Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ပြည်သူတွေ ငရဲက လွတ်မြောက်ဖို့အတွက် --ထင်လင်းဦး

$
0
0
ထင်လင်းဦး (Wisdom Villa)

ပြီးခဲ့တဲ့ တစ်ပတ်က ဒီမိုကရေစီချက်ချင်းရတာနဲ့ နတ်ပြည်တက်လို့ မရသေးဘူးသူငယ်ချင်း " ဟု သမ္မတရုံး ၀န်ကြီးဆို … ဆိုတဲ့ ခေါင်းစဉ်ပြူးပြူးကြီးနဲ့ ဓါတ်ပုံကြီးတစ်ပုံနဲ့ ဖော်ပြထားတဲ့ သတင်းတစ်ပုဒ်ကို စံတော်ချိန်သတင်းစာမှာ ဖတ်ခဲ့ရပါတယ် ။ အတော်လည်း သဘောကျမိပါတယ် ။ အော် တော်တော်ကို တရားကျစရာကောင်းတဲ့သူတွေပါလားလို့ တွေးတွေးပြီး အဲဒီလိုဝန်ကြီးမျိုးတော့ ဘယ်တော့မှ မဖြစ်ချင်နဲ့ မောင်ထင် လို့လဲ ကိုယ့်ကိုယ်ကို သတိပေးမိရပါတယ် ။

သူငယ်ချင်းဆိုတာက ချစ်ခင်သောစကားအနက်ပါတဲ့အတွက် ဒီစကားလုံးကို ၀န်ကြီးတစ်ယောက်က သတင်း ထောက် တွေကို သုံးစွဲပြောဆိုသွားတာ အလွန်နှစ်သက်မိပါတယ် ။ စာရေးသူလည်း ၀န်ကြီးကို ဒီအသုံးအနှုန်းလေးနဲ့ ပြန်လည်ပြောဆိုချင်တာလေးတွေ မေးမြန်းချင်တာလေးတွေရှိပါတယ် ။ ၀န်ကြီးမင်း သူငယ်ချင်း ဖတ်မိမယ်လို့လဲ ယုံကြည်ပါတယ် ။
ကျနော်တို့ ပြည်သူတွေဟာ ရှစ်လေးလုံးအရေးတော်ပုံကြီးမှာ ဒီမိုကရေစီရရှိရေး ၊ လူ့အခွင့်အရေးရရှိရေး ၊ နိုင်ငံသားတိုင်း တန်းတူညီမျှ အခွင့်အရေးရရှိရေး ၊ အတွက် အသက်သွေးချွေးတွေ စတေးပြီး တိုက်ပွဲဝင်ခဲ့ကြတာဟာ ၀န်ကြီးမင်းပြောသလို နတ်ပြည်ချက်ခြင်းတက်ချင်လို့မဟုတ်ရရိုးအမှန်ပါ ။ ပြည်သူတွေရဲ့စည်းစိမ် ဥစ္စာကို ပိုးကနဲပက်ခနဲ သိမ်းယူအနုကြမ်းစီးခဲ့တဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီအစိုးရ ၊ ပြည်သူတွေရှာဖွေထားရတဲ့ ချွေးနည်းစာကို နေ့ခင်း ကြောင်တောင် ဓါးပြတိုက်သလို မတရားငွေစက္ကူကြေညာတတ်တဲ့ ပြည်သူ့ထမင်းအိုးရိုက်ခွဲတတ်တဲ့ မဆလ အစိုးရ ၊ ပြည်သူကို ပုဒ်ထီးပုဒ်မမျိုးစုံနဲ့ဖမ်းဆီးပြီး နှိပ်စက်ကလူပြုခဲ့တဲ့ မဆလအစိုးရ ကို ကျနော်တို့ စွမ်းအားရှိသမျှနဲ့ တော်လှန် ဖြိုဖျက်ခဲ့ကြတာပါ ။

