Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

“ရွှေပြည်တော်သည်” ဆောင်းပါးရှင်-စိုးမင်း

$
0
0
ရန်ကုန်-နေပြည်တော် အဝေးပြေးလမ်းမ တနေရာ။(photo.Irrawaddy)

ဆင်၊ မျောက်၊ ခါ သတ္တ၀ါ သုံးဦးမှာ ဘယ်သူအသက်ကြီးဆုံးလဲ သိချင်တဲ့အခါ သူတို့နေတဲ့ ညောင်ပင်ကြီးနဲ့ တိုင်းကြည့်ကြသတဲ့။ ကိုယ်တို့အစိုးရ၀န်ထမ်းတွေလည်း ၀န်ထမ်းသက် ဘယ်သူပိုကြီးသလဲ သိချင်ရင် နေပြည်တော်ကြီး အ၀ှာပြုတုန်းက မင်းဘယ်ရောက်နေသလဲ ဆိုတာနဲ့ တိုင်းရမယ် ထင်ပါတယ်။ ကိုယ့်အဖို့ကတော့ မှတ်မှတ်ရရပါပဲ။ ၂၀၀၆ မေလမှာ အထူးကုလက်ထောက်ဆရာဝန်အဖြစ်နဲ့ လောက်ကိုင်ကို အော်ဒါထွက်တော့ အမိန့်စာကို ဆေးရုံကြီးနံဘေး အခုဗဟိုအမျိုးသားသွေးလှူဘဏ်လုပ်ထားတဲ့ ဆေးသိပ္ပံပညာဦးစီးဌာနမှာ သွားယူရတာ။ အဲဒီမှာ ရုံးစာရေး နည်းနည်းပါးပါးပဲ ကျန်တော့တယ်။ တော်တော်များများက နေပြည်တော်ပြောင်းသွားကြပြီ။ ပြောင်းတုန်းကတော့ နေ့ကောင်းရက်သာရွေးပြီး မင်္ဂလာအချိန်အခါတွေနဲ့ “အောင်ပြီ။ အောင်ပြီ။” ကြွေးကြော်လို့ ကားတန်းကြီးနဲ့ ချီတက်ကြရတာပေါ့။ ဟိုရောက်တော့ နေစရာထိုင်စရာတောင် အသင့်မဖြစ်သေးတာမို့ အရာရှိကြီးတွေတောင် ရုံးမှာ ခြင်ထောင်ထောင် အိပ်ကြရသတဲ့။ “မလိုက်ချင် အလုပ်ထွက်” လို့ ပြတ်ပြတ်သားသား ရာဇသံပေးပြီး ထားခဲ့တဲ့သူတွေကို နောင်တရသွားစေဖို့ အဲသည်အချိန်က နေပြည်တော်မှာလိုက်ပြီး ဒုက္ခခံတဲ့သူတွေကို အိမ်ခန်းကောင်းကောင်း၊ ရာထူးကောင်းကောင်းတွေ ပေးပြီး ချွေးသိပ်ခဲ့တာ ခုဆို တော်တော်တောင် အမောပြေလောက်ရော့မယ်။ ဘာပဲပြောပြော အခုတော့ ရာဇဌာနီ ဖြစ်သွားပြီ မဟုတ်လား။

