ဗိုလ်ချုပ်အောင်ဆန်းကိုတော့ ချစ်ကြောင်း၊ ဒါပေမဲ့ ဒေါ်စုကိုတော့ မဲပေးဖို့ မလိုကြောင်း၊ ဒေါ်စု မြန်မာနိုင်ငံ အတွက် မြက်တစ်ပင်မှ စိုက်ခဲ့သူ မဟုတ်ကြောင်း၊ နိုင်ငံခြားသားကိုယူပြီး သူ့သားတွေ ကလည်း နိုင်ငံခြား မှာ နေသူတွေ ဖြစ်ကြောင်း၊ ၂၀၁၅ မှာ ဒေါ်စုနဲ့ ယှဉ်မယ်ဆိုရင်လည်း ယှဉ်ပြိုင်ရဲကြောင်း၊ ဒေါ်စုသည် စစ်တိုက်ဖူးသူ မဟုတ်ကြောင်း ယခုတွေ့ဆုံပွဲမှာ အရှင်လတ်လတ်ကြီး ဟောပြောနေသူ သူရဲကောင်းကြီးသည် စစ်တိုက်ခဲ့ရာမှာ ဗိုက်ကို ကျည်ဆန်မှန်ခဲ့လို့ သူရဘွဲ့ထူးကို ဆွတ်ခူးခဲ့သူဖြစ်ကြောင်း၊ ဗိုက်ကြီးကို လှန်ပြကာ ဟောပြောသွားခဲ့ . . .

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့ကို လူကြီးမင်းရဲ့ မဲဆန္ဒနယ်မဟုတ်ဘဲ ရောက်ရှိ လာခဲ့ပြီးတော့ ကျေးရွာ အုပ်စု တော်တော်များများကို လှည့်လည်ပြီး မိန့်ခွန်းတော် ခြွေခဲ့ကြောင်း သတင်းများ ရရှိခဲ့ပါသည်။ သြော် . . . သူလည်း တရားဝင် နိုင်ငံရေးပါတီက ပုဂ္ဂိုလ်ပေပဲ။ ဟောပေ ပြောပေမှာပေါ့လို့ သဘောရပါတယ်။ ကန့်လည်း မကန့်ကွက်ပါဘူး။ နိုင်ငံရေး သမားများရဲ့ ပိုင်ခွင့်ဖြစ်လို့ပါ။ …
ဒါပေမဲ့ လူကြီးမင်းရဲ့စကားထဲမှာ ဗိုလ်ချုပ်အောင်ဆန်းကိုတော့ ချစ်ကြောင်း၊ ဒါပေမဲ့ ဒေါ်စုကိုတော့ မဲပေးဖို့ မလိုကြောင်း၊ ဒေါ်စု မြန်မာနိုင်ငံ အတွက် မြက်တစ်ပင်မှ စိုက်ခဲ့သူ မဟုတ်ကြောင်း၊ နိုင်ငံခြားသားကိုယူပြီး သူ့သားတွေက လည်း နိုင်ငံခြားမှာ နေသူတွေ ဖြစ်ကြောင်း၊ ၂၀၁၅ မှာ ဒေါ်စုနဲ့ ယှဉ်မယ်ဆိုရင်လည်း ယှဉ်ပြိုင်ရဲ ကြောင်း၊ ဒေါ်စုသည် စစ်တိုက်ဖူးသူ မဟုတ်ကြောင်း၊ ယခု တွေ့ဆုံပွဲမှာ အရှင်လတ်လတ်ကြီး ဟောပြောနေသူ သူရဲကောင်းကြီးသည် စစ်တိုက်ခဲ့ရာမှာ ဗိုက်ကို ကျည်ဆန်မှန်ခဲ့လို့ သူရဘွဲ့ထူးကို ဆွတ်ခူးခဲ့သူဖြစ်ကြောင်း ဗိုက်ကြီးကို လှန်ပြကာ ဟောပြောသွားခဲ့ပါသည်။
