တလောတုန်းကဘဲ ရုပ်ရှင်မင်းသမီးတယောက်ရဲ့ မောင်တစ်ဦး ယာဉ်မတော်တဆ တိုက်မှုနဲ့ ကွယ်လွန်သွားတဲ့သတင်းဖတ်လိုက်ရတယ်။ အများလိုက်နာရမယ့်စည်းကမ်းအတိုင်း လိုက်နာမှုမရှိလို့ ယာဉ်တိုက်မှုတွေနဲ့ သေဆုံးမှုတွေ မကြာခဏသတင်းတွေမှာဖတ်ရတယ်။ မတော်တဆ ယာဉ်တိုက်မှုဆိုတာ သိပ်ဆန်းကျယ်တဲ့ အရာမဟုတ်ပေမဲ့ စည်းကမ်းမဲ့မှုကြောင့် အကျိုးမဲ့ လူ့အသက်တွေဆုံးရှုံးကြတာ၊ ထိခိုက်ဒါဏ်ရာရပြီး ကိုယ်အင်္ဂါချို့ယွင်းသွားကြတာ၊ ဆေးဘိုးဝါးဖိုးနဲ့ ယာဉ်ပျက်ဆီးမှုကြောင့် အကျိုးမဲ့ ကုန်ကျသွားတဲ့ ငွေကြေးဥစ္စာတွေ အဟောတိကံ ဖြစ်ကုန်တာ မိသားစုတွေအတွက်သာမက မိမိတို့လူ့အဖွဲ့အစည်းအတွက်ရော၊ တိုင်းပြည်အတွက်ပါ ၀မ်းနည်းစရာကောင်းပါတယ်။
ဘုရားတပြီး ကားစီးပါ
မြန်မာပြည်ကို ခေတ္တအလည်သွားရောက်ပြီး ပြန်ရောက်လာသူတိုင်းက သူတို့အတွေ့အကြုံထဲက အားမလိုအားမရဖြစ်တာတွေပြန်ပြောတတ်တဲ့အထဲမှာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းမလိုက်နာတတ်ကြတဲ့အကြောင်းက ထိတ်ဆုံးကပါတတ်ပါတယ်။ “ ဗမာပြည်ရောက်ရင် ကားမမောင်းရဲဘူး” “ ဟိုမှာ ကားစီးရတာ၊ လမ်းဖြတ်ကူးရတာ ဘုရားတနေရတာပဲ” ဆိုတဲ့ငြီးသံတွေပြန်လာသူတွေဆီက ကြားရတတ်တယ်။ ကျနော်တို့ ငယ်ငယ် လွန်ခဲ့တဲ့ အနှစ် လေးဆယ်ကျော် လောက်က ရေဒီယိုကနေ “ ယာဉ်အန္တရာယ်××စုပေါင်းကာကွယ်ပါမည်××လမ်းစည်းကမ်းကိုလိုက်နာဖို့လိုပါသည်××ယာဉ်စည်းကမ်းကို လိုက်တာဖို့လိုပါသည်×× ဆိုပြီး လမ်းစည်းကမ်း၊ယဉ်စည်းကမ်းလိုက်နာရေး ၀ါဒဖြန့်ချိရေးသီချင်းတွေ နေ့စဉ်လိုလိုကြားခဲ့ရတယ်။ အဆိုပါသီချင်း ဒီကနေ့ထိ ခေတ်စားမစားတော့မသိ၊ ကျနော်တို့ အိမ်နီးချင်း အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ခ်ျ နိုင်ငံတွေလိုပဲမြန်မာပြည်က နေ့စဉ်ထုတ် သတင်းစာနဲ့ ဂျာနယ်တွေမှာတော့ ယာဉ်တိုက်မှုသတင်းကို မမြင်ချင်လို့မရပါဘူး။
နိုင်ငံတကာရဲ့ မတော်တဆယဉ်တိုက်မှု
