မဇ္ဈိသတင်းစာ အယ်ဒီတာ၊ အိုအေစစ်ဂျာနယ်ရဲ့ အတိုင်ပင်ခံ အယ်ဒီတာ၊ မြန်မာနိုင်ငံ သတင်းစာဆရာအသင်းရဲ့ ဗဟိုအလုပ်အမှုဆောင်နဲ့ မြန်မာမီဒီယာစာကြည့်တိုက်ရဲ့ တည်ထောင်သူဖြစ်တဲ့ ကိုစောလင်းအောင်ကတော့ အသက် ၃၉ နှစ်မှာပဲ ကျွန်တော်တို့နဲ့ လောကကြီးကို ထားခဲ့လို့ ထွက်ခွာသွားခဲ့ပါပြီ။ သူက ရှေ့ကသွားရင် ကျွန်တော်တို့က အချိန်ပိုင်းခွာလို့ နောက်ကလိုက်ရုံပဲ ရှိပါတော့တယ်။ သေမှရေးလို့ လွမ်းစာလို့ ခေါ်ချင်ခေါ်ပါ၊ နည်းနည်းတော့ အမှတ်တရလေး ရေးချင်ပါတယ်။
ထောက်လှမ်းရေးတပ်တစ်ခုကို ရန်ပုံငွေပေးလို့ သတင်းဂျာနယ်တွေ ထုတ်ရတဲ့ခေတ်မှာ သူ့ကို ကျွန်တော် စ သိတယ်၊ အဲဒီတုန်းက ကျွန်တော်က ထောက်လှမ်းရေး တပ်တစ်ခုရဲ့ ထုတ်ဝေခွင့်ကတ်နဲ့ ထုတ်နေတဲ့ ဆဲဗင်းဒေးရဲ့ သတင်းအယ်ဒီတာ၊ သူက သတင်းတွေ ထုံ့ပိုင်းထုံ့ပိုင်း ရေးနေသူ အလွတ်သတင်းထောက်။ သူ့သတင်းတချို့ကြောင့် ထောက်လှမ်းရေးတွေပါ လှုပ်လှုပ်ရှားရှား ဖြစ်ကုန်ပြီး ဆဲဗင်းဒေးဂျာနယ်လည်း ပေါက်ဖူးခဲ့တယ်။ သတင်းလာဘ်မြင်ပြီး သတင်းရေးလက်စွာတဲ့သူတစ်ယောက်ပါပဲ။
နောက်တစ်ခါက နည်းပညာဂျာနယ်တစ်စောင်ဖြစ်တဲ့ အင်တာနက်ဂျာနယ်မှာ သူ အယ်ဒီတာလုပ်တော့လည်း ကျွန်တော် ဘာသာပြန်တွေ ရေးပေးဖူးခဲ့တယ်။ သူ အကြောင်းတစ်ခုနဲ့ ကျွန်တော့်ကို စာမူခပေးဖို့ လွဲချော်သွားတော့ ပိုက်ဆံကိစ္စဆို သည်းမခံတတ်တဲ့ ကျွန်တော်က ရအောင် တောင်းခဲ့တယ်။ သူလည်း ပြန်ပေးခဲ့ပါတယ်။ အဲဒီကိစ္စလွဲချော်မှုကို သူ့မှာ အခွင့်သင့်တိုင်း ကျွန်တော့်ကို စိတ်မကောင်းကြောင်း ပြောရှာပါတယ်။ သူပြန်ပြန်ပြောတိုင်း ကျွန်တော့်ရဲ့ မိုက်မဲမှုကို နောင်တရမိတယ်။ လူတွေမှာ အခက်အခဲဆိုတာ တစ်ခါတစ်ခါ ရှိတတ်တယ် မဟုတ်လား။
နောက်တစ်ခု မှတ်ထင်နေတာကတော့ သူက ပိုက်ဆံရှာတတ်တယ်။ အိမ်၊ ခြံ၊ မြေ ရောင်းဝယ်ရေး လုပ်ငန်းတစ်ခုကို သူ ဦးဆောင်ပြီး လုပ်ခဲ့တယ်။ ၀င်ငွေလည်း တော်တော် ရခဲ့တယ်လို့ သူ ပြောပြဖူးတယ်။ သီချင်းလည်း အဆိုကောင်းတယ်၊ ရှမ်းတိုင်းရင်းသား မော်ဒယ်နဲ့ မင်းသား စိုင်းဘိုဘိုနဲ့ သူက