ကိုယ်တို့အတွက်ကြတော့ နေပြည်တော်ဆိုတာ ထီးစိုက်နန်းတည် အချုပ်အခြာ အာဏာပိုင်စိုးရာ ဒေသသက်သက်တင် ဘယ်ဟုတ်မလဲ။ ခုနစ်ခွေရစ် တောင်မြစ်သတ္တရဘံလယ် နတ်မြတ်နတ်ကောင်း နတ်အပေါင်းတို့ စံစိုးသိမ်းမြန်းရာ တောင်မြင့်မိုရ်ကြီးပမာလည်း ဖြစ်တယ်။ အရေးဆို ခိုကိုးပသရတဲ့နေရာ ဆိုပါတော့လေ။ လာလာပြီး ဂါရလွန်းလို့ ဂါရာလို့ခေါ်ရင်တောင် ရလောက်တယ်။ သတ္တဌာနလည်း ရှိပြီးသားဥစ္စာ။ ရှေးရိုးစွဲအယူဝါဒတွေအရ ပိုင်ရာဆိုင်ရာ ဘိုးတော်ဘတော်တွေကို လက်ဘက်ကွမ်းဆေး ကန်တော့ပွဲများပေးလို့ ဆုတောင်းဆုယူ အဓိဌာန်တွေက အခုခေတ်လူတွေ အယုံအကြည် မရှိတော့ပါဘူး။ ဒါပေမယ့် ခေတ်ကာလ ကိုကြီးကျော်များ မင်းကြီးမင်းလေးများကို ၀တ်လဲတော်၊ ပဏ္ဏာတော်များနဲ့ ပုလင်းဆက် ခြင်းဆက်၊ ရိုးရာမပျက် မောင်းမစုံအပျော်ကြူးနိုင်ဖို့ ကန္နားကြီး ကန္နားငယ်များ ပေးနိုင်ရင်တော့ ကနေ့နက်ဖန် ချက်ခြင်းလက်ငင်း အကျိုးထူးပေးတတ်မှန်း သိသူတွေက ဖော်စားကုန်ကြတဲ့အခါ နေပြည်တော်မှာ လက်ဆောင်ပစ္စည်းမျိုးစုံဆိုင်တွေဆိုတာ ၀င်ကာထွက်ကာ ပတ်ချာကိုလည်နေတော့တာပဲ။ တောင်ပြုံးမှာ နတ်ဆက်တဲ့ ပန်းစည်းတွေကမှ အမှိုက်ပုံးထဲရောက်ချင်ရောက်သွားဦးမယ်။ ဟိုမှာတော့ “တံဆိပ်မခွာ၊ ဘောက်ချာနဲ့တကွ” မဟုတ်ရင် သိပ်တောင် မကြိုက်ချင်ကြဘူး။ သူ့ဆိုင်နဲ့သူ မဟုတ်ရင် ပြန်သွင်းတဲ့အခါ အင်တင်တင် လုပ်ကြလို့။ ဂါရ၀ နဲ့ ပဏ္ဏာသလို့ လာသမျှ လက်ခံရတာ အပြစ်မမြင်ကြနဲ့နော်။ မိုးကြိုးပစ်လိမ့်မယ်။ တစ်ဦးမေတ္တာ တစ်ဦးမှာတဲ့။ မေတ္တာရေစင်ဆက်တယ်၊ မေတ္တာဝေတယ် လို့ သဘောထားလိုက်တာပေါ့။ လူကြီးက မေတ္တာထားနိုင်အောင် ကိုယ့်ဘက်ကလည်း မေတ္တာပို့ရတာ မဆန်းဘူး။ သည်လိုနဲ့ပဲ “မေတ္တာပုလဲပန်းများ သီကြရာဝယ် လွယ်သည်လည်းရှိမယ် ခက်သည်လည်းရှိမယ်” ဆိုတဲ့ မေတ္တာရွှေပြည်ကြီးဆီကို အခါအားလျော်စွာ မကြာမကြာ ရောက်ဖြစ်ခဲ့ရပြန်ပါသေးတယ်။