မဆလ ပါတီကြီး ပြိုလဲကျပြီးတဲ့နောက်မှာ စစ်အစိုးရက ပလ္လင်ကိုယ့်ဘာသာဆောက်ပြီးကိုယ့်ဘာသာ နန်းတက်ခဲ့ တယ် ။ ခဏခဏပြောဖူးခဲ့သလိုပဲ ပြည်သူတွေမှာ ဒယ်အိုးထဲ ပူလှလို့ ခုန်ချမှ မီးပုံထဲကျရသလိုအဖြစ်မျိုးနဲ့ ကြုံခဲ့ရတယ် ။ တိုင်းပြည်ကို ချောက်ထဲကျတော့မယ့်လက်နှစ်လုံးအလိုကနေ ကယ်တင်လိုက်တဲ့ တပ်မတော်အစိုးရဟာ နောက်လာတဲ့ မောင်ပုလဲ ဒိုင်းဝန်ထက်ကဲတော့တာပါပဲကလား ။ တစ်ပါတီအာဏာရှင်စနစ် အောက်ကနေ စစ်ဖိနပ်အောက်မှာ ပြားပြားမှောက်ရတော့တာပါပဲကလား ။ ဘာဥပဒေ ဘာပုဒ်မမှမရှိ ပါးစပ်ထဲက ထွက်သမျှ ဥပဒေပုဒ်မလုပ်ပြီး ပြည်သူကို ကျွန်လို နွားလို သဘောထား နှိပ်ကွပ်ခဲ့ကြတာတော့ မြန်မာသိ ကမ္ဘာသိပါပဲဗျာ ။

အဲဒီလို စစ်အာဏာရှင်ဟာ ပြည်သူကို ခေါင်းမဖော်နိုင်အောင် ရက်စက်ဖိနှိပ်ရင်းနဲ့ တိုင်းပြည်တစ်ရိုး သဝေထိုး အောင် ဆိုးကြခိုးကြတော့တာပါပဲ ။ တစ်နေ့ထက်တစ်နေ့ တစ်လထက်တစ်လ တစ်နှစ်ထက်တစ်နှစ် တိုင်းပြည်က ဆင်းရဲလာ ပြည်သူတွေက ဖွတ်ကျောပြာစုလာတဲ့အချိန်မှာ အာဏာကို အပိုင်သိမ်း လုပ်ပိုင်ခွင့်ကို သိမ်းကြုံးရယူလို့ ကိုယ်ကျိုးရှာခဲ့ကြတယ် ဆိုတာ ခင်ဗျားတို့တွေပိုင်ဆိုင်ထားတဲ့ စည်းစိမ်ဥစ္စာတွေက သက်သေခံနေပါတယ် ။ ဟိုအရင် လွတ်လပ်ရေးခေတ်နဲ့ အဲဒီနောက်နှစ်အတော်အတန်ကြာ တပ်မတော်သားကြီးတွေ လက်ရုံးဆန့်တန်းပြီး စစ်သားကွ သေတာဘာဆန်းသလဲ ဆိုတဲ့ ကြုံးဝါးခဲ့သံတွေဟာ စစ်သားကွ ချမ်းသာတာဘာဆန်းသလဲ လို့ပြောင်းလဲသွားခဲ့ပါပြီ ။ တပ်မတော်သားချင်း ဘယ်တိုက်ပွဲမှာ ဘယ်လိုအသက်စွန့်ကြိုးပမ်း အမှုထမ်းတိုက်ပွဲဝင်ခဲ့တယ်ဆိုတာထက် ဘယ်ရာထူး ဘယ်ဌာနမှာ နေရာရထားသလဲ ၊ ဘယ်လောက်ချမ်းသာနေပြီလဲဆိုတာကို ဂုဏ်တုဂုဏ်ပြိုင်လုပ်ကြတဲ့ခေတ် ရောက်လာခဲ့ပါပြီ ။ GE တပ်က အရာခံဗိုလ်တို့ တပ်ကြပ်ကြီးတို့လောက်ကအစ တိုက်ကြီးတာကြီးတွေကို ဆောက်လုပ်နေ ထိုင်နိုင်ကြပြီး အဲဒီခေတ်က သိန်း ၁၈၀၀ လောက်တန်တဲ့ လင့်ခရူဇာ ဆိုက်ဂနပ် ကားကြီးတွေကို ဒုံးချစီးနိုင် လောက်အောင် မည်သို့လုပ်ကြသည်မသိပဲ ကြွယ်ဝလာခဲ့ကြချိန်မှာ မြန်မာပြည်သားအများစုကတော့ မနက်စာမနက် ၊ ညစာည မနည်းရှာဖွေစားသောက် ၀မ်းကျောင်းရတဲ့ ဘ၀တွေထဲမှာ စုံးစုံးမြုပ်နေခဲ့ကြပါပြီ ။