ခင်တော့ သူလည်း ဒီလောကထဲ တကယ်တမ်း ထိထိရောက်ရောက် လှုပ်ရှားရင် အဆိုတော်တွေ ဘာတွေ ဖြစ်နိုင်သားလို့ ကျွန်တော် ထင်ခဲ့မိတယ်။ ရှင်းရှင်းပြောရရင် အလုပ်ကို ဖောက်ထွက် လုပ်နိုင်တဲ့၊ ငွေရှာနိုင်တဲ့သူမို့ ဗိုလ်စောကို ကျွန်တော် အထင်ကြီး လေးစားခဲ့ဖူးတယ်။
အဲဒီကတစ်ခါ ဆရာဦးကိုကို (စက်မှုတက္ကသိုလ်) ဆီမှာ သူ ဒုတိယအယ်ဒီတာချုပ် ဖြစ်လာပြန်တယ်၊ နောက်တော့ တခြားသတင်းဂျာနယ်တစ်စောင်မှာ ဒုတိယ အယ်ဒီတာချုပ် လုပ်ပြန်တယ်။ သူဟာ ကိုယ်ပိုင်အရည်အချင်းကို အသုံးချပြီး တိုးတက်ဖို့ ကြိုးစားခဲ့သူတစ်ယောက် ဖြစ်တယ်။ အပေါင်းအသင်းဆံ့သူဖြစ်လေတော့ ဂျာနယ်တစ်စောင်နဲ့ မဂ္ဂဇင်းတစ်စောင် ထုတ်ဝေခွင့်ကတ်တွေပါ သူ ရယူနိုင်ခဲ့တယ်။ အဲဒီတုန်းက အခုလောက် ထုတ်ဝေခွင့်ကတ်တွေ ရဖို့ မလွယ်သေးပါဘူး။ ဒါပေမဲ့ သူ ရနိုင်စွမ်းခဲ့တယ်။
ဗိုလ်စောရဲ့ တန်ဖိုးလို့ ပြောနိုင်တာက သူဟာ လူချစ်လူခင်များတယ်၊ ကြီးကြီးငယ်ငယ် ခင်မင်တတ်တယ်၊ ရင်းရင်းနှီးနှီး နွေးနွေးထွေးထွေး ပေါင်းသင်းတတ်တယ်။ သူ တည်ထောင်ထားတဲ့ မြန်မာမီဒီယာစာကြည့်တိုက်သွားလိုက်ရင် သတင်းနဲ့ စာပေလောက က ထင်ရှားကျော်ကြားသူ စာရေးဆရာ၊ စာနယ်ဇင်းဆရာ၊ ဓာတ်ပုံဆရာ၊ နိုင်ငံရေးသမား ကြီးငယ်တွေကို တွေ့ရတတ်တယ်။ တစ်ခါတလေ ၀ိုင်းဖွဲ့ဖြစ်တဲ့အခါ အဲဒီဝိုင်းတွေမှာ သူ့ကို အိမ်ရှင်အဖြစ် ပင်တိုင် တွေ့ရတတ်တယ်။ ကြီးကြီး ငယ်ငယ် လတ်လတ် ခင်တတ်သူဆိုတော့ သူ့မှာ မမောတမ်း မပန်းတမ်း ဧည့်ဝတ်ကျေနေတတ်တယ်။ အဲဒီဧည့်ဝတ်တွေကပဲ သူ့ကို ဒုက္ခပိုစေခဲ့သလားတော့ မသိဘူး။
ဗိုလ်စောနဲ့ယှဉ်ရင် ကျွန်တော်က လူဝါးဝတယ်၊ အသက်ကြီး ၀ါကြီး သဘာကြီးသူတွေနဲ့မှ ပေါင်းသင်းတတ်တယ်၊ ၀ိုင်းမယ်ဆို ငယ်သူတွေပါရင် ကျွန်တော်က ရှောင်တတ်တယ်။ အဲဒါက တမင် လုပ်ထားတာလည်း မဟုတ်ဘူး၊ ဗီဇဇရိုက်လို ဖြစ်နေသလိုမျိုး။ ဗိုလ်စောကတော့ လူကြီးနဲ့ ရွယ်တူတွေမက အငယ်တွေ ချစ်ကြတဲ့ အကိုကြီးလိုမျိုး၊ ပေါက်စနဲ့ ပေါက်ကရတွေ လုပ်တတ်တဲ့ ဆရာကြီးတွေကို ထပ်ပြီး ဆရာကြီး လုပ်နိုင်တဲ့ ဆရာ့ဆရာကြီးအဆင့်မျိုး ရှိသူပါ။ သူဟာ တကယ့်ကို တချို့အတွက် မှီခိုရာ ဖြစ်ခဲ့ပါတယ်။
