူတွေ ရှိကြတာမဟုတ်ဘူး။ တခြား စစ်သား မဟုတ်ပေမယ့် နိုင်ငံအတွက် အမျိုးမျိုး အနစ်နာခံ အမျိုးမျိုး စွန့်စားလုပ်ကြတဲ့ လူတွေလည်း ရှိတာပဲ။ အဲဒါ ကြောင့် စစ်သားမှ စစ်သားဆိုတဲ့ စိတ်သဘောထားကို ပြောင်းကြရမယ်””
ဗိုလ်ချုပ်အောင်ဆန်း
(၁၃၊ မတ်၊ ၁၉၄၄)
မြန်မာသံတော်ဆင့်