Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

"သတိ ! ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ မကျူးကျော်ရ"

$
0
0
"သတိ ! ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ မကျူးကျော်ရ"

ကျော်ကြီး - (MDY)

စစ်အစိုးရ လက်ထက် တပ်မတော်က သိမ်းယူထားသော မြေယာတွေပြန်လည်ပေးအပ်ဖို့ လွှတ်တော်မှာ တရားဝင် ပြောကြားလိုက်ပြီတဲ့ . . .

ဒီသတင်းကြားရတော့ မန်းလေးသားတစ်ယောက်ဖြစ်တဲ့ ကျွန်တော့်အနေနဲ့တစ်ယောက်ထဲ ကြိတ်ပြီး ၀မ်းသာနေမိတယ်ဗျ။ တစ်ကယ်ပြန်ပေးမပေးတော့ မသိဘူးပေါ့ဗျာ။ ကျွန်တော်မှာ အသိမ်းခံထားရတဲ့ လယ်မြေရှိလို့လားဆိုတော့လည်း တစ်ကွက်မှတော့ မရှိပါဘူး။ ဆင်းရဲသားတောင်သူလယ်သမားတွေအတွက် ဘေးကနေ ၀မ်းသာနေမိတာပါ။ နောက်ထပ် မျော်လင့်ဝမ်းသာမိတာတစ်ခုကတော့ စစ်တပ်ကသိမ်းထားတဲ့ ကျွန်တော်တို့ မန်းလေးသားတွေနဲ့ဆိုင်သလို မြန်မာတစ်မျိုးသားလုံးနဲ့သက်ဆိုင်တဲ့ ရတနာပုံ မန်းလေးမြို့ကြီးကို စတင်တည်ထောင်ခဲ့တဲ့ ဘ၀ရှင်မင်းတရားကြီး မင်းတုန်းဘုရင် တည်ထောင်စံမြန်းတော်မှုခဲ့တဲ့ နန်းတော်ကြီးကိုရော ပြည်သူတွေလက်ထဲ၊ မြို့သူမြို့သားတွေရဲ့ လက်ထဲပြန်ပေးတော့မှာလားလို့ မျော်လင့်ဝမ်းသာနေမိတာပါ။

ဘာဖြစ်လို့တုန်းဆိုတော့ ဒီကျုံးမြို့ရိုးကြီးနဲ့ နန်းတော်ကြီးဟာ ကျွန်တော်တို့ မန်းလေးသားတွေရဲ့ ဂုဏ်ယူဝင့်ကြွားစရာ အသည်းနှလုံးတစ်ခုဖြစ်သလို မြန်မာတစ်မျိုးသားလုံးအတွက်လည်း အမျိုးဂုဏ်၊ ဇာတိဂုဏ် မြင့်မားဖွယ်ရာ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် တစ်ခုဖြစ်နေလို့ပါပဲ။ မြန်မာနိုင်ငံရဲ့ တစ်ခုတည်းသော ထီနန်းကြီးဖြစ်လည်းဖြစ်ပါတယ်။ မြန်မာဘုရင်ပဒေသရာဇ်စနစ် အဆုံးသတ်ခဲ့ရာ နေရာ ကုန်းဘောင်မင်းဆက် နောက်ဆုံးမင်း စံမြန်းသွားတဲ့ နန်းတော်ကြီးလည်း ဖြစ်ပါတယ်။ ကျွန်တော်တို့ မန်းလေးသားတွေအတွက်တော့ ကိုယ့်ဘုရင် ကိုယ့်သခင်နဲ့ ကိုယ့်ထီးကိုယ့်နန်း ကိုယ့်ကြငှန်းနှင့် နေထိုင် ခဲ့ကြကြောင်း၊ ရတနာပုံ မန်းလေးမြို့ကြီးဟာ မြန်မာ့ယဉ်ကျေးမှုအစဉ်အလာ၊ မြန်မာ့အဆောင်အယောင်တွေ မည်မျှကြီးကျယ် ခမ်းနားကြောင်း ပြောပြဂုဏ်ယူဝင့်ကြွားစရာ နေရာကြီးပေါ့ဗျာ။