WHO( ကုလသမဂ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း) ရဲ့ ၂၀၁၀ ခု ထုတ်ပြန်တဲ့စာရင်းအရ ကမ္ဘာတ၀ှမ်းမှာ အနည်းဆုံး လူပေါင်း ၁.၂၄ သန်းဟာ မတော်တဆ ယာဉ်တိုက်မှုနဲ့ သေဆုံးခဲ့တယ်။ သေဆုံးမှုရဲ့ တ၀က်လောက်ဟာလမ်းပေါ်သွားလာနေသူတွေ၊ စက်ဘီး ဆိုင်ကယ်နဲ့တိုက်မှုတွေဖြစ်ပြီး သေဆုံးမှုရဲ့ ၅၉ ရာခိုင်နှုံးမှာ အများအားဖြင့် ၁၅နှစ်မှ ၄၄နှစ်ကြားလူငယ်တွေဖြစ်ကြသလို အမျိုးသားတွေများကြပါတယ်။ မတော်တဆဖြစ်မှုတွေရဲ့ ၉၂ ရာခိုင်နှုံးဟာ ၀င်ငွေနည်းပါးတဲ့ အရှေ့တောင်အာရှနဲ့ အာဖရိကနိုင်ငံတွေက အဖြစ်များကြတယ်လို့ WHO ကဆိုပါတယ်။ လူဦးရေထူထပ်တဲ့ ကျနော်တို့ အိမ်နီးချင်း အိန္ဒိယမှာ ယာဉ်မတော်တဆမှုနဲ့ သေဆုံးတာက တနှစ်ကို တသိန်းခွဲနီးပါးရှိပြီး ဂျပန်နိုင်ငံမှာ ၅၀၀၀ နီးပါး၊ အမေရိကားမှာ ၃၄၀၀၀နီးပါး ၊ ယူကေမှာ ၁၇၀၀(၂၀၁၂စာရင်း)အရသိရတယ်။
သေနှုံး ၂ဆတိုး
မြန်မာနိုင်ငံ ယာဉ်ထိမ်းဌာနရဲ့ တရားဝင်သတင်းအချက်အလက်တွေအရကြည့်မယ်ဆို ၂၀၁၀ ခုနှစ်က ယာဉ်တိုက်မှုကြောင့် သေဆုံးမှု ၂၂၆၄ ခုရှိခဲ့ပြီး၊ ၂၀၁၁ခုမှာ ၂၄၉၅သေဆုံးခဲ့တယ်။ မနှစ်က သေဆုံးမှုကတော့ ၂၆၅၃ အထိ တိုးလာပါတယ်။ ယာဉ်တိုက်မှုသတင်းအရှိန်မကျသေးတာကြောင့် ဒီနှစ်၂၀၁၃ ဆိုရင်လည်း လျှော့ကျမယ့်သဘောမမြင်ရပါဘူး။ ယာဉ်ထိမ်းရဲမှတ်တမ်းတွေအရ လွန်ခဲ့တဲ့ ၂၀၀၁ခုကနေ ၂၀၁၂ထိ ၁၁နှစ်အတွင်း ယာဉ်မတော်တဆတိုက်မှုတွေကြောင့်သေဆုံးမှုဟာ ကိန်းဂဏန်းနှစ်ဆကျော်တိုးပွားသွားတာကိုတွေ့ရမှာပါ။ ဘာကြောင့်ဒီလိုဖြစ်ရတာလဲ ဆိုတာကို သက်ဆိုင်တဲ့တာဝန်ရှိသူတွေက မှန်မှန်ကန်ကန် သုံးသပ်ရှုမြင်ကြဖို့လိုအပ်ပါတယ်။
လမ်းနဲ့ယာဉ် လူနဲ့လမ်း
မတော်တဆ ယာဉ်တိုက်မှုတိုင်းဟာ၊ လမ်းချို့ယွင်းမှု၊ မော်တော်ယာဉ်စက်ချို့ယွင်းမှုနဲ့ လူရဲ့စည်းကမ်းမလိုက်နာမှု တွေက အခြေခံတာပဲဖြစ်တယ်။ မှတ်တမ်းတွေအရ မြန်မာနိုင်ငံ တနိုင်ငံလုံး ကားလမ်းအရှည် ကီလိုမီတာတသိန်းခွဲကျော် ရှည်လျှားပါတယ်။ လမ်းရဲ့ ကြံ့ခိုင်ကောင်းမွန်မှုက ကီလိုမီတာ ၃သောင်းကျော်သာရှိပါတယ်။ လမ်းအားလုံးရဲ့ ၂၁. ၆၈ ရာခိုင်နှုံးသာ ကောင်းမွန်တယ်လို့သိရတယ်။ ကျနော်တို့ငယ်ငယ်ကတည်းက အင်္ဂလိပ်ကိုလိုနီဘ၀ကတည်းကဖောက်လုပ်ခဲ့တဲ့ ရန်ကုန်မန္တလေး အဝေးပြေးကားလမ်းကြီးရဲ့ အစိတ်အပိုင်းတွေကို ဖာထေးပြုပြင်နေတာ ဒီကနေ့အထိပါပဲ။ လမ်းနဲ့ပတ်သက်တဲ့ လူရွှင်တော်ပျက်လုံးတွေတောင်ပေါ်ခဲ့ပါတယ်။ “ တခါထဲ မကောင်းစေနဲ့၊ ခဏခဏပြင်မှ ကြာရှည်ဝါးရမယ်” “ ကတ္တရာစေးနဲ့ ဆောက်တဲ့ အရာရှိတိုက်” “ တခြားနိုင်ငံက ငွေနဲ့ လမ်းလုပ်တယ်၊ မြန်မာက လမ်းနဲ့ငွေလုပ်တယ်” ။ စစ်အစိုးရခေတ်က လမ်းတံတားဖောက်လုပ်မှုကို ဂုဏ်ယူပြီးပြောလေ့ရှိပေမဲ့ အဆိုပါလမ်းတံတားတွေရဲ့ ခံနိုင်ရည်နဲ့ ရေရှည်ကြံ့ခိုင်မှုအနေအထားတွေလည်း ပြန်လည်စီစစ်သင့်ပါတယ်။ ရေရှည်နဲ့ အကျိုးဆက်တွေမစဉ်းစားပဲ တကောင်းခေတ် ကံရာဇာငယ် သစ်ခက်နဲ့ယာယီနန်းတည်သလို ဖုတ်ပူမီးတိုက်ဖောက်ခဲ့တဲ့ နေပြည်တော် သေမင်းတမန် အဝေးပြေးကားလမ်းကြီးမှာ ယာဉ်မတော်တဆ တိမ်းမှောက်မှုများစွာနဲ့ ကြုံခဲ့ရ၊ ကြုံနေရဆဲ။ တခါတုန်းက ရခိုင်ပြည်နယ်က လူငယ်တယောက်သူ့အတွေ့အကြုံလေးပြောပြခဲ့တာမှတ်မိနေပါတယ်။ သူတို့မြို့နယ်မှာ လမ်းဖောက်လုပ်ရေးနဲ့ ကိုယ်ထူကိုယ်ထ တံတားဆောက်ဖို့ အိမ်တိုင်းစေ့ သစ်၊၀ါးတွေ ယူဆောင်ပြီး လုပ်အားပေးရပါတယ်။ သစ်ခုတ်ဖို့အချိန်လည်းမပေးနိုင်၊ အမိန့်နဲ့ ခိုင်းတာကိုလည်းမကြေနပ်တော့ အမှန်တကယ် တံတားဆောက်ရာမှာ ရာထားတဲ့သစ် အရေအတွက်မပြည့်တော့ပါဘူး။ ဒါနဲ့ ငှက်ပျောတုံးတွေကြားညှပ်ထည့်ပြီး အချိန်မှီတံတားဆောက်လိုက်ကြတယ်လို့ သိရပါတယ်။ ငှက်ပျောတုံးကြမ်းခင်းတံတား ဘယ်လောက်ကြာကြာခံမလဲ စာဖတ်သူတို့သာ တွေးကြည့်ကြပါတော့။ အုပ်ချုပ်သူတွေနဲ့ ပြည်သူတွေအကြား ယုံကြည်မှုပျက်ပြားတဲ့အခါ မှာလည်း စီမံကိန်းတွေဟာ ချို့ယွင့်ကြန့်ကြာတတ်ပါတယ်။
စည်းမဲ့စိတ်ကို တားဆီး