အဲဒီလိုအခြေအနေမျိုးမှာ ဒီမိုကရေစီလိုလားသူတွေဟာ ကိုယ်ကျိုးရှာပြီး ပြည်သူတွေကို ဖိနှိပ်တဲ့ စစ်အစိုးရကို အမြဲဆန့်ကျင်နေခဲ့ကြပါတယ် ။ ဒါပေမဲ့ မကျေနပ်လို့ထချ .. အောက်က ဆိုတာလိုပဲ လက်နက်နဲ့အုပ်ချုပ်တဲ့ စစ်အစိုးရကို အပ်တိုတောင်မပါပဲ ဆန့်ကျင်ရတာဟာ အမြဲရှုံးနိမ့်ခဲ့ရတာပါပဲ ။ အစိုးရကို ဆန့်ကျင်တဲ့စာတစ်စောင် စာတစ်ရွက်နဲ့ ဖမ်းဆီးမိရင် ထောင်ဒဏ် အနည်းဆုံး ၁၅ နှစ်ပါ ။ ဒါပေမဲ့ အဲဒီထောင်ဒဏ်တွေ ၊ တစ်သက်တစ်ကျွန်းဒဏ်တွေဟာ ပြည်သူတွေကို ဒီမိုကရေစီအလင်းရောင် ထွန်းလင်းပေးချင်တဲ့ ကိုယ်ကျိုးစွန့်သူတွေကို နောက်တွန့် ကြောက်ရွံ့သွားစေ အောင်တော့မတတ်စွမ်းနိုင်ခဲ့ပါဖူး ။

နောက်ဆုံးတော့ တိုင်းပြည်လဲ ဖြူကာပြာကာကျလို့ စက်ထဲက ထွက်လာတဲ့ ကြံဖတ်လို ဘာမှ ထပ်ညှစ် စရာမကျန်တော့တဲ့အချိန် ၊ ကိုယ်တွေလည်း တစ်သက်စာမက သားစဉ်မြေးဆက်စားမကုန် ဖြုန်းမကုန်အောင် ကြွယ်ဝ ချမ်းသာသွားကြတဲ့အချိန် ၊ ပြည်သူတွေဘက်က ဆန့်ကျင်မှုတွေကလည်း အဆက်မပြတ်ပေါ်ပေါက်လာချိန် ၊ နိုင်ငံ တကာမှာလည်း အမြင်မလှတော့တဲ့အချိန် ၊ အဲဒီလိုအချိန်မျိုးမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာကြီးကို နောက် ချန်တပ်ထားလို့ ထွက်တော်မူနန်းက ခွာခဲ့ပါတယ် ။ ဒါပေမဲ့ စစ်အာဏာရှင်တို့စီမံထားခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ ဘီလူးရုပ်ကတော့ အသက်ဝင်ပြီး ပြည်သူတွေကို ဆက်လက်ခြိမ်းချောက်နေခဲ့ပါပြီ ။ ဒီဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ နိုင်ငံရေး တည်ငြိမ်မှုကို ဘယ်လိုတည်ဆောက်နိုင်ပါမလဲ ။ ပြည်တွင်းငြိမ်းချမ်းရေးကို ဘယ်လို တည်ဆောက်နိုင်ပါမလဲ ။ တိုင်းပြည် တိုးတက်ရေးနဲ့ နိုင်ငံသားတို့ရဲ့အကျိုးစီးပွားကို ဘယ်လို ပြန်လည်ထောင်နိုင်မတ်နိုင်ပါမလဲ ။