ဗိုလ်ချုပ်အောင်ဆန်းကို ချစ်ကြောင်းကိုပင် တပ်မတော်မှာ တာဝန်ထမ်းခဲ့ဖူးသူ လူကြီးမင်းက နိုင်ငံရေး ငရဲကြီးမှာစိုးလို့ ထည့်သွင်း ပြောဆိုသွားခဲ့ရသော်လည်း ရင်တွင်းဖြစ် အစစ်မဟုတ်မှန်း ကောင်းကောင်းကြီး ခံစား နားလည်မိပါ တယ်။ ဒေါ်စုဟာ မြန်မာနိုင်ငံ အတွက် မြက်တစ်ပင်မှ စိုက်ခဲ့ဖူးသူ မဟုတ်ကြောင်း ပြောတာက ဗဟုသုတ အလွန်နည်းပါး လှချည်လားလို့၊ ဒီလိုပုဂ္ဂိုလ်မျိုး ဘယ်လိုလုပ်ပြီး အစိုးရအဖွဲ့မှာ ၀န်ကြီး ရာထူး ရခဲ့တာလဲလို့ အံ့သြမိပါတယ်။ လူကြီးမင်းတို့က မြက်ပင်တို့၊ ကြက်ဆူပင်တို့ စိုက်တာကို အမျိုးသားရေး တာဝန်ကြီးအဖြစ် သဘောထားနေကြပေမယ့် တစ်နိုင်ငံလုံးက ဌာနဆိုင်ရာ ၀န်ထမ်းတွေ၊ ပြည်သူတွေရဲ့ အိတ်ကပ်ထဲက သားသား မီးမီးတို့ ပညာရေး၊ ကျန်းမာရေး၊ စားဝတ်နေရေးအတွက် သုံးရမယ့် ငွေကြေးတွေ သဒ္ဓါမဲ့စွာ အဓမ္မသုံးခဲ့ရလို့ မေတ္တာတော်ပေးပို့ကြတာ မရရှိကြဖူးထင်ပါ့ . . .။
ဒေါ်စုဟာ လူကြီးမင်းပြောသလို မြက်တစ်ပင်စိုက်ခဲ့သူ ဟုတ် မဟုတ် မသိပေမယ့် နိုင်ငံတော် တစ်ဝန်းလုံး အတွက် ပညာရေး ပဒေသာပင်၊ ကျန်းမာရေး ပဒေသာပင်၊ ငြိမ်းချမ်းရေး ပဒေသာပင်သာမက ရပ်ရွာ အေးချမ်းသာယာရေးနဲ့ တရား ဥပဒေ စိုးမိုးရေးဆိုတဲ့ ရာသက်ပန် သီးပင်စားပင်တွေ စိုက်နေတာ ပညာရှိတို့ အသိအမြင်ပါဗျာ။

အဲဒီလို အနှစ်မရှိ အဆန်မပါ စကားတွေနဲ့ တောနယ်ကို အပြောကြွယ်မယ့်အစား မြန်မာနိုင်ငံ အလယ်ပိုင်း စစ်ကိုင်းတိုင်း အတွင်းက မင်းကင်းမြို့ငယ်လေး(ယနေ့ ကမ္ဘာမှာ ထင်ရှား ချမ်းသာကြွယ်ဝတဲ့ စင်ကာပူ နိုင်ငံထက် ခုနစ်ဆ နီးပါး ပိုကျယ်ပြန့်ပြီး နိုင်ငံတော်အပေါ် တာဝန်တွေ ကျေပွန်စွာ နိုင်ငံခြားငွေတွေ ရှာပေးနေတဲ့) မင်းကင်း မြို့နယ်မှာ-
- ကျန်းမာရေးဆရာဝန် သုံးယောက်တည်းရှိတာ
- ၂၅ ခုတင်ဆံ့ ဆေးရုံ ယနေ့ထိ တစ်လုံးမှ မရသေးတာ
- တစ်နေ့မှာ ၂၄ နာရီရှိပါလျက် လျှပ်စစ်မီး ၁ နာရီ ၄၅ မိနစ်သာ လင်းနေရတာ
- လျှပ်စစ်မီးလင်းရေး ကိုယ်ထူကိုယ်ထ ကြိုးစားနေရမှု မနိုင်ဝန်ဖြစ်နေတာ အထင်းသားကြီးကို မမြင်ချင်ယောင် ဆောင်နေကြတာ