ပဉ္စမသံဃာယနာတင်ခဲ့တဲ့ သာသနာပြု မင်းတပါးဖြစ်တဲ့မင်းတုန်းမင်းဘုရင် ဟာ ၁၂၂၁ ခုနှစ်မှာ သူနှင့် သူရဲ့တိုင်းသူပြည်သားတွေ နေထိုင်ဖို့အတွက် ရတနာပုံမြို့သစ်ကို တည်တော်မှုပြီး မြနန်းစံကျော်ရွှေနန်းတော်ဆိုပြီး နန်တော်ကြီးကို တည်ဆောက်ပြီး စံမြန်းတော်မှုခဲ့တာပါ။ မင်းတုန်းဘုရင် နောက်ဆုံးနတ်ရွာစံတဲ့အထိ နေထိုင်စံမြန်းတော်တ်ာမှုသွားခဲ့ပါတယ်။ ဒီနန်းတော်ထဲမှာ မင်းတုန်းမင်းနှင့် မိဖုရား သုံးပါးတို့၏ အုတ်ဂူများ သီပေါမင်း၏ မယ်တော်ဖြစ်သူ လောင်းရှည် မိဖုရား၏ အုတ်ဂူလည်း ယနေ့တိုင်တည်ရှိနေပါသေးတယ်။ သီဟာသန ပလ္လင်၊ မှန်းနန်းတော်ကြီး၊ ဗဟိုရ်စင်၊နန်းမြင့်မျှော်စင်နဲ့ဇေတ၀န်ဆောင်၊ စွယ်တော်စင်ဘုရားတွေ စသဖြင့် တန်းဖိုးမဖြတ်နိုင်တဲ့ သမိုင်းအမွေအနှစ်တွေ အများကြီး ရှိနေပါသေးတယ်။

နန်းတော်ကြီးဟာ ကျွန်တော်တို့ မြို့သူမြို့သားတွေအတွက် လည်စရာပတ်စရာ နေရာတစ်ခု အပမ်းဖြေစရာနေရာ တစ်ခုဆိုလည်းမမှားပါဘူး။ ကျွန်တော်တို့ငယ်ငယ်ကတော့ အားလက်ရက်မှာ ထမင်းချိုင့်တွေထုတ်ပြီး ကျုံးဘေးမှာရှိတဲ့ မန်းသီတာ ဥယျာဉ်၊ နန်းတွင်းထဲမှာရှိတဲ့ မြိုင်ဟေ၀န် ဥယျာဉ်ကြီးထဲမှာ လှေတွေစီးကြ ဆော့ကြနဲ့ တကယ့်ကို ပျော်ရွှင်စရာကောင်းလှပါတယ်။ မြနန်းစံကျော် ရွှေနန်းတော်ထဲကို လှည့်ပက်ကြည့်ကြ နန်းမြင့်မျော်စင်ကြီးပေါ်တက်ကြနဲ့ ကျွန်တော်တို့အတွက် တော့ နန်းတော်ကြီးက မိမိအိမ်လိုကိုဖြစ်နေကြတာပါ။ နန်းတွင်းထဲကို ၀င်ချင်တဲ့ အပေါက်က၀င် တံခါးမရှိ ဓားမရှိပါဘဲ။ အစစ်အဆေး အမေးအမြန်းလုံးဝ မရှိပါဘူး။ မန်းလေးကို လာရောက်လည်ပက်တဲ့ ပြည်တွင်းကဧည့်သည်ရော နိုင်ငံခြားခရီးသွားဧည့်သည်တွေပါ မသွားမဖြစ် သွားရောက် လေ့လာ မှတ်တမ်းတင်ရာ ကမ္ဘာကျော် ရှေးဟောင်း သမိုင်းဝင်နေရာတစ်ခုလည်းဖြစ်ပါတယ်။

