အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ၊ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၊ ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ ကရင်ပြည်နယ်ခရီးစဉ်ကို ၁၈ . ၁ . ၂၀၁၄ (စနေနေ့ ) နံနက် တွင် စတင်ထွက်ခွာခဲ့သည် ။
နံနက် ၇း ၀၀ နာရီတွင်နေပြည်တော်နေအိမ်မှ စတင်ထွက်ခွာလာခဲ့ရာ ပဲခူးတိုင်း ဘုရားကြီးလမ်းဆုံအရောက်တွင်မှစတင်၍ ၊ ပြည်သူလူထုကြီးမှ လမ်းဘေးဝဲယာ တစ်ဖက်တစ်ချက်မှ စောင့်ဆိုင်းလျက် တစ်ခဲနက်ကြိုဆိုခဲ့ကြသည် ။ အဖွဲ့ချုပ် ဥက္ကဌသည် ထိုသို့ နေပူထဲတွင် ရပ်လျက် စောင့်ကြိုအားပေးကြသော ပြည်သူလူထုပရိသတ်များကို ကားအရှိန်လျော့ချ၍ လက်ဝှေ့ယမ်းနှုတ်ဆက်ခြင်း ၊ ပြည်သူတို့မှ ကမ်းဆက်လာသော ပန်းပွင့်ပန်းစည်းများကို ကားကိုခေတ္တ ရပ်တံ့၍ လက်ခံရယူခြင်း ၊ ပြည်သူတို့အား နှုတ်ဆက်စကားပြောကြားခြင်းတို့ကို ပြုလုပ်ခဲ့ပါသည် ။ ကျိုက်ထိုမြို့ စိမ်းလဲ့တင်ဟိုတယ်တွင်နေ့လည်စာစားရင်း ခေတ္တအနားယူခဲ့ပါသည်။ ထို့နောက် နေ့လည် ၁ နာရီတွင် စိမ်းလဲ့တင်မှပြန်လည်ထွက်ခွါလာရာ လမ်းခရီးတွင်
စောင့်ကြိုမေတ္တာကမ်းလင့်ကြသော ပြည်သူတို့အပေါ်မေတ္တာတုံ့ပြန်လျက် တစ်ဖြည်းဖြည်းခရီးနှင်ခဲ့ရာ ဘားအံမြို့ အောင်သံလွင်ကွင်းသို့ ၅း ၃၀ ခန့်တွင်မှ ရောက်ရှိခဲ့ပါသည် ။ ထိုသို့ ပြည်သူပရိသတ်၏ တစ်ခဲနက်ကြိုဆိုမှုမှာ မြို့စဉ်ရွာစဉ်တစ်လျောက်လုံးသာမက တပ်မတော် တပ်ရင်းတပ်ဖွဲ့များ၏ ရှေ့လမ်းမ၀ဲယာများတွင်ပါ တစ်ခဲနက်ကြိုဆိုခဲ့ကြသည်မှာ အံ့အဲဘနန်း ပင်ဖြစ်ပေသည် ။ ဖားအံမြို့ အောင်သံလွင်အားကစားတွင်ကျင်းပသော ၂၀၀၈ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာလူထုဟောပြောပွဲတွင် အခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာအကြောင်းအရာများကို အဖွဲ့ချုပ်မှ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းမြင့်၊ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်နှင့်အဖွဲ့ချုပ်ဥက္ကဌဒေါ်အောင်ဆန်းစုကြည်တို့က တက်ရောက်လာသောပြည်သူ ၄သောင်းခန့်အားအကျယ်တ၀င့်ဟောပြောဆွေးနွေးခဲ့ကြပါသည်။ ထို့ပြင်ပြည်သူ ၇ဦးမှမေးမြန်းသောမေးခွန်းများကို ဥက္ကဌကပြန်လည်ဖြေကြားပေးခဲ့သည်။ ထို့နောက် လူထုဆန္ဒသဘောထားရယူခဲ့ရာ တက်ရောက်သူ ၄သောင်းခန့်အနက် ၉၇% ခန့် ပြင်ဆင်သောနည်းလမ်းဖြင့် အခြေခံဥပဒေကိုပြင်ဆင်လိုကြောင်း ဆန္ဒပြုခဲ့ကြပြီး ၃%ခန့်ကမူ အသစ်တဖန်ရေးဆွဲသောနည်းလမ်းဖြင့်သာ အခြေခံဥပဒေကိုပြင်ဆင်လိုကြောင်း ဆန္ဒထုတ်ဖေါ်ခဲ့ကြပါသည်။ ည ၇နာရီခန့်တွင်အခမ်းအနားပြီးဆုံးပြီးနောက် ဥက္ကဌနှင့်အဖွဲ့သည် ၁၈၊၁၊၂၀၁၄ ရက်နေ့ညတွင် ဖားအံမြို့၊ ဇွဲကပင်ဟိုတယ်တွင်ညအိပ်ရပ်နားခဲ့ကြပါသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် ဘားအံမြို့အောင်သံလွင်ကွင်းတွင် ပြည်သူများအားတွေ့ဆုံဟောပြောပြီးနောက် နောက်တစ်နေ့ ( ၁၉ . ၁ . ၂၀၁၄ ၊ တနင်္ဂနွေနေ့) နံနက် ၇း ၀၀ နာရီတွင် လှိုင်းဘွဲ့မြို့နယ် ၊ ကပ်ပလီကျေးရွာသို့ သွားရောက်ခဲ့သည် ။ ထိုသို့အသွားခရီးလမ်းတွင်လည်း ဒေသခံတိုင်းရင်းသား ပြည်သူများက ဒုံးယိမ်းအကများဖြင့် သောင်းသောင်းဖြဖြကြိုဆိုခဲ့ကြသည် ။
ကပ်ပလီကျေးရွာသည် လွပ်လပ်ရေးပိသုကာ ဖခင် ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် တိုင်းရင်းသားသွေးစည်း ချစ်ကြည်ရေးအတွက် စည်းရုံးရေးခရီး လာခဲ့သော ဒေသဖြစ်သည် ။ ထိုဒေသသို့ ဆိုက်ဆိုက်မြိုက်မြိုက် အရောက်လာ လျက် တိုင်းရင်းသားများနှင့် ချစ်ကြည်မှုကို တည်ဆောက်ခဲ့သည်မှာ ဖခင်ခြေရာကို ထပ်ချပ်လိုက်ပါခဲ့ခြင်းပင်ဖြစ်ပေသည် ။
News and Information Department of NLD
တိုင်းရင်းသားများ၏ ( အမိုးစုကို ချစ်တယ် ) ဟူသော ကြွေးကြော်သံများကား ကပ်ပလီကျေးရွာ ဘုရားကျောင်းကွင်းတွင်းမှသည် မိုးယံသို့ ပျံ့လွင့်ခဲ့ချေပြီ ။