မြန်မာ့ မီဒီယာလောက ခေတ်ဦးကာလမှ ယနေ့ထိ ရပ်တည်လာခဲ့သော Myanmar Times ကို နာမည်ကျော် စီးပွားရေး လုပ်ငန်းရှင် ပက်စီ ဦးသိန်းထွန်းက ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် ဝယ်ယူလိုက်ပြီ ဖြစ်ကြောင်း မြန်မာတိုင်းမ်ဂျာနယ် ထုတ်လုပ်သည့် Myanmar Consolidated Media,Ltd. က ထုတ်ပြန် ကြေညာလိုက်သည်။
အဆိုပါ မီဒီယာကို ဒေါက်တာ တင်ထွန်းဦးနှင့် ဒေါက်တာ ခင်မိုးမိုးတို့ဇနီးမောင်နှံက ၅၁ ရာခိုင်နှုန်းနှင့် မစ္စတာ ရော့စ်ဒန်ကလေက ၄၉ ရာခိုင်နှုန်း ပိုင်ဆိုင်ခြင်း ဖြစ်ပြီး ဦးသိန်းထွန်းက ဒေါက်တာ တင်ထွန်းဦးတို့ ဇနီးမောင်နှံထံမှ ဝယ်ယူခြင်း ဖြစ်သည်။
“ဒီကုမ္ပဏီရယ်၊ သတင်းစာ ပညာရယ်က တိုင်းပြည်အတွက် အရေးပါနေတဲ့ ခုလိုချိန်မှာ မြန်မာတိုင်းမ်မှာ ရင်းနှီးမြှပ်နှံတာ ကျွန်တော် အရမ်း စိတ်လှုပ်ရှားပါတယ်။ ဈေးကွက်ကို ဦးဆောင်နေတဲ့ ခုလို အဖွဲ့အစည်းနဲ့ လက်တွဲခွင့်ရတာ ကျွန်တော် အရမ်း ကံကောင်းပါတယ်” ဟု ဦးသိန်းထွန်းက ပြောကြားသည်။
နိုင်ငံတကာ ဈေးကွက်သို့ ထိုးဖောက်နိုင်ပြီး နိုင်ငံတွင်း လူသိများသည့်၊ အင်္ဂလိပ်စာဖြင့် ပုံနှိပ် ထုတ်ဝေသည့် ဂျာနယ်ဖြစ်ပြီး နိုင်ငံတကာ ထုတ်ဝေသူဆု Publishers Awards for Journalism ၂၀၁၂-၁၃ ရရှိထားသည့် ပထမဆုံး ပြည်တွင်းဂျာနယ် ဖြစ်သည့် အပြင် ဒေသတွင်းရှိ အစိုးရ အရာရှိကြီးများနှင့် နိုင်ငံရေး၊ စီးပွားရေးစသော နယ်ပယ်မှ အမှုဆောင် အရာရှိများ စသည်တို့ ဖတ်ကြသည့် ဂျာနယ်တွင် အဓိက ရှယ်ယာရှင် အဖြစ် ဥက္ကဋ္ဌ ဖြစ်လာသောကြောင့် အထူးဝမ်းသာ ကျေနပ်ရသည်ဟုလည်း ၎င်းကဆိုသည်။
“မြန်မာတိုင်းမ်ဟာ ဒီနိုင်ငံမှာ အခိုင်မာဆုံး မီဒီယာထဲက တစ်ခုပါ။ ဦးသိန်းထွန်းလို လူမျိုးနဲ့ လက်တွဲဖော် ဖြစ်ခွင့် ရဖို့လည်း ကြိုဆိုပါတယ်” ဟု အယ်ဒီတာချုပ်နှင့် အုပ်ချုပ်မှု ဒါရိုက်တာဖြစ်သူ ရော့စ်ဒန်ကလေက ဆိုသည်။
ဦးသိန်းထွန်းသည် ထွန်းဖောင်ဒေးရှင်းဘဏ် ဥက္ကဋ္ဌ ဖြစ်ပြီး ဒိန်းမတ် အခြေစိုက် Carlsberg ဘီယာ ကုမ္ပဏီနှင့်လည်း ဖက်စပ် ကုမ္ပဏီ ထူထောင်ကာ ပြည်တွင်းတွင် ဘီယာ ထုတ်လုပ် ရောင်းချရန် စီစဉ်နေသည်။ ယင်းအပြင် လေကြောင်းလိုင်း၊ ဟိုတယ် လုပ်ငန်းများလည်း လုပ်ကိုင်နေသူ ဖြစ်သည်။
မြန်မာတိုင်းမ် ဂျာနယ်ကို ဦးဆန်နီဆွေနှင့် သြစတြေးလျလူမျိုး မစ္စတာ ရော့စ်ဒန်ကလေတို့က ၂၀၀၀ ခုနှစ်တွင် စတင် တည်ထောင်ခဲ့ခြင်း ဖြစ်သည်။
Yangon Media