ဟိုးအရင်ကာလတွေတုန်းကတော့ လမ်းပန်းဆက်သွယ်ရေးက အခုလောက် မချောမွေ့သေးပါဘူး။ လမ်းမှာ နေ့တ၀က်တော့ ကုန်တယ်။ ညကားစီး၊ မနက်စောစောရောက်၊ စည်ပင်မှာဝင် မျက်နှာသစ်၊ ရေမိုးချိုး၊ ရုံးကိစ္စတနေကုန်လုပ်ပြီး အဆင်ပြေရင် အဲသည်ညကားနဲ့ ပြန်ရတယ်။ ဘူတန်သွားဖို့ အင်တာဗျူးခေါ်လို့ လောက်ကိုင်ကဆင်းလာရတဲ့အခါတော့ မှတ်မှတ်ရရပါပဲ။ လားရှိုးကို ညနေရောက်၊ ညကားနဲ့ မန်းလေးဆင်း၊ မန်းလေးကနေ မနက်စောစော မိတ္ထီလာကားစီး၊ မိတ္ထီလာက ပျဉ်းမနားကားစီး၊ ပျဉ်းမနားက နေပြည်တော်ကားတစ်ဆင့်ပြောင်းစီး လမ်းမှာတင် ကားပေါ်တက်ကာဆင်းကာနဲ့ နှစ်ရက်ကြာတယ်။ ဒါပေသိ တတ်နိုင်ဘူး။ လာဆိုလာရတာပ။ ပူတာအို မချမ်းဘောကဆိုလည်း သည်လိုပဲ လာရမှာ။ အဲသည်အချိန်တုန်းကတော့ ကိုယ့်စိတ်ထဲမယ် နေပြည်တော်ဆိုတာ စည်ပင်ရိပ်သာရယ်၊ မြို့မဈေးရယ်၊ ကျန်းမာရေးဝန်ကြီးရုံးရယ်ကလွဲလို့ ဘယ်ကိုမှ မရောက်ဖူးဘူး။ လာရင်းလာရင်းနဲ့မှ တစ်ခါထက်တစ်ခါ စည်စည်လာတာကိုတွေ့ရတယ်။ ၀န်ထမ်းရပ်ကွက်ကလေးတွေဆိုတော့ မနက်လင်းရင် ရုံးကားကိုယ်စီနဲ့ ထွက်ကုန်ကြပြီး တိတ်ဆိတ်ခြောက်ကပ်သွားရာက ညနေမှောင်ရီပျိုးတော့ ဈေးခန်းဆိုင်ခန်းကလေးတွေနဲ့ ပြန်ပြန်စည်ကားလာရော။ ၀န်ထမ်းတွေ အိမ်လေးရာလေးနဲ့ မပူမပင်နေတယ်ဆိုတော့ တော်သေးတာပေါ့လေ။

နေပြည်တော် ဟော်တယ်ဇုံကြီးပြီးခါစ အကယ်ဒမီပေးပွဲကြီးကို နေပြည်တော်မှာ လုပ်လိုက်တဲ့အခါမှာတော့ မင်းသားမင်းသမီးတွေ စတည်းချရာ ဟော်တယ်ကြီးငယ်အသွယ်သွယ်မှာ မီဒီယာတွေ အင်တာဗျူးကြ အကယ်ဒမီဧည့်ခံပွဲတွေကျင်းပကြနဲ့ဆိုတော့ ကြော်ငြာပြီးသား ရသွားပြန်ရော။ ကျောက်မျက်လေလံပွဲတွေ လုပ်လိုက်တဲ့အခါမှာတော့ အခန်းလွတ်တောင် မကျန်တော့ပဲ အထပ်ထပ်တိုးချဲ့လို့ မဆုံးဖြစ်လာပါတယ်။ နေပြည်တော်ကိုဖြတ်ပြီး ရန်ကုန် မန္တလေး အမြန်လမ်းမကြီး ဖောက်ပြီးသွားတော့ နေပြည်တော်တက်တယ်ဆိုတာ ဟိုတုန်းက ပဲခူးသွားသလိုပဲ မနက်သွားညပြန် ဟန်ကျပန်ကျ ဖြစ်လာပါလေရော။ အဆင့်မြင့်ဟီးနိုးကားကြီးတွေကလည်း ကောင်းမှကောင်း။ အောင်မင်္ဂလာ ရန်ကုန်သာ ခုနှစ်ထောင် ရှစ်ထောင်ပေးရမယ်။ ရန်ကုန် နေပြည်တော်ဆို ငါးထောင်နဲ့ ရောက်တာ။ အဲသည်အချိန်မှာကတည်းက နေပြည်တော်မှာ မြေကွက်အသစ်တွေဖော်ပြီး အရောင်းအ၀ယ်ဈေးကွက်ကြီး တွင်ကျယ်လာခဲ့တာ ကမ္ဘာမှာဈေးအကြီးဆုံး Real Estate ဈေးကွက်ကြီး ဖြစ်လာတယ်လို့ သူများတွေပြောတဲ့အခါ ကိုယ်တွေ့မျက်မြင်မဟုတ်လို့ သိပ်မယုံခဲ့သေးဘူး။

