Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ဥရောပ မြန်မာ ကုန်သွယ်ရေး သဘောတူညီမှု ဘာထူးခြားနိုင်မလဲ

$
0
0
အိမ်နီးချင်းနိုင်ငံတွေရဲ့ ပို့ကုန်တင်ပို့မှုကို လိုက်မီအောင် ကြိုးစားဖို့လိုသေးတယ်လို့ သုံးသပ်မှုတွေ ရှိနေ
အီးယူ မြန်မာ ကုန်သွယ်မှု မြှင့်တင်ဖို့ ဥရောပကုန်သည်ကြီးများ အသင်းနဲ့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန မြန်မာ ကုန်သွယ်မှု မြှင့်တင်ရေး အဖွဲ့တို့ဟာ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုး ခဲ့ကြပါတယ်။

လက်မှတ်ထိုးတဲ့ နေ့ကစပြီး ငါးနှစ်အတွင်း အီးယူနဲ့ မြန်မာကြား ကုန်သွယ်မှုတွေ တိုးလာဖို့နဲ့ ဥရောပက လုပ်ငန်းတွေ ရင်းနှီးမြှုပ်နှံမှု ပိုလုပ်လာဖို့ ဖြစ်နိုင်ချေရှိတဲ့ ကဏ္ဍတိုင်းမှာ ပူးပေါင်းဆောင်ရွက် သွားမယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီနားလည်မှု စာချွန်လွှာကို နိုဝင်ဘာလ ၂၄ ရက်နေ့က ရေးထိုးခဲ့ကြ တာပါ။

ဥရောပသမဂ္ဂက မြန်မာနိုင်ငံကို ၁၉၉၁ ခုနှစ်က အရေးယူ ဒဏ်ခတ်မှုတွေ လုပ်ခဲ့ ချိန်က နဝတ၊ နအဖ စစ်အစိုးရ လက်ထက် စစ်ဗိုလ်ချုပ်ကြီး တွေကို ဥရောပ ပြည်ဝင်ခွင့် ပိတ်ပင်ခဲ့ပြီး စစ်လက်နက် ရောင်းချတာတွေကိုလည်း ပိတ်ပင်ခဲ့ ပါတယ်။

၂၀၁၂ မှာ တချို့အချက်တွေ ဖြေလျှော့ ပေးခဲ့ပေမဲ့ စစ်လက်နက် ရောင်းချမှုကို အခုထိ ပိတ်ထားတုန်းဖြစ်ပါတယ်။

၂၀၁၇ ခုနှစ်က စတင်ပြီး အီးယူနိုင်ငံတွေက မြန်မာမှာ ရေနံနဲ့ သဘာဝဓါတ်ငွေ့နဲ့ သတ္တုတူးဖော်မှု၊ လယ်ယာစိုက်ပျိုးရေး ကဏ္ဍနဲ့ ရေလုပ်ငန်းတို့မှာ ပြန်လည် ရင်းနှီးမြှုပ်နှံ လာခဲ့ရာမှာ အခု အမေရိကန်ဒေါ်လာ ၅.၆ ဘီလျံ အထိ ရှိနေပြီ လို့ မြန်မာကုန်သွယ်ရေး မြှင့်တင်ရေး အဖွဲ့ ညွန်ကြားရေးမှူးချုပ် ဦးအောင်စိုးက ပြောပါတယ်။

ဒါပေမဲ့ အီးယူကို တင်ပို့နေတဲ့ မြန်မာပြည်က ပို့ကုန်တွေ ကို အရည်အသွေးမြင့်ဖို့ လိုအပ်တယ်လို့ သူက ဆိုပါတယ်။

စီးပွားရေးနဲ့ ကူးသန်း ရောင်းဝယ်ရေး ဒုတိယ ဝန်ကြီး ဦးအောင်ထူးကတော့ အခုလို မတည်ငြိမ် သေးတဲ့ မြန်မာနိုင်ငံ အခြေအနေမှာ ဒီလို MOU ထိုးနိုင်တာဟာ ဥရောပ နိုင်ငံတွေဘက်က ပိုမိုပူးပေါင်းဆောင်ရွက်ချင်တာကို ပြသတာလို့ ပြောပါတယ်။

ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်နေတဲ့ မြန်မာနိုင်ငံမှာ မကြာခင် စီးပွားရေး ပိုကောင်းအောင် ဖော်ဆောင်နိုင်မယ်လို့ ယုံကြည်တဲ့အတွက် အခုလို MOU ထိုးတာဖြစ်ခြင်းအားဖြင့် ပိုမို အထောက်အကူဖြစ်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ဥရောပ ကုန်သည်ကြီးများ အသင်း အမှုဆောင် ဒါရိုက်တာ တစ်ဦးဖြစ်တဲ့ Filip Lauwersen က ပြောပါတယ်။

မြန်မာနိုင်ငံက နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု တွေကို ဖိတ်ခေါ်နေတဲ့အချိန်မှာ အိမ်နီးချင်း နိုင်ငံတွေရဲ့ ပို့ကုန်တင်ပို့မှုကို လိုက်မီအောင် အများကြီး ကြိုးစားဖို့ လိုသေးတယ် ဆိုတဲ့ သုံးသပ်မှုတွေ ရှိနေပါတယ်။

BBC Burmese
http://www.bbc.com/burmese

Viewing all articles
Browse latest Browse all 32865