အခုတော့ နန်းတော်ကြီးဟာ ကျွန်တော်တို့ မန်းလေးသားတွေ နဲ့လုံးဝမဆိုင်တော့ မပိုင်တော့ သလိုဖြစ်သွားပါပြီ။ ကိုယ့်ဘုရင် ကိုယ့်သခင် စံမြန်းတော်မှုသွားတဲ့ နန်းတော်ထဲကို သွားရောက်လည်ပက်တာတောင် သူတို့သတ်မှတ်ထားတဲ့ အရှေ့ပေါက်တစ်ခုတည်းက၀င်ရပြီး ၀င်ခွင့်ရဖို့ မှတ်ပုံတင်ပြရ လိုင်စင်ပြရနဲ့ တရားခံစစ်သလိုစစ်ဆေးမေးမြန်းခံရပါတယ်။ နန်းတော်ထဲရောက်သွားတော့လည်း ဟိုနေရာမသွားရ ဒီနေရာမသွားရနဲ့ ကန့်သက်ခံရပြီး မယုံသင်္ကာမျက်လုံးတွေနဲ့ အကြမ်းဖက်မယ့် လူလိုအမြင်ခံနေရတော့ အလိုလိုမှာ ကာကီရောင် မြင်ရင်တောင်ကြောက်နေတဲ့ မြို့သူမြို့သားတွေဟာ နန်းတွင်းထဲကို လုံးဝ မသွားတော့ပါဘူး။ အခုနောက်ပိုင်းလူငယ်တွေဆိုရင် နန်းတွင်းထဲလုံးဝမရောက်ဖူးကြပဲ အထဲမှာ ဘာတွေရှိမှန်းတောင် မသိကြပါဘူး။

နန်းတော်ကြီးဟာ သီပေါမင်းပါတော်မူသည့် ၁၂၄၇ ခုနှစ် နယ်ချဲ့ အင်္ဂလိပ်တို့ လက်အောက်သို့ ကျရောက် ခဲ့ရပြီးနောက် နန်းတော်ကြီးမှာ အင်္ဂလိပ်နယ်ချဲ့တို့ ထင်သလို ပြုမူခဲ့ခြင်းကြောင့် စစ်တန်းလျားများ ဖြစ်သွားခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်ပြီးလို့ တိုင်းပြည်လွတ်လပ်ရေးရပြန်တော့လည်း ကျွန်တော်တို့မြန်မာစစ်တပ်တွေက အင်္ဂလိပ်အစိုးရရဲ့ အမွေးဆိုးကို ဆက်ခံပြီး နန်းတွင်းကြီး ထပ်မံသိမ်းပိုက်ထားပြန်တာ ယနေ့ထိပါပဲ။

ကျွန်တော့်အနေနဲ့ကတော့ ဒီနန်းတော်ကြီးကို သူကျွန်ဘ၀မှာ အင်္ဂလိပ်စစ်တပ်တွေသိမ်းထားခဲ့ပြီး တိုင်းပြည် လွတ်လပ်ရေးရပြီး စစ်အာဏာရှင်တွေလက်ထက်မှာ မြန်မာစစ်တပ်တွေ နေထိုင်တပ်စွဲ သိမ်းပိုက်ထားတာကို ဘာမှမပြောလိုပါဘူး။ ပြောလို့မရခဲ့သလို ပြောလဲမပြောရဲခဲ့ပါဘူး။ ဒါပေမယ့် ဒီကနေ့ ပြည်သူကရွေးချယ်တင်မြှောက်ပြီး အုပ်ချုပ်တဲ့ အရပ်သားအစိုးရလက်ထက် ဒီမိုကရေစီစနစ်ကျင့်သုံးနေတဲ့ နိုင်ငံမှာတော့ မြန်မာ တစ်မျိုးသားလုံးနဲ့ သက်ဆိုင်တဲ့ အမျိုးသားယဉ်ကျေးမှု အမွေအနှစ် နေရာတစ်ခုဖြစ်တဲ့ နန်းတော်ထဲမှာ စစ်တပ်တွေ တပ်စွဲပြီးသိမ်းပိုက်ထားတာဟာ မလုပ်သင့်ထိုက်တဲ့ အရာတစ်ခုလို့ ပြောချင်ပါတယ်။ အမျိုးသားယဉ်ကျေးမှု အမွေအနှစ်ဖြစ်တဲ့ နန်းတော်ထဲမှာ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်ဆိုပြီး ဖွင့်လှစ်ထားတာဟာ လုံးဝမသင့်တော်ဘူး လို့ထင်မြင်မိပါတယ်။

ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်နေရာတစ်ခုဖြစ်တဲ့ နန်းတော်ထဲကို စစ်တပ်တွေ တပ်စွဲထားတာဟာ သူ့ကျွန်ဘ၀တုန်းက အင်္ဂလိပ် စစ်တပ်က ရွှေတိဂုံဘုရားပေါ်တပ်စွဲ ထားသလို ရင်ထဲမှာ ခံစားရတယ်ဗျာ။ တပ်မတော်ဟာ မိမိနေရာ မိမိပြန်သွားသင့်ပါပြီ။ အရင်အချိန်တုန်းကတော့ တိုင်းပြည်ရဲ့မငြိမ်သတ်မှုအခြေအနေတွေကြောင့် စစ်တပ်က နန်းတွင်းထဲမှာ တပ်စွဲထားတာ လက်ခံလို့ရပေမယ့် ဒီနေ့အချိန်အခါမှာတော့ တိုင်းပြည်ဟာ တည်ငြိမ်အေးချမ်းမှု ရသွားပြီဖြစ်တဲ့အတွက် မြန်မာတစ်မျိုးသားလုံးနဲ့ သက်ဆိုင်တဲ့ ဒီနန်းတော်ကြီးကို ပြည်သူတွေလက်ထဲ ပြန်အပ်သင့်ပါပြီလို့ပြောချင်ပါတယ်။

စစ်တပ်ဆိုတာ ပြည်သူပြည်သား ကိုယ့်မြို့သူမြို့သားတွေကို ကာကွယ်ဖို့အတွက်ပါ။ အခုတော့ စစ်တပ်က သမိုင်းဝင်ယဉ်ကျေးမှု အထွဋ်အမြတ်နေရာတစ်ခုဖြစ်တဲ့ မြို့လယ်ခေါင်က နန်းတော်ထဲကို ၀င်နေပြီး ပြည်သူတွေက စစ်တပ်ကို ပြန်ပြီးကာကွယ်စောင့်ရှောက်နေရသလို ဖြစ်နေတာဟာ အမြင်မတင့်တယ် ပါဘူး။ နန်းတွင်းကို လာရောက်လည်ပတ်တဲ့ နိုင်ငံခြားသားတွေက စစ်တပ်တွေဒီထဲဘာလို့ ရှိနေတာလဲလို့ မေးလားခဲ့ရင်တောင် ဘယ်လိုဖြေရမှန်းမသိတော့ပါဘူး။ တစ်ခါတလေ ကျွန်တော်စဉ်းစားမိတယ်ဗျ စစ်တပ်က သူသိမ်းယူထားတဲ့နေရာတွေမှာ "သတိ"တပ်ပိုင်မြေမကျူးကျော်ရလို့ ဆိုင်းဘုတ်တွေတပ်ထားသလို့ ဒီနန်းတွင်းကြီးကိုလည်း "သတိ" ရှေးဟောင်းယဉ်ကျေးမှုနယ်မြေမကျူးကျော်ရ ဆိုပြီး သွားချိတ်ထားရကောင်းမလား လို့ပါ။

မင်းတုန်းမင်းကြီးဟာ သူနဲ့ သူရဲ့တိုင်းသူပြည်သားတွေ နေထိုင်ဖို့အတွက် ရတနာပုံရွှေမြို့တော်ကြီးကို တည်ဆောက်ခဲ့တာပါ။ အခုလို သူစံမြန်းတော်မှုခဲ့တဲ့ ရွှေနန်းတော်ကြီးကို စစ်တပ်ကသိမ်းပြီး၊ သူ့တိုင်းသူပြည်သားတွေ နေထိုင်ရာနေရာတွေကို တိုင်းတစ်ပါးသားတရုတ်တွေက သိမ်းယူလိုက်တာကို မြင်ရရင် ဘယ်လောက်များ ရင်ထုမနာဖြစ်လိုက်မယ်မသိဘူးဗျာ။ မင်းတုန်းဘုရင် အသေစောသွားတာပဲကောင်းပါတယ်။ မဟုတ်ရင် သူနန်းတော် ပြန်လည်ရရှိရေးအတွက် ဆန္ဒတွေထုတ်ဖော်ချင်ထုတ်ဖော်နေရဦးမှာ။ ကံမကောင်းရင် ပုဒ်မ (၁၈)နဲ့ အဖမ်းခံရလို့ ထောင်နန်းစံမြန်းတော် မူနေရပါဦးမယ်ဗျာ။