အခုတစ်ခေါက် နေပြည်တော်မှာ တစ်ပါတ်လောက်ကြာအောင် နေဖူးသွားတဲ့အခါမှသာ မင်းနေပြည်ကြီး ဘယ်လောက် အပြောကျယ်သလဲ မျက်ဝါးထင်ထင် သိလာရပါတယ်။ လယ်ဝေး၊ ပျဉ်းမနား၊ တပ်ကုန်း၊ တောင်ညိုဆိုတဲ့ မြို့ကလေးတွေကို မြိုပလိုက်ပြီ။ ဒက္ခိဏသီရိ၊ ဇမ္ဗူသီရိ၊ ဥတ္တရသီရိ၊ ပုဗ္ဗသီရိ၊ ဇေယျာသီရိ လို့ နံမယ်အသစ်တွေပေးပြီး မြို့ကွက်အသစ်ကြီးတွေ ဖော်ထားလိုက်ပြီ။ ဟိုတုန်းကလို ၀န်ကြီးဌာနရုံးများ၊ ၀န်ထမ်းအိမ်ယာများနဲ့တင် တည်ထားတဲ့ အုပ်ချုပ်ရေးမြို့တော် မဟုတ်တော့ပဲ သေသေချာချာ စံနစ်တကျ အကွက်ရိုက် ပန္နက်ချပြီး ဖွံ့ဖြိုးအောင် စီမံထားတဲ့ မြို့ပြစီမံကိန်းကြီး ဖြစ်နေပြီ။ ဟော်တယ်ဇုန်ဆိုတာတွေက ရန်ကုန်ဘက်က၀င်တဲ့ တောင်ဘက်မှာတစ်ခု၊ မန္တလေးဘက်က၀င်တဲ့ မြောက်ဘက်မှာတစ်ခု၊ အမြန်လမ်းမကြီးက အနောက်ဘက်ဆင်းသွားရတဲ့ ငလိုက်ဆည် Resort မှာတစ်ခု ရှိနေပြီ။ စည်မျက်နှာကဲ့သို့ ညီညာပါပေသည်ဆိုတဲ့ မြို့တော်ကြီးမှာ ဘူဒိုဇာနဲ့ လွတ်တဲ့ကုန်းမြင့်မြင့်ဆိုလို့ နှစ်ကုန်းလောက်ပဲချန်ထားတယ်။ တစ်ခုက ဥပ္ပါဒသန္တိစေတီရှိပြီး နောက်တစ်ခုက Mount Pleasant Hotel ရှိတယ်။ လူဦးရေသိပ်သည်းမှုနဲ့စာရင် အင်မတန်ပိုပိုမိုမိုစီမံထားတဲ့ ကုတင် ၁၀၀၀ ဆေးရုံကြီးတွေက အရပ်ဘက်မှာတစ်ခု၊ တပ်ဘက်မှာတစ်ခုရှိတဲ့အပြင် မြို့ဝန်းပတ်လည်မှာ ကုတင် ၅၀ ဆေးရုံကလေးတွေ ရံထားသေးတယ်။ ရန်ကုန်မှာ ရှိတဲ့အရာတိုင်း နေပြည်တော်မှာ မရှိတာ ဘာတစ်ခုမှ မရှိစေရဘူး။ YKKO တို့၊ ရွှေပုဇွန်တို့အပြင် Western Park တို့၊ Golden Duck တို့လည်း ရှိတယ်။ လူတွေကို မဆိုထားနဲ့ တိရိစ္ဆာန်ရုံက ပင်ဂွင်းကလေးတွေလည်း နေပူတော်ကို တူတူလိုက်ရတာပဲ။ ရွှေတိဂုံဘုရားကြီးတောင် ကိုယ်တိုင်မလိုက်နိုင်တာနဲ့ ပုံတူတစ်ဆူ ပွားပေးလိုက်ရပါရောလား။ Ocean Super Center ကြီးဆို တောင်တစ်ခု မြောက်တစ်ခု၊ နှစ်ခုတောင်ရှိတာ။ အဲ မရှိတာဆိုလို့ လူသူလေးပါး ပဲ ကျန်တယ်။ တိတ်ဆိတ်ခြောက်ကပ်လို့။

