ဦးခင်ညွန့်နှင့် အင်တာဗျူး စာအုပ် မိတ်ဆက်ပွဲအား နိုဝင်ဘာလ ၂၈ ရက် နေ့လယ် ၁ နာရီတွင် ကန်တော်ကြီး အတွင်းရှိ ကရ၀ိက် နန်းတော်၌ ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါ အခမ်းအနား ပွဲ၌ ထောက်လှမ်းရေး ညွှန်ကြား ရေးမှူးဟောင်း၊ နိုင်ငံတော် ၀န်ကြီးချုပ်ဟောင်း ဦးခင်ညွန့်က သမိုင်းကြောင်းနှင့်နွှယ်၍ ရှောင်လို့မရသော ပုဂ္ဂိုလ်ရေး ထိခိုက်မှု အနည်းအကျဉ်း ရှိသောေ ကြာင့် တောင်းပန်ကြောင်း ပြောကြားသည်။
ထိုဦးခင်ညွန့်နှင့် အင်တာဗျူး စာအုပ်အား လျှပ်တစ်ပြက်ဂျာနယ် အယ်ဒီတာချုပ် ဦးမြတ်ခိုင် က ထောက်လှမ်းရေး ညွှန်ကြားရေးမှူးဟောင်း၊ နိုင်ငံတော် ၀န်ကြီးချုပ်ဟောင်း ဦးခင်ညွန့်နှ င့် မေးထားသော အင်တာဗျူးများဖြစ်၍ လျှပ်တစ်ပြက်ဂျာနယ်၌ အပတ် စဉ် ဖော်ပြ ထားသော အင်တာဗျူး သတင်းများအား စုစည်း ထုတ်ဝေ ထားခြင်း ဖြစ်သည်။ …
““ဒီစာအုပ်ထဲမှာ သမိုင်းကြောင်း မပျောက်ပျက်အောင်လို့ ကျွန်တော် ဖြေကြားထားပါတယ်၊ နောက်ပြီး တော့လည်း ပုဂ္ဂိုလ်ရေးပေါ် ထိခိုက်မယ့် နစ်နာတာမျိုးတွေကို အများကြီး ရှောင်ကြဉ် ထားပါတယ်။ သို့သော်များလည်း သမိုင်းကြောင်းနဲ့နွှယ်ပြီး ရှောင်လို့မရတဲ့ ပုဂ္ဂိုလ်ရေး ထိခိုက်မှုတွေ အနည်းအကျဉ်းတော့ ရှိသွားပါတယ်။ ရှိနိုင်တယ်လို့ ကျွန်တော် ဒီလိုပဲထင်မှတ်ပါတယ်။ ဒါကြောင့်မို့လို့ သမိုင်းကြောင်းကို အခြေခံပြီး ပြောတဲ့နေရာမှာ ဒီအင်တာဗျူးထဲမှာပါတဲ့ တချို့ ပုဂ္ဂိုလ်ရေး ထိခိုက်မယ့် ပုဂ္ဂိုလ်တွေကိုတော့ ကျွန်တော့်အနေနဲ့ တောင်းပန်ပါတယ်”” ဟု ထောက်လှမ်းရေး ညွှန်ကြားရေး မှူးဟောင်း၊ နိုင်ငံတော် ၀န်ကြီးချုပ်ဟောင်း ဦးခင်ညွန့်က သတင်းစာ ရှင်းလင်းပွဲ၌ ပြောသည်။၎င်းအခမ်းအနားသို့ ဦးနေ၀င်း (နိုင်ငံတော်သမ္မတဟောင်း)၏ မြေးဖြစ်သူ ဦးအေးနေ၀င်း တက်ရောက်ခဲ့ပြီး ယင်း အခမ်းအနားသို့ တက်ရောက်ခြင်းနှင့် ပတ်သက်၍ ၎င်းက-
““ဒီနေ့ ပွဲတက်ရတာက စာအုပ်ထုတ်ဝေသူက ဖိတ်လို့တက်ရတာပါ။ ဒီစာအုပ်ထဲမှာ အင်တာဗျူးလုပ် ထားတဲ့ ပုဂ္ဂိုလ်က နိုင်ငံတော် ၀န်ကြီးချုပ်ဟောင်း ဖြစ်ပါတယ်။ တစ်ချိန် တစ်ခါတုန်းက နိုင်ငံတော် ၀န်ကြီးချုပ် လုပ်ခဲ့တဲ့ ပုဂ္ဂိုလ်ရဲ့ ကိုယ်တိုင် အနီးကပ် ထုတ်ခဲ့တဲ့ အင်တာဗျူး စာအုပ်ဆိုတာ မြန်မာ့သမိုင်းမှာ အင်မတန် ရှားပါးပါတယ်၊ ဒီပုဂ္ဂိုလ်ကြီးရဲ့ ပြောဆိုချက်တွေ၊ လုပ်ဆောင်ချက်တွေကို ထောက်ခံတဲ့လူလည်း ရှိရင်ရှိပါမယ်။ မထောက်ခံ တဲ့လူလည်း ရှိရင်ရှိပါမယ်။ သို့သော် ထောက်ခံ၊ ထောက်ခံ၊ မထောက်ခံ မထောက်ခံ ၀န်ကြီးချုပ် ဆိုတဲ့ ရာထူးကို ရယူခဲ့တဲ့ ပုဂ္ဂိုလ်ရဲ့ နှုတ်ထွက်စကားဟာ သမိုင်းမှာ မှတ်တမ်းပဲ ဖြစ်ပါတယ်။ အဲဒါကြောင့် သမိုင်း မှတ်တမ်းအရ အရေးကြီးသော စာအုပ်မျိုးကို ထုတ်ဝေတာ ဖြစ်တဲ့အတွက် ကျွန်တော် လာရောက်ပြီးတော့ ဖိတ်ကြားမှုကို လက်ခံတဲ့ အနေနဲ့ တက်ရောက်ခဲ့ခြင်း ဖြစ်ပါတယ်””ဟု မြန်မာသံတော်ဆင့်သို့ ပြောသည်။
ထိုဦးခင်ညွန့်နှင့် အင်တာဗျူး စာအုပ်အား ထုတ်ဝေသူ Quality Publishing House မှ ကိုမြင့်ထွန်းက ““ဒီစာအုပ်က အထွေအထူးတော့ မဟုတ်ပါဘူး။ အားလုံး လျှပ်တစ်ပြက် ဂျာနယ်ထဲမှာ ပါပြီးသားတွေပဲလေ။ ဒါပေမဲ့ လျှပ်တစ်ပြက်ဂျာနယ် ထွက်တိုင်း၊ ဦးခင်ညွန့် အင်တာဗျူးပါတိုင်း ဒီဂျာနယ်တွေ စာဖတ်သူတွေ ကြားထဲမှာ ဝေဖန်သံလေးတွေ၊ အမြဲတမ်း ထွက်လေ့ထွက်ထ ရှိတယ်။ ဘယ်လို အကြောင်းအရာပဲဖြစ်ဖြစ် အဲတော့ အဲဒီဟာနဲ့ ပတ်သက်ပြီးတော့လည်း တစုတစည်းတည်း ဖြစ်သင့်တယ်လို့ ယူဆတယ်။ ဒီစကားလုံး တွေကို သဘောတူသူရော၊ မတူသူရောဟာ ဒီစာအုပ်နဲ့ ပတ်သက်ပြီး ဖတ်ရှု ကိုးကားနိုင်ဖို့ ကိုယ်တို့က ထုတ်ဝေသူ သက်သက် အနေနဲ့ ထုတ်တာပါ။ တခြား ရည်ရွယ်ချက်က မရှိပါဘူး””ဟု မြန်မာသံတော်ဆင့်သို့ ပြောသည်။
၎င်းအခမ်းအနားပွဲ ပြီးဆုံးသွားချိန်၌ မြန်မာနိုင်ငံ စာကြည့်တိုက်သို့ ငွေကျပ် ၃ သိန်း တန်ဖိုးရှိ စာအုပ် အုပ် ၁၀၀ အား အလှူရှင်များက ပေးအပ် လှူဒါန်းခဲ့သည်။
ဝန်ကြီးချုပ်ဟောင်း ဦးခင်ညွန့်အနေဖြင့် စစ်အစိုးရမှ ၂၀၀၄ ခုနှစ် အောက်တိုဘာလတွင် ထိန်းသိမ်းခံခဲ့ရပြီး အမိန့် မနာခံမှုနှင့် ဆိုင်းငံ့ ထောင်ဒဏ် ၄၄ နှစ် ချမှတ်ခံခဲ့ရပြီး ဇနီး ဒေါက်တာ ဒေါ်ခင်ဝင်းရွှေ၊ သားအကြီး ဒုဗိုလ်မှူးကြီး ဇော်နိုင်ဦး၊ သားအငယ် ဒေါက်တာ ရဲနိုင်ဝင်း၊ သမီးမသင်းလဲ့လဲ့ဝင်းနှင့် သမက် ဦးတင်ထွတ် တို့လည်း နေအိမ် အကျယ်ချုပ် ထိန်းသိမ်းခံခဲ့ရပြီး ရာနှင့်ချီသော ထောက်လှမ်းရေး အရာရှိများ ထောင်ဒဏ် ချမှတ် ခံခဲ့ရသည်။
ချမ်းမြေ့ခိုင်
မြန်မာသံတော်ဆင့်