ယာဉ်စည်းကမ်းနဲ့ လမ်းဥပဒေမလိုက်နာမှုက အခြေခံကျနေပါတယ်။ လူဦးရေထူထပ်မှုနဲ့ ကျင့်ဝတ် စိတ်ဓာတ် မစောင့်ထိမ်းမှုကလည်း မီးလောင်ရာလေပင့်မှုတွေပါ။ အိန္ဒိယနိုင်ငံနယူးဒေလီမြို့မှာ ယာဉ်အချက်ပြ မီးပွိုင့်ယာယီပျက်သွားတဲ့အခိုက်အတန့်မှာ ယာဉ်မောင်းသူတွေ ဟွန်းတပွမ်ပွမ်နဲ့ သူ့ထက်ကိုယ် ဦးအောင်လမ်းဖြတ်ရင်း နောက်ဆုံး ယာဉ်ကြောပိတ်ဆို့ပြီး အငြင်းပွားမှု၊ ဆူပူအော်ဟစ်ပြီး ယာဉ်ထိမ်းရဲမလာမချင်း ကားဟွန်းသံတညံညံနဲ့ ကမ္ဘာပျက်မတတ်ဖြစ်နေတာကို အကြိမ်ကြိမ် အလီလီမြင်ခဲ့ဖူးပါတယ်။ မီးစိမ်းပြလို့ မျဉ်းကြားက ကူးခွင့်ရတာတောင် စိတ်လုံခြုံမှုမရှိပဲ တောင်ကြည့်မြောက်ကြည့်နဲ လမ်းကူးရပါတယ်။ မီးနီပြတာကို ဂရုမစိုက်ပဲ ဖြတ်မောင်းလို့ လမ်းကူးသူတွေ ယာဉ်တိုက်ခံရတဲ့ ဖြစ်ရပ်တွေလည်းမနည်းတော့ပါ။ စာရေးသူဟာ အိန္ဒိယက ယာဉ်မောင်းသင်တန်းတက်ခဲ့ဖူးပါတယ်။ သင်တန်းဆရာက “ ဘေးကိုလည်း ဂရုမစိုက်နဲ့ နောက်က ကား လာလည်း ဂဂုမစိုက်နဲ့ ကိုယ့်ရှေ့က သွားရမဲ့ လမ်းကြောင်းပဲ ဂရုစိုက်” လို့မှာပါတယ်။ အကျိုးဆက်က မိမိလမ်းကြောင်းအတွက်သာကြည့်ပြီး တခြားယာဉ်ကြောကို ဂရုမစိုက်လို့ ယာဉ်တိုက်မှုမကြာခဏဖြစ်ရတာပါပဲ။ ဒီကနေ့အိန္ဒိယက အကျင့်စရိုက်နဲ့ လုပ်ဆောင်မှုတွေ မြန်မာပြည်မှာလည်းကြုံနေရပါပြီ။ စာရေးသူ နော်ဝေးနိုင်ငံ နိုင်ငံ(အော်စလို) ရောက်တော့ ပထမဆုံးဖြစ်ပေါ်မိတဲ့ စိတ်ခံစားမှုက “ လုံခြုံမှု “ ကိုခံစားရတာပဲဖြစ်တယ်။ ယခင်နေထိုင်ခဲ့ဖူးတဲ့ နိုင်ငံတွေနဲ့ သိသာကွဲပြားတဲ့ စိတ်လုံခြုံမှုကို နယ်ပယ်တိုင်းမှာကြုံတွေ့ရတယ်။ ကားဟွန်းသံဆိုတာ မကြားရသလောက်ပါပဲ။ မီးပွိုင့်မထားတဲ့ မျဉ်းကြားတိုင်းကို ဘယ်လောက်ပဲ ကားထူထပ်နေပါစေ စိတ်ချလက်ချ ရဲရဲတင်းတင်းဖြတ်ကူးနိုင်ပါတယ်။လူတယောက်ဖြတ်ဖို့လာတာနဲ့ ကားတွေက မျဉ်းကြားမရောက်မီ နှစ်မီတာ အလိုမှာ ရပ်တန့်ပေးပါတယ်။ လူသွားမီးပွိုင့်ရှိတဲ့ မျဉ်းကြားတွေမှာတော့ အချက်ပြမီးတိုင်မှာရှိတဲ့ ခလုတ်ကိုနှိပ်လိုက်ရင် (ချက်ချင်းမဟုတ်ပေမဲ့) အချိန်အနည်းငယ်အတွင်း