ခြောက်လမ်းသွား ရှစ်လမ်းသွား လမ်းမကျယ်ကြီးတွေပေါ်မှာ ကားအသွားအလာ မရှိပဲ တစ်စီးတည်း မောင်းရတဲ့အခါ ရန်ကုန်မှာ တစ်ဘီးချင်းလှိမ့်နေရတဲ့ကားတွေကို သနားလိုက်ပါဘိ။ မောင့်ပုလဲဆင့်က ၀ရန်တာမှာ ကိုယ်ကလွဲရင် တခြားလူမရှိပဲ ဘီယာလေးသောက်လိုက်၊ ဓါတ်ပုံလေးရိုက်လိုက်လုပ်နေရတော့ အဟောသုခံ ချမ်းသာစွပေါ့။ ရှင်းလင်းနေတဲ့ ရှော့ပင်းမောကြီးမှာ အေးအေးဆေးဆေး လိုက်ကြည့်နေရင်း အအေးငွေ့တွေ လွှတ်ထားတဲ့ကောင်တာပေါ်က အသားငါး အသီးအရွက်၊ သစ်သီးဝလံတွေ ဘယ်သူမှ မ၀ယ်ရင် နောက်တစ်နေ့ ဘာတွေလုပ်ပစ်သလဲလို့ ပူပူပင်ပင် တွေးမိပါတယ်။ ခုလောက် ခြောက်တီးခြောက်ချက် ဈေးဝယ်လာတဲ့လူနဲ့ဆို ခန့်ထားရတဲ့ အလုပ်သမားလစာတောင် ကျေမယ် မထင်ပါဘူး။ ဆိုင်အပြင်ဘက်က လှမ်းကြည့်မိတော့ ရာထောင်ချီတဲ့ ဓါတ်မီးချောင်းတွေက မျက်နှာကျက်တစ်ခုလုံးမှာ လျှာထိုးကြမ်းခင်းတစ်ခု စိပ်စိပ်ခင်းထားသလို ထိန်နေတယ်။ ကိုယ့်ကိုယ်ကိုယ် အရူးတစ်ယောက်လိုခံစားရတယ်လေ။ အိမ်မှာဆို ဒီဘက်အခန်းက မီးပွင့်ပိတ်ပြီးမှ ဟိုဘက်ခန်းကမီးပွင့်ကိုထွန်းတယ်။ မီတာခနှမြောလို့ မဟုတ်ဘူး။ ကိုယ့်အိမ်က မီးပွင့်ကလေးတစ်ပွင့် မလိုအပ်လို့ ချွေတာလိုက်ရင် သစ်ပင်ကလေး တစ်ပင်လောက် အသက်ရှူလို့ဝသွားမလား လို့ တွေးမိတာကိုး။ အခုတော့ နင်သာလူမိုက် ဒုစရိုက်ပါလား လို့ သဘောပေါက်လာတယ်။ မောင့်ပုလဲဆင့်ပေါ်ကကြည့်ရင် နေပြည်တော်ကြီးတစ်ခုလုံးကို နဂါးငွေ့တန်းကြီးလို မြင်ရတယ်။ လူသူမရှိပဲနဲ့ ထိန်ထိန်တောက်နေတာ။