ဒါတွေဟာ ပြည်သူတွေ ဒီမိုကရေစီကို ဘာကြောင့်တောင်းဆိုတာလဲ ။ ဘာကြောင့်ဒီမိုကရေစီကိုရချင်တာလဲ ဆိုတဲ့ အချက်ပါ ။ ဒါကိုသူငယ်ချင်းမသိမှာစိုးလို့ ပြန်လည်ပြောပြတာပါ ။
ပြည်သူတွေက စစ်အစိုးရကို လက်စားချေရေး တုံ့ပြန်ရေးကို တောင်းဆိုနေတာမဟုတ်ပါဖူး ၊ စစ်အစိုးရရဲ့ အငွေ့အသက်တွေ ကင်းစင်ချင်တာပါ ။ တိုင်းပြည်မှာ ပြည်သူသည်သာ အချုပ်အခြာအာဏာပိုင်ဆိုတဲ့ မူရင်း အခြေအနေကို ပြန်လည်တည်ဆောက်ချင်နေကြတာပါ ။ ဘာအညှိုးဘာအတေး ဘာအာဃာတမျှ မထားကြပါဖူး ၊ အလွန်နာကျည်းခံပြင်းကြပေမဲ့ တိုင်းပြည်ကောင်းဖို့ တစ်ခု တည်းကို ရှေးရှုပြီး အတိတ်ဖြစ်ရပ်ဆိုးတွေကို သင်ပုန်းချေ လိုက်ကြဖို့ အသင့်ရှိနေကြပါတယ် ။ အဲဒါကိုလည်း အလေးအနက်သိထားစေချင်ပါတယ် ။
ဒါပေမဲ့ ချေ (ဂျီ) အီး ချေလန့် ဆိုသလိုပဲ ကိုယ်လုပ်ခဲ့တဲ့ အတိတ်က အကြောင်းတွေက ကိုယ့်ကို ခြောက်လှန့်နေပြီး ငါတို့အာဏာကိုစွန့်လွှတ်လိုက်ရင် ငါတို့အတွက် အန္တရယ်ဖြစ်မှာလား ဆိုတဲ့ စိတ်နဲ့ ပြည်သူတွေ ပြန်လည်ရသင့်ချိန်တန်ပြီဖြစ်တဲ့ ပြည်သူ့အာဏာကို အခုထိချုပ်ကိုင်ထားတာ ၊ လက်မလွှတ်တာ ၊ တပ်မတော်ဆိုတဲ့ အမည်နာမနဲ့ ဘာမှမသက်ဆိုင်ပဲ နိုင်ငံရေးမှာပါဝင်ပတ်သက်နေတာကတော့ မလိုလားအပ်တဲ့ အခြေအနေတစ်ခုဆီကို တွန်းပို့နေသလိုဖြစ်နေပါတယ် ။ ဒါဟာ အနာဂတ်တိုင်းပြည်အတွက်မကောင်းသလို တပ်မတော်အတွက်လည်း မလှပတဲ့ သမိုင်းတစ်ခုကို ရေးနေသလိုဖြစ်နေပါတယ် လို့ အလေးအနက်သတိပေးချင်ပါတယ် ။

သမ္မတရုံးဝန်ကြီးဌာန (၃) ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ဇန်န၀ါရီ ၇ ရက် ရန်ကုန်မြို့ မြန်မာ ငြိမ်းချမ်း ရေးစင်တာ တွင် သတင်းထောက်များနှင့် တွေ့ဆုံရာ၌ ပြောကြားခဲ့တဲ့စကားတွေထဲမှာ ' ဆန္ဒပြချင်ရင် ခွင့်တောင်းပြီးပြပေါ့။ ဒါက နိုင်ငံတကာကိုကြည့်။ အမေရိကားမှာ ဘယ်လိုလဲ။ အင်္ဂလန်မှာရော။ စင်ကာပူမှာ ဘယ်လိုပြလဲ။ ဗန်ကောက်မှာ ဘယ်လိုလဲ။ ဒီလိုကြည့်ပြီးမှ ချိန်ဆပြီး လုပ်ရမှာပေါ့ လို့ သူငယ်ချင်း ပြောခဲ့တာကို စံတော်ချိန်သတင်းစာမှာဖတ်ရပါတယ် ။ လွတ်လပ်စွာ ဆန္ဒဖော်ထုတ်ခွင့်ဆိုတာကို ဘာဖြစ်လို့ ချုပ်ထားကိုင်ထားချင်ရတာလဲ ၊ ဦးစိုးသိန်း အဲဒီလို စကားပြော သွားတာကို မကျေနပ်လို့ဆန္ဒပြချင်တာ ချက်ခြင်းမပြရပဲနဲ့ ခွင့်ပြုချက်တောင်းခံပြီး မှ ဆန္ဒပြရမယ် ဆိုတာသဘာဝ ကျသလား ။ အဲဒီလို မကျေနပ်တာကို ဆန္ဒပြဖို့ မကျေနပ်ချက်ကိုမျိုသိပ်ပြီး ရက် (၂၀) ထိုင်စောင့်နေရဦးမှာလား ။ ဆန္ဒပြဖို့ ခွင့်ပြုချက်တောင်းခံတိုင်းကော သက်ဆိုင်ရာဆိုတဲ့ သူတွေက ရှောရှောရှုရှုခွင့်ပြုပေးလေ့ရှိသလား ဆိုတာ တွေကိုမေးချင်ပါတယ် ။ အထူးသဖြင့်မေးချင်တာကတော့ လူကြီးမင်းတို့ရဲ့ အစိုးရလက်အောက်က အုပ်ချုပ်ရေးအဖွဲ့ အစည်းအဆင့်ဆင့်ဟာ လူကြီးမင်း ထည့်သွင်းပြောဆိုသွားတဲ့ အမေရိကားတို့ ၊ အင်္ဂလန်တို့ ၊ စင်္ကာပူတို့ ၊ ဘန်ကောက် (ထိုင်း) တို့ဆိုတဲ့ နိုင်ငံတွေက အုပ်ချုပ်ရေးအာဏာပိုင်တွေလို အရည်အချင်း ပြည့်မီသော အမှုထမ်းအရာထမ်းတွေပါ လို့ လူကြီးမင်းအာမခံချက်ပေးနိုင်ပါသလား ဆိုတာပါပဲ ။ အဲဒီမေးခွန်းတွေ ကို သတင်းထောက်တွေကနေတစ်ဆင့် ဒါမှမဟုတ် သတင်းစာရှင်းလင်းပွဲလေးတစ်ခုဖြစ်ဖြစ်ကျင်းပပြုလုပ်ပြီး ဖြေပေးစေချင်မိပါတယ် ။
နောက်ဆုံးပြောချင်တာကတော့ ခေါင်းစဉ်အဖြစ်တောင် တပ်ပေးထားရတဲ့ စကားခွန်းကိုပါပဲ ။ လူကြီးမင်းက ဒီမိုကရေစီ ချက်ချင်းရတာနဲ့ နတ်ပြည်တက်လို့ မရသေးဘူး သူငယ်ချင်း 'လို့ သတင်းထောက်တွေကို ပြောကြားခဲ့တယ်လို့သိရပါတယ် ။ ဒီမိုကရေစီရတာနဲ့ ကျွန်တော်တို့ နတ်ပြည်ချက်ခြင်းတက်လို့မရဖူးဆိုတာ ကောင်းစွာ နားလည်ပါတယ် ။ ဒါပေမဲ့ ငရဲပြည်ကတော့ ချက်ခြင်းလွတ်သွားမှာ အသေအချာပါပဲ ။