- မြို့နယ်ချင်းဆက်လမ်း ယနေ့ထိ မအောင်မြင်သေးတာ (ဒါပေမဲ့ ၂၀၀၂ မြန်မာနိုင်ငံမြေပုံမှာတော့ ကနီ-မင်းကင်းလမ်းကို ရာသီမရွေး သုံးနိုင်သောလမ်းတဲ့) ဘယ်သူတွေက နိုင်ငံတော်ကို လိမ်သွားလဲ မသိပါဘူး။ ၁၅၂၇ စတုရန်းမိုင် ကျယ်ဝန်းပြီး ၁၈၈ ရွာရှိတဲ့ မြို့နယ်မှာ ရွာချင်းဆက်လမ်းဆိုတာ ပေါက်တူး၊ ပေါက်ပြားနဲ့ ဖောက်ထားရတာဗျို့
- မင်းကင်းမြို့နယ်ကို တာဝန်ကျတဲ့ ၀န်ထမ်းတွေဟာ ကားလမ်းမရှိ၊ ရထားလမ်းမရှိ၊ လေယာဉ် ခရီးစဉ်မရှိ တစ်ခုတည်းသော ချင်းတွင်းမြစ် ရေလမ်းကလည်း ၁ နှစ်မှာ ၆ လ အများဆုံး သွားတဲ့ ရေကြောင်း ပို့ဆောင်ရေး သင်္ဘော ကလည်း မကြာခဏ သောင်တင်တတ်၊ ပျက်တတ်မို့လို့ ကမ္ဘာမှာ စီးနင်းခ ဈေးနှုန်း အကြီးဆုံး အမြန် ရေယာဉ်များကိုသာ အားကိုးနေကြ ရပါတယ်။ ၄၃ မိုင် ခရီးကို လေးထောင်ကျပ်ပေးရတာ ဆိုတော့ ဂင်းနစ်စာရင်း ၀င်လောက် ပါတယ်။ အဲ …ဒါပေမဲ့ မင်းကင်းမြို့က ၀န်ထမ်းတွေ ရှားပါးစရိတ် ခံစားခွင့် မရကြ ဘူးဗျာ။
အဲဒါတွေ အဲဒါတွေ အကျိုးဆောင်ဖို့၊ ရရှိအောင် တောင်းပေးဖို့တော့ မပြောဘဲ အင်တာနေရှင်နယ် နိုင်ငံရေး ခေါင်းဆောင်ကြီးကို အရပ်ချင်းလာပြီး တိုင်းကြည့်နေတယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာ ဒေါ်စုနဲ့ ယှဉ်ပြိုင်ပြီး အရွေးခံဝံ့ကြောင်း ပြောကြားခဲ့တာကိုတော့ အမေး နွားကျောင်းသား၊ အဖြေ ဘုရားလောင်းဆိုတာလို အင်တာနေရှင်နယ် အဆင့် ကမ္ဘာ့နိုင်ငံရေး ခေါင်းဆောင်ကြီးနဲ့ လူကြီးမင်းက ယှဉ်ပြိုင်ရဲပါတယ်လို့ အဆိုပြုသွား ခဲ့ပါတယ်။ ဒေါ်စုနဲ့ ယှဉ်ပြိုင်ဖို့ လူကြီးမင်းတို့ ပါတီမှာ အဆင့်မီနိုင်ငံရေး ဆရာကြီးတွေ ရှိပါလိမ့်မယ်။ သူတို့ အတွက် ထားလိုက်ပါ။
ကြံ့ခိုင်ဖွံ့ဖြိုးပါတီ ဒုတိယ ဥက္ကဋ္ဌကြီးခင်ဗျား .. ဒေါ်စုနဲ့ မယှဉ်သေးခင် မင်းကင်းမြို့နယ်က ပြည်သူတစ်ဦး အနေနဲ့ ၂၀၁၅ ရွေး ကောက်ပွဲမှာ မညစ်ပတ်ကြေး နိုင်အောင်ကြိုးစား စမ်းပါဦးလို့ အားတော့ နာတော့ နာပါတယ်၊ တိုက်တွန်း လိုက်ပါရစေခင်ဗျား။
မြန်မာသံတော်ဆင့်