ယခုလည်း နန်တော်ကြီးကို သမိုင်းဝင်ယဉ်ကျေးမှု နယ်မြေ (Historical Park) အဖြစ် ပြောင်းလဲဖို့ ယဉ်ကျေးမှုဝန်ကြီးဌာနကိုလွှဲပြောင်းပေးလိုက်တယ်လို့တော့ သတင်းကြားတယ်ဗျ။ ဒါပေမယ့် မြနန်းစံကျော် ရွှေနန်းတော်၊ နန်းတည် မင်းတုန်းမင်းနဲ့ ဆွေတော်မျိုးတော် တွေရဲ့ အုတ်ဂူတွေ၊ တောင်- မြောက် ဥယျာဉ်တော်၊ မင်းညီမင်းသားတွေ ပျော်ပါးရာ ဗုတ်တလုတ်ကန်၊ ကျူံးမြို့ရိုး နဲ့ ဒင်္ဂါးစက်ရုံတွေကိုသာ အပန်းဖြေ လေ့လာနိုင်တဲ့နေရာတွေ အဖြစ် ပြောင်းလဲမှာဖြစ်ပြီး စစ်တပ်တွေကတော့ အရင်အတိုင်း တည်ရှိနေမှာပါတဲ့။

ပြည်သူပြည်သား မြို့သူမြို့သားတွေ ကိုယ်စားကျွန်တော်ပြောချင်တာကတော့ နန်းတော်ထဲမှာ စစ်တပ်တွေ ထပ်မနေပါတော့နဲ့ လို့ပြောချင်ပါတယ်။ စစ်တပ်တွေအတွက် တပ်မတော်က သိမ်းထားတဲ့ မြေနေရာတွေအများကြီးရှိပါတယ်။ အဲ့ဒီနေရာတွေမှာ သွားနေကြပါ။ ပြည်သူအားလုံးပိုင်ဆိုင်တဲ့ ဒီနန်းတွင်းနယ်မြေကြီးကို အများပြည်သူ ၀င်ရောက်လေ့လာအနားယူ နိုင်အောင် လုပ်သင့်ပါပြီ။ ဒီအချိန်မှာ စစ်တပ်က ကိုယ့်နေရာ ကိုယ်ပြန်သွားနေပြီး နန်းတွင်းထဲကနေ ဂုဏ်သိက္ခာရှိရှိ ဖယ်ပေးလိုက်မယ်ဆိုရင် နတ်လူသာဓု ခေါ်ဆိုကြမှာပါ။

ဒီနေရာမှာ တစ်ခု သတိပေးချင်တာက စပ်တပ်က နန်းတော်ကြီးတစ်ခုလုံးကို ယဉ်ကျေးမှုဝန်ကြီးဌာနကို ထိမ်းသိမ်းစောင့်ရှောက်ဖို့ လွှဲပြောင်ပေးမယ်ဆိုရင်လည်း ယဉ်ကျေးမှုဝန်ကြီးဌာနက ခရိုနီစီးပွားရေးလုပ်ငန်းရှင်တွေလက်ထဲ လုပ်ပိုင်ခွင် ၀ါးကွက်အပ်လိုက်ပြီး ဟိုတယ်တွေဆောက်၊ စားသောက်ဆိုင်တွေ၊ ကလပ်တွေ၊ အဖြစ်ပြောင်းလိုက်မှဖြင့် ကျားကြောက်လို့ ရှင်ကြီးကိုး ရှင်ကြီးကျားထက်ဆိုး ဖြစ်နေပါလိမ့်မယ်။

ဒါကြောင့် ယဉ်ကျေးမှုဝန်ကြီး ဌာနက လူကြီးမင်းများက ဦးဆောင်ပါဝင်ပြီး မြို့မိမြို့ဖများ၊ အသိပညာရှင် အတက်ပညာရှင်များ၊ သက်ရှိထင်ရှား ကျန်ရှိနေသေးတဲ့ မင်းတုန်းမင်း၊ သီပေါမင်းတို့ရဲ့ ဆွေးတော်မျိုးတော် မြေးမြစ်တွေအပါအ၀င် အဖွဲ့အစည်းတစ်ရပ်ဖွဲ့စည်းပြီး အမျိုးသားယဉ်ကျေးမှုအမွေအနှစ် တစ်ခု မပျက်စီး မပျောက်ကွယ် သွားဖို့ ပြုပြင်ထိမ်းသိမ်းကြစေလိုပါတယ်။ မြို့သူမြို့သားတွေအတွက် အနားယူအပန်းဖြေစရာ နေရာတစ်ခုအဖြစ်လည်းကောင်း မြန်မာ့