လူသွားဖို့ မီးစိမ်းအချက်ပြတတ်ပါတယ်။ ယာဉ်မောင်းလိုင်စင်ရဖို့ကိုလည်း စာတွေ့နဲ့ လက်တွေ့နှစ်မျိုးလုံးကို သေချာစမ်းသပ်ခံရပြီး အောင်မြင်ဖို့လိုအပ်ပါတယ်။ တကယ်လို့ လူတယောက်ကို ယာဉ်မတော်တဆတိုက်မှုဖြစ်ရင် လိုင်စင်ရုတ်သိမ်းခံရသလို မြောက်မြားတဲ့ ရော်ကြေးငွေတွေပေးရတဲ့အထိ အထိ ပြင်းပြင်းထန်ထန် အရေးယူတတ်လို့ ယာဉ်စည်းကမ်းကိုအထူးသတိထားလိုက်နာကြပါတယ်။
မြန်မာပြည်မှာတော့ ငွေပေးရင်၊ အထက်လူကြီးနဲ့ ပြေလည်ရင်၊ သြဇာအာဏာရှိသူနဲ့ နီးစပ်ရင် အလွယ်တကူ လိုင်စင်ရနေသလို စည်းမဲ့ ကမ်းမဲ့ မော်တော်ယာဉ်မောင်းနှင်မှု၊ ယာဉ်တိုက်မှုတွေကိုလည်း စနစ်တကျအရေးယူတာမျိုးမရှိဘူးလို့ သတင်းတွေထွက်ပေါ်နေတတ်ပါတယ်။ စစ်အာဏာရှင်တွေကြီးစိုးနေတဲ့တချိန်က ကားခေါင်းရှေ့မှာ ဗိုလ်မှုး၊ ဗိုလ်ချုပ်အဆင့်အသုံးပြုတဲ့ ဦးထုပ်လေးမြင်အောင်ပြထားရုံနဲ့ ယာဉ်ထိမ်းရဲ၊ မီးပွိုင့်တွေကို အလေးမမူဖြတ်ကျော်သွားခဲ့ဖူးတဲ့ သာဓကတွေရှိခဲ့ဖူးပါတယ်။ ညလူခြေတိတ်ချိန် ရာထူးကြီး၊ ပိုက်ဆံရှိသူတွေရဲသားသမီးများ ကားပြိုင်ပွဲ သတင်းတွေလည်းကြားဖူးပါတယ်။ ဒီလိုအပြုအမူနဲ့လုပ်ဆောင်ချက်တွေဟာ ဥပဒေမဲ့ စည်းမဲ့ကမ်းမဲ့စိတ်ဓာတ်နဲ့ ကျင့်ဝတ်လျော့ရဲတဲ့သဘောတွေကို ပြသနေတာဖြစ်တယ်။
ဒီမိုကရေစီနိုင်ငံသစ်ကိုတည်ဆောက်ရာမှာ ဥပဒေနဲ့ ကျင့်ဝတ်ဟာ အခရာကျပါတယ်။ သူများတကာစည်းဖောက်လို့ကိုယ်က လိုက်ဖောက်တာမျိုးဆိုရင် ဘယ်လိုနည်းနဲ့မှ တည်ဆောက်လို့ မပြီးမြောက်ပါ။ တိုးတက်ဖွံ့ဖြိုးတဲ့ ဥရောပနဲ့ အနောက်နိုင်ငံတွေမှာကြည့်ရင် ဥပဒေနဲ့စည်းကမ်းကိုလေးစားလိုက်နာပြီး လူ့ဂုဏ်သိက္ခာနဲ့အညီ ကျင့်ဝတ်မပျက်နေထိုင်ကြတာကိုတွေ့ရပါတယ်။ လူတိုင်းလူတိုင်း လမ်းစည်းကမ်း၊ ယာဉ်စည်းကမ်း နဲ့ လူ့စည်းကမ်းတွေကို တလေးတစားကျင့်ကြံအားထုတ်ကြမယ်ဆိုရင်.လမ်းနဲ့လူ၊ လူနဲ့ယာဉ်၊ ယာဉ်နဲ့လမ်း ဟန်ချက်ညီတဲ့ အေးငြိမ်းမှုကိုရကြမှာပါ။
ကိုညို(အော်စလို)
၁၃ ဒီဇင်ဘာ၂၀၁၃