ကျွန်တော်တောင် ရန်ကုန်ပြန်ရောက်ပြီး အင်တာနက်သုံးချင်တဲ့အခါမျိုးတွေမှာ ဗိုလ်စောရဲ့ စာကြည့်တိုက်ရိပ်မြုံလေးမှာ မကြာခဏ ခိုလှုံခဲ့ဖူးပါတယ်။ သူက အဲဒီလို လာတာကို ကြိုဆိုသလို ကျွန်တော်ကလည်း အားမနာတမ်း သွားလို့ သုံးလို့ ရလို့ ပျော်ရွှင်မိခဲ့တယ်။ ဗိုလ်စောဟာ ဧည့်ဝတ်ကျေလှတယ်၊ သောက်ချင်တယ်ဆို သောက်စေရမယ်၊ စားချင်တယ်ဆို စားစေရမယ်၊ နောက်တစ်ခုက သူ့ထုံးစံအတိုင်း သူတစ်ပါးကို လေးလေးစားစား ရှိလှတယ်။ များသောအားဖြင့် လူတချို့ဟာ (အများစုလို့ ပြောချင်လည်း ပြောပေါ့) နိမ့်ပါးသူ၊ အခွင့်အာဏာ မရှိသူ၊ ငွေကြေးအဆင်မပြေသူတွေကို လက်လွတ်စပယ် ဆက်ဆံတတ်ကြတယ်။ ဗိုလ်စောကတော့ ဘယ်အခါခါတွေ့တွေ့ ရင်းရင်းနှီးနှီး ပြောတတ်တာကလွဲလို့ ခင်ခင်မင်မင် ရှိနေတတ်တယ်။ သူ့ဆီကနေ အဲဒီလို လူနဲ့လူချင်း ဆက်ဆံရေးနဲ့ပတ်သက်ပြီး ကျွန်တော့်မှာ အတုခိုးရတယ်။
သူ့စာကြည့်တိုက်လေးမှာ လျှင်မြန်တဲ့ အင်တာနက် သုံးလို့ရတယ်၊ နေ့စဉ်ထုတ် ပုဂ္ဂလိကသတင်းစာတွေ အကုန်နီးပါး ဖတ်လို့ ရတယ်၊ ဈေးကြီးတဲ့ ရှားပါးတဲ့ စာအုပ်တွေ၊ သတင်းစာပညာနဲ့ ပတ်သက်တဲ့ စာအုပ်တွေ၊ အင်္ဂလိပ်-မြန်မာ နှစ်ဘာသာနဲ့ စာအုပ်တွေ ဖတ်လို့ရတယ်။ စာနယ်ဇင်းပညာ၊ အင်္ဂလိပ်စာနဲ့ ပတ်သက်တဲ့ သင်တန်းတွေ တက်လို့ရတယ်။ စာအုပ်မိတ်ဆက်ပွဲတွေနဲ့ တခြားဆိုင်ရာ အခမ်းအနားတွေ ကျင်းပချင် ကျင်းပလို့ ရတယ်၊ ဓာတ်ပုံပြပွဲတွေလည်း လုပ်ခွင့်ရတယ်။ ပြေးပြေးလွှားလွှား သွားသွားလာလာ လှုပ်ရှားနေရတဲ့ ခေတ်ထဲမှာ ရန်ကုန်မြို့လယ်က သူ့စာကြည့်တိုက်လေးဟာ အခုလို ပူပြင်းတဲ့ကာလမှာ အိုအေစစ်လေးတစ်ခုလိုပါပဲ။ ကျွန်တော် နားခဲ့ဖူးတယ်၊ ခိုခဲ့ဖူးတယ်၊ ဗိုလ်စောကျေးဇူး ရှိတယ်။ တခြားလူငယ်စာနယ်ဇင်းဆရာလေး/ ဆရာမလေးတွေကိုလည်း လာရောက်ကြလို့ စာကြည့်တိုက်လေးကို ထိုက်ထိုက်တန်တန် အသုံးချစေချင်တဲ့ စိတ်ကလေး ဗိုလ်စောမှာ ရှိခဲ့တယ်။ ``သူတို့တွေ မလာကြဘူးဗျာ`` လို့ မချိတင်ကဲ သူ ပြောပြဖူးတယ်။