ဝန်ကြီးမင်းတို့တွေရဲ့ စောင့်မမှု ကယ်တင်မှုကြောင့် ကျွန်တော်တို့ပြည်သူတွေ ငရဲကျနေခဲ့ရတာ နှစ်ပေါင်း နှစ်ဆယ့်ငါးနှစ်ရှိခဲ့ပါပြီ ။ စစ်ဖိနပ်အောက်တွင် ငရဲကျခြင်း ငွေရတုအထိမ်းအမှတ်တောင်ကျင်းပလို့ရနေပါပြီ ။ တိုင်းပြည်ရဲ့ သယံဇာတဟူသမျှကို ဒို့ဘိုးဘွားအမွေအနှစ် ဆိုပြီးခင်ဗျားတို့ပဲ အပိုင်စီးခဲ့ကြလို့ ပြည်သူတွေမှာ မြင်သာမြင်ရမစားရ၍ တောကပြိတ္တာဖြစ်နေခဲ့ရတာ ရာစုနှစ်တစ်စိတ်ရှိခဲ့ပါပြီ ။ ကျူပ်တို့အဲဒီဘ၀က လွတ်ချင်လှပါပြီ ။ အဲဒီဘ၀က လွတ်မြောက်ဖို့ ဒီမိုကရေစီကို ကျုပ်တို့တိုက်ပွဲဝင်တောင်းဆိုနေရတာပါ ။ အဲဒါလေးကို ခင်ဗျားတို့ သဘောပေါက် နားလည်စေချင်ပါတယ် ။ ကျူပ်တို့အတွက်နတ်ဘုံနတ်နန်းကို ကျုပ်တို့ဘာသာတည်ဆောက်ပါမယ် ။ နှစ်ပေါင်း နှစ်ဆယ်ကျော် လုပ်ခွင့်ရခဲ့တာတောင် တိုင်းပြည်အတွက်ဘာတစ်ခုမှ ကောင်းအောင်မလုပ်နိုင်တဲ့ ခင်ဗျားတို့ကို ကျုပ်တို့ အယုံအကြည်မရှီသလို ခင်ဗျားတို့အလိုကျရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း ကျူပ်တို့အလိုမရှိဖူး လို့ အတိ အလင်းပြောလိုပါတယ် ။ ပြည်သူတွေ ငရဲက လွတ်မြောက်ဖို့အတွက် ခင်ဗျားတို့ရဲ့ အခြေခံဥပဒေဆိုတာကြီးကို ထမ်းပိုးသယ်ဆောင်ပြီးနေရာမှန်ကိုပြန်ကြ ဖို့တောင်းဆိုလိုက်ပါတယ် … သူငယ်ချင်း ။

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>