ကားလမ်းမကြီး တဘက်တချက်က ခေတ်မီလှပဆန်းပြားသော လုံးချင်းအိမ်ကလေးတွေလည်း ဒီဇိုင်းအမျိုးမျိုးနဲ့ တွေ့လို့ ဓါတ်ပုံရိုက်မိတာ ခနခန။ လူနေတဲ့ အရိပ်အယောင်တော့ ဆယ်အိမ့်တစ်အိမ်တောင် မတွေ့မိဘူး။ လှိုင်သာယာမှာဆို တဲတစ်လုံးမီးလောင်ရင် လူ၂၀လောက် အိုးမဲ့အိမ်မဲ့ဖြစ်သွားတာဆို။ သည်မှာ သန်းခေါင်စာရင်းကောက်ရင် အိမ်နှစ်ဆယ် လူတစ်ယောက်တောင် ပြည့်စရာမရှိ။ ပုဗ္ဗာသီရိဆေးရုံရှေ့က ရပ်ကွက်ကလေးထဲ လမ်းလျှောက်မိတော့ အငြိမ်းစားဝန်ထမ်းတွေအတွက် အကွက်ချပြီး ပုံစံတူ တန်ဖိုးနည်း ပျဉ်ထောင်အိမ်ကလေးတွေ မဆောက်မနေရဆောက်ခိုင်းထားတာမို့ မြေအပြည့် အိမ်အပြည့်တော့ ရှိပါရဲ့။ တကယ်နေဖို့မဟုတ်ပဲ ဈေးတက်ရင် ပြန်ရောင်းဖို့ ရင်းနှီးမြှုတ်နှံထားတာမို့ အစောင့်လောက် လာနေပေးမယ့်လူ ရှိရင်တောင် အလကားပေးနေမယ့်သူတွေချည့်ပဲ။ လူကြီးရပ်ကွက်ထဲက အိမ်တွေလည်း သည်လိုပဲ ရှိလိမ့်မယ်။ လူကြီးဆိုတာမျိုးက ရန်ကုန်မှာတစ်အိမ်၊ မန္တလေးမှာတစ်အိမ်၊ မေမြို့မှာတစ်အိမ်၊ တောင်ကြီးမှာတစ်အိမ်လောက်တော့ အောက်ထစ်ရှိကြတာချည့်ဆိုတော့ နေပြည်တော်ကအိမ်ကို ရောက်ရင်ဝင်တည်း ကိုယ်ပိုင်ဧည့်ဂေဟာထက် မပိုပါဘူး။ ဘယ်အမြဲနေနိုင်ပါ့မလဲ။ ပင်စင်သွားတဲ့အခါ စုမိဆောင်းမိကျန်အောင် ရွှေအိုးကြီး မြှုတ်ထားတဲ့သဘောလောက်သာ။ သူများသာ အတင်းတုပ်နေတာပါ။ ကိုယ်လည်း ဘယ်မြေကွက်မှ အနားမကပ်နိုင်တဲ့အစားမို့သာပေါ့။ နို့မို့ လေးပေ ခြောက်ပေကလေး အပိုင်ရှိရင်တောင် စည်းရိုးကလေးခတ်၊ ပက်လက်ကုလားထိုင်တစ်လုံးချပြီး သွားသွားထိုင်နေဦးမှာ။ နောင်ဆိုရင်တော့ သည်နေရာသည်ဒေသဟာ ကြက်ပျံမကျ စည်ကားလာဦးမှာ။ ရပ်ကွက် မြို့နယ် အိမ်ယာစခန်းတွေလည်းပဲ ရောင်းဝယ်ဖောက်ကား ငှားရမ်းလုပ်ကိုင်လိုသူများ ခြေချင်းလိမ်နေအောင် ၀ယ်လိုအားတွေ တက်လာဦးမှာ။ အခုတောင် တစ်ပေပတ်လည်မြေဈေးက ရေးတောင် မရေးရဲဘူး။ ရေးနေတုန်း တရိပ်ရိပ်ထပ်တက်သွားမှာစိုးလို့။ လက်စသတ်တော့ အမျှော်အမြင်ကြီးမားသူများ အနာဂတ်အတွက် ရင်းနှီးမြှုတ်နှံရာ အောင်မြေမြမန်းကြီး ဖြစ်နေတာကိုး။