သူက စာကြည့်တိုက်ကလေးဖွင့်လို့ ဦးဆောင်လုပ်ကိုင်နေတော့ ငွေစကြေးစ နည်းနည်းပါးပါး ရတယ်။ တစ်နှစ်စာဆို ဘယ်လောက်ပေါ့။ ဒီထက်လည်း ပိုပြီးတော့ သူ့မိသားစုကို လုပ်ကိုင် ရှာဖွေ ကျွေးမွေးချင်စိတ် ရှိပုံပါ။ နောက်တော့ သူ မဇ္ဈိမမှာ အလုပ်ဝင်ပြန်တယ်။ အဲဒီကနေ နေပြည်တော်မှာ ကျင်းပတဲ့ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှာ သူ စိတ်ရော ကိုယ်ပါ နှစ်မြှုပ်ပြီး သွားရောက် လုပ်ကိုင်နေတာကို တွေ့ရတယ်။ တကယ်တော့ အဲဒီ မတိုင်ခင်ကတည်းက သူ ဆေးစစ်တာတွေ၊ ကုသတာတွေ စလုပ်နေပါပြီ။ ကျွန်တော့်သဘောကတော့ သူ့ကို နေပြည်တော် မသွားစေချင်ဘူး၊ စိတ်ဆင်းရဲရမယ့် အလုပ်တွေကို တတ်နိုင်သလောက် မလုပ်ဘဲ နားနားနေနေ နေစေချင်တယ်။ ဒါပေမဲ့ အလုပ်တာဝန်ကျေတဲ့၊ သူကိုယ်တိုင်လည်း နိုင်ငံတကာပွဲကြီးတစ်ခုမှာ ထဲထဲဝင်ဝင် ပါဝင်လိုပုံရတဲ့ ဗိုလ်စောဟာ အဲဒီလိုပွဲကြီးအတွက် ရက်ပေါင်းအတန်ကြာ စိတ်ပင်ပန်း လူပင်ပန်း သွားရောက်လုပ်ကိုင်ခဲ့တယ်။ အဲဒီက ပြန်လာ၊ ရန်ကုန်မှာလည်း အလုပ်တွေက ဆက်၊ နောက်ဆုံး ဆေးရုံတက်ရတဲ့အထိ ရောဂါက သည်းလာပုံ ရပါတယ်။
အခုတော့ ကျွန်တော့်ထက် လပိုင်းလောက်ပဲ အသက်ကြီးတဲ့ ဗိုလ်စောဟာ အသက် ၃၉ နှစ်မှာ ကွယ်လွန်ပါပြီ။ သူ့မိဘနှစ်ပါးရော၊ ဇနီးသည်နဲ့ လူမမည် ကလေးနှစ်ယောက်ပါ သူ့ကို အထူးသတိရလို့ ၀မ်းနည်း ကြေကွဲနေမှာပါပဲ။ သူ ဆေးရုံကတစ်ခေါက်ဆင်းပြီး သူ့မိဘများအိမ်မှာ ပြန်နေတော့ ကျွန်တော် ရောက်သေးတယ်။ ``စိတ်ဓာတ်နဲ့ ငွေကြေး ပြည့်စုံရင် ခင်ဗျား ဘာမှ မဖြစ်ပါဘူး`` လို့ ကျွန်တော် ပြောခဲ့တယ်။ ``ကျွန်တော် စိတ်ဓာတ်တော့ မာပါတယ်ဗျာ`` လို့ သူပြန်ပြောတယ်။ တကယ်လည်း သူက အိပ်ရာထက်ကနေ ထလို့ ကျွန်တော်တို့နှစ်ယောက် ယှဉ်တွဲပြီး အမှတ်တရ ဓာတ်ပုံရိုက်လိုက်သေးတယ်။ သူ့ဖခင်ကြီးက အဲဒီဓာတ်ပုံကို ရိုက်ပေးခဲ့တယ်။ ဓာတ်ပုံကို ပြန်ကြည့်တော့ ကျွန်တော်က လူမမာရုပ်၊ သူက တင်းတင်းကြီး ပြုံးနေခဲ့တယ်။
