(The Nation News 5 feb 2014 “CPI object to Myanmar reporter detention” သတင်းကို ဘာသာပြန်ဆိုသည်)
အမေရိကန်ပြည်ထောင်စု အခြေစိုက် မီဒီယာလွတ်လပ်ခွင့် အဖွဲ့အစည်းတစ်ခုဖြစ်သော Committee to Protect Journalists CPJ က မြန်မာနိုင်ငံမှ Unity ဂျာနယ် စီအီးအိုနှင့် သတင်းထောက် ၄ ဦးတို့ ဥပဒေမဲ့ (သို့) လိုရာဆွဲဥပဒေဖြင့် ထိန်းသိမ်းခံရခြင်းကို ပြင်းထန်စွာ ပြစ်တင်ရှုတ်ချလိုက်ပြီး ၎င်းတို့အား ချက်ခြင်း လွှတ်ပေးရန် တောင်းဆိုလိုက်ပါသည်။
ရန်ကုန်အခြေစိုက် Unity ဂျာနယ်စီအီးအိုနှင့် ဦးတင့်ဆန်းနှင့် သတင်းထောက်များ ဖြစ်ကြသော လူမော်နိုင်၊ ရာဇာဦး၊ ပိုင်သက်ကျော်၊ စည်သူစိုးတို့သည် မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်များ ပေါက်ကြားမှု အက်ဥပဒေ အရ တရားစွဲခံရဖွယ်ရှိပြီး အာမခံရဖို့ ခက်ခဲအောင် ပြုလုပ်ထားကြောင်း ကြားသိရပြီးနောက်တွင် တနလာင်္ နေ့က CPJ ၏ တောင်းဆိုမှု ထွက်ပေါ်လာခြင်း ဖြစ်သည်။ မြန်မာစစ်တပ်၏ လျှို့ဝှက်လက်နက်စက်ရုံ အကြောင်း သတင်းဖော်ပြခဲ့မှု နှင့် ပတ်သက်၍ စစ်ဆေးမေးမြန်းရန်အတွက် ၎င်းတို့အား ရဲတပ်ဖွဲ့က စနေနေ့ တွင် ဖမ်းဆီးခဲ့သည်။
“သတင်းထောက်တွေကို အစိုးရလျှို့ဝှက်ချက် အက်ဥပဒေနဲ့ တရားစွဲတယ်ဆိုတာဟာ မြန်မာနိုင်ငံမှာ ဥပဒေရေးရာ ပြုပြင်ပြောင်းလဲမှုတွေ မရှိသေးဘူးဆိုတဲ့ သက်သေပါပဲ၊ လက်နက်တွေထုတ်လုပ်နေတာဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးသုံးသပ်မှုတွေမှာ အရေးကြီးတဲ့ ကိစ္စတစ်ခုပါ။ ဒါ့အပြင် နိုင်ငံတကာအရ ကြည့်ရင်လည်း အရေးကြီးပါတယ်။ ဒီတော့ သတင်းထောက်တွေက ဒီအကြောင်း သတင်းရေးတာကို အံ့သြစရာ မရှိပါဘူး။ ဒီနေ့ ဒီအချိန်မှာ သတင်းထောက်တွေ ခြိမ်းခြောက်ခံရတာမျိုး ဖမ်းဆီးခံရတာမျိုးတွေ မရှိသင့်တော့ပါဘူး” ဟု CPJ ၏ အရှေ့တောင်အာရှဆိုင်ရာ အကြီးတန်းကိုယ်စားလှယ် ရှောန်ခရစ်ပင် က ပြောကြားပါသည်။
Committee to Protect Journalists CPJ သည် နယူးယောက်တွင် အခြေစိုက်သော လွတ်လပ်သည့် အမေရိကန် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး သတင်းစာလွတ်လပ်ခွင့်ကို အားပေးမြှင့်တင်ကာ သတင်းထောက် များ၏ အခွင့် အရေးကို အကာအကွယ်ပေးနေသော အဖွဲ့တစ်ခုဖြစ်သည်။
Yangon chronicle