မုဒိတာ အကြီးကြီးပွားနေရင်းကမှ အကုသိုလ်မစင်သူပီပီ ၀ဋ်ကြွေးမကင်းသူတွေကို မျက်စိထဲမှာ တန်းကနဲ မြင်ယောင်လာပါတယ်။ လူကြီးတွေ အနာဂတ်ကတော့ မြေကြီးလက်နဲ့ခတ်တာမှ လွဲချင်လွဲဦးမယ်။ ဖြောင့်ဖြူးသေချာနေတာပ။ နာဂစ်တုန်းက အဖေရော အမေရော၊ နေစရာအိမ်ပါ ပျောက်သွားရှာတဲ့ ကလေးတွေခမျာတော့ အနာဂတ်ကို ထားလိုက်ပါဦးလေ။ လာမှမလာသေးတာ။ ပစ္စုပ္ပန်က ဘယ်ဆီနေမှန်းမသိဘူး။ အတိတ်ကရော။ အတိတ်လည်း မရှိတော့ဘူး။ အတိတ်တုန်းကရှိခဲ့တဲ့ မိသားစု၊ နေစရာအမိုးအကာ၊ စားစရာ အလုပ်အကိုင်၊ ဘာတစ်ခုမှ မရှိတော့လို့ အတိတ်ပါပျောက်သွားပြီ။ ဒါတွေအားလုံးဟာ ဗုဒ္ဓဘာသာပီပီ အတိတ်ကံဝဋ်ကြွေးကြောင့်လို့သာ တရားနဲ့ဖြေရတော့မှာလား။ လက်ရှိဘ၀ ဒုက္ခဆင်းရဲကလွတ်အောင် ဘယ်လိုမှလုပ်မရတော့ဘူးလား။ ဆင်းရဲနွမ်းပါးမှုကို လျှော့ချဖို့ဆိုတာကတော့ လက်ကုန်နေပြီ။ ထပ်လျှော့လို့မရနိုင်တော့ဘူး။ သည်လိုဆိုရင် တို့လည်း သည်လောက်ကြီး မွဲပြာကျနေတာမှမဟုတ်တာ။ နေပြည်တော်တခွင် လှည့်ကြည့်လိုက်စမ်းပါလေ့။ ကြွယ်ဝချက်နှယ်။ အဲသည်ချမ်းသာကြွယ်ဝမှုကို နည်းနည်းလောက် လျှော့ချလိုက်နိုင်ရင်ဖြင့် ဆင်းရဲသားကလေးတွေ ပြောင်ပြောင်ယောင်ယောင် ဖြစ်လာဖို့ နီးစပ်မယ် မဟုတ်ဘူးလား။ လူမရှိတဲ့ဆီက ဆိုဒီယမ်မီးတိုင်ကြီးတစ်ပွင့်လောက် ပိတ်လိုက်ရင် ခွဲခန်းထဲက မီးမောင်းကလေး မလင်းနိုင်ဘူးလား။ ရုံးတက်ရုံးပြန် မမေ့ရန် မီး နဲ့ ပန်ကာပိတ် ဆိုတဲ့သူတွေက ဘယ်သူမှ မရှိတဲ့အရပ်မှာ နေအရောင်လိုပင် လအရောင်လိုပင် ရောင်ရွှင်လင်းလင်းညီးနေတာ မနှမြောကြဘူးလား မသိ။ ဒေါက်တာဇီဗားဂိုးထဲကလို ဆရာဝန်အိမ်ကြီးကို ပါတီကသိမ်းပြီး တစ်ရပ်ကွက်လုံးတက်နေရမယ်လို့တော့ မဆိုလိုပါဘူး။ သမိုင်းရဟတ်ကြီးလည်း တစ်ပါတ်ပြန်မလည်ပါရစေနဲ့။ အသုံးနဲ့အဖြုန်းကို ခွဲခြားနားလည်သော စီမံခန့်ခွဲမှုတစ်ခုလောက်ကိုတော့ ရချင်မိပါတယ်လေ။ ဆီးဂိမ်းကြီး ပြီးတဲ့အခါ ပြောတာပါ။ လောလောဆယ်တော့ ပိတ်ပွဲကြီးကျန်သေးတယ်။ ထွန်းလက်စနဲ့ ဆက်ထွန်းလိုက်ကြဦးစို့။ ချစ်ရောင်ခြည်လေ ချစ်ရောင်ခြည်။ ကဲ လာ။ လိုက်ဆိုကြ။

“စကြာဝဠာတွင်းမှာ လင်းသည်။ လရောင်ကြယ်ရောင်များလည်း ရှုံးပေလိမ့်မည်။ မိုးမြေဒီပါလုံးကို ဖုံးသည်။ ထိန်ဝင်းပြီးသစ်တဲ့ ချစ်ရောင်ခြည်…။”

Soe Min

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>