သူ့မိဘတွေကတော့ တရားရှိနေပုံပါပဲ၊ အရာအားလုံးကို ရင်ဆိုင်ဖို့ မျှော်လင့်ထားပုံနဲ့ သားကြီးကို ပြုစုနေကြတယ်။ မိဘတွေဟာ သားတွေ သမီးတွေ ဒုက္ခရောက်တိုင်း ဘယ်အရွယ်ရွယ်ရောက်ရောက် အစွမ်းကုန် နိုင်သမျှ စွမ်းသမျှ ကူမနေသူတွေပါပဲ။ ဗိုလ်စောအမေဟာ သူ့သားကြီးကို အတော်ချစ်ရှာတယ်။ ကျွန်တော်ဟာ ထုံးစံအတိုင်း လူကြီးတွေနဲ့ လေပေးဖြောင့်တော့ ဗိုလ်စောအမေနဲ့ ကျွန်တော်တို့ တရားစကားတွေ၊ အခြားစကားတွေ ပြောရင်း ဗိုလ်စောကို နားထောင်ချည်းသက်သက်နဲ့ အနားယူစေခဲ့တယ်။ သူ့အမေက တစ်ခါ ထတဲ့ပြီး ဗိုလ်စောရဲ့ တက္ကသိုလ်ကျောင်းသားဘ၀က ဓာတ်ပုံလေးတွေ ယူပြတယ်၊ ``ကြည့်စမ်းပါဦး၊ သူ ငယ်ငယ်က ပုံလေးတွေကို...`` တဲ့။
``သားကြီးက အလှသိပ်ကြိုက်တယ်၊ သားသမီးအားလုံးထဲမှာ သူက မင်းသားပဲ၊ အမြဲတမ်း သူ့ကိုယ်သူ သနေတာပဲ`` တဲ့၊ ဗိုလ်စောအမေက ကျွန်တော့်ကို တက်တက်ကြွကြွ ပြောနေတယ်။ အဲဒီလို အလှကြိုက်တဲ့ သားကြီးက အခုတော့ ကုတင်ပေါ်မှာ၊ သူ့ကို အဖေဖြစ်သူက ဆေးတွေ တိုက်နေတယ်။ အဖေနဲ့သား ဘယ်အချိန် ဘယ်ဆေးသောက်ရမယ်ဆိုတာကို ပြန်ပြီး စစ်ဆေးနေကြတယ်။ ဆေးသောက်ပြီးချိန်မှာတော့ ကျွန်တော်လည်း သူ နားပါစေတော့ရယ်လို့ တွေးမိတာနဲ့ ပြန်လာခဲ့လိုက်တယ်။ စိတ်ထဲမှာတော့ သူ့ကို ပြန်ကောင်းစေချင်ပြီ၊ သူ့ဇနီးနဲ့ သားသမီးတွေက သူ့ကို ကျန်းကျန်းမာမာ ပြန်တွေ့ချင်မှာပဲ၊ ဆိုးနွဲ့လို့ မှီခို ဖက်ရမ်း ဆော့ကစားချင်မှာပဲ၊ တကယ်လည်း အဲဒီလို လုပ်လို့ (လုပ်ဖို့) ကောင်းတဲ့ ထွားထွားကျိုင်းကျိုင်း ယောက်ျားကောင်း၊ ဖခင်ကောင်း ဗိုလ်စော မဟုတ်လား။
သူ ပထမတစ်ခေါက် ဆေးရုံတက်တော့လည်း ကျွန်တော်တို့ သွားကြည့်တော့ သူက ဆေးရုံ အထူးခန်းကလေးထဲမှာ သူ့သမီးလေးတောင် ချီပိုးလို့ နားနားနေနေ နေနေတာ တွေ့ရပါတယ်။ အဲဒီတုန်းက အလုပ်တွေ ပင်ပန်းလို့ ဖြစ်သွားတာ နေမှာပါ၊ မကြာခင်တော့ ကောင်းသွားမှာပါလို့ ကျွန်တော်က ထင်ခဲ့ပါတယ်။ ဒါပေမဲ့ ထက်မြက်တဲ့ သူ့ဇနီး မဂျူလိုင်က သူ့ကို သေချာကုဖို့ ပြည်တွင်းပြည်ပ မိတ်ဆွေတွေနဲ့ ချိတ်ဆက်နေတယ်လို့ ပြောပါတယ်။ သူက ယောက်ျားဖြစ်သူအတွက် သွက်သွက်လက်လက် ပူပူပန်ပန် လုပ်နေတော့ ကျွန်တော်တောင် ဗိုလ်စောဖြစ်တာ ဒီလောက်ကြီးမှ ဟုတ်ရဲ့လားလို့ တွေးထင်မိပါသေးတယ်။ ခဏနေ ဗိုလ်စော ပြန်ကောင်းသွားလိမ့်မယ်လို့ ကျွန်တော်က ထင်နေတာကိုး။
အဲဒီလို ဗိုလ်စော ဆေးရုံတက်ရတော့ ဟိုက ဒီက စာနာ ကူညီသူတွေ၊ မိတ်ဆွေ အပေါင်းအသင်းတွေကို ဗိုလ်စောက အားနာပြီး ပြောဆို ငြင်းဆန်နေတယ်လို့ သူ့အမျိုးသမီးက ပြောပြလို့ ကျွန်တော်ကတောင် ဗိုလ်စောကို အဲဒီလို မလုပ်ဖို့ ဖျောင်းဖျပြောဆိုခဲ့ပါသေးတယ်။ မကျန်းမာဘူးဆိုရင် ပိုက်ဆံတွေက သောက်သောက်လဲကုန်တာ မဟုတ်ပါလား။ အဲဒီနေ့ကလည်း ဗိုလ်စောကို ချစ်သူခင်သူတွေက သတင်းလာမေးနေကြတာနဲ့ အထူးခန်းလေး ပြည့်ကျပ်နေလို့ ခဏပဲနေပြီး ပြန်လာခဲ့ရပါသေးတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကတော့ သူ ဆေးရုံပြန်တက်ရတယ်လို့ ကြားပြန်တယ်။ ကျွန်တော့်စိတ်ထဲ မကောင်းပါဘူး၊ ရောက်လည်း မရောက်ဖြစ်လိုက်ဘူး။ ကြားတစ်ရက်မှာတော့ အစ်ကိုတစ်ယောက်နဲ့ ၀ိုင်းဖွဲ့ဖြစ်တော့ ဗိုလ်စောအကြောင်း ရောက်သွားကြတယ်။ ဒီလောက် ရက်ရှည်ကြာလာပြီး ဆေးရုံလည်း တစ်ခေါက် ပြန်တက်လိုက်ရတယ်ဆိုတော့ ``ဗိုလ်စောတော့ ပြန်ကောင်းဖို့ လွယ်မှလွယ်ပါ့မလား၊ ကျွန်တော်တော့ မထင်တော့ဘူး`` လို့ ပြောဖြစ်ခဲ့တယ်။ သူ့စိတ်ဓာတ် မာကြောတယ်ဆိုတာတော့ ကျွန်တော် သိပါတယ်၊ ဒါပေမဲ့ မကျန်းမာရင် စိတ်ဓာတ်ချည်း မာလို့မှ မရတာလေ...။
ဗိုလ်စောကတော့ လူ့ပြည်မှာ ၃၉ နှစ် နေခဲ့တယ်ဆိုပေမယ့် သူ့မိသားစု၊ ကျွန်တော်အပါအ၀င် သူ့သူငယ်ချင်း မိတ်ဆွေတွေကြား၊ သူ့လုပ်ငန်းခွင် အသိုင်းအ၀ိုင်းနဲ့ နောက်ဆုံး အများနဲ့ဆိုင်တဲ့ စာပေ၊ စာနယ်ဇင်း အလုပ်တွေကို နိုင်သလောက် လုပ်ကိုင်ခဲ့ရင်း မိသားစုရေး၊ ၀န်းကျင်အရေးနဲ့ နိုင်ငံ့အရေးတွေကို နိုင်သလောက် စွမ်းဆောင်သွားခဲ့သူ ဖြစ်ပါတယ်။ လူ့လောက မျိုးဆက်တာဝန်တွေကိုလည်း ကျေပွန်အောင် ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။ တကယ်တော့ ဗိုလ်စောဟာ နေခဲ့သလောက် (တာဝန်) ကျေခဲ့သူ ဖြစ်ပါတယ်။
မတ် ၉၊ ၂၀၁၄၊ ရန်ကုန်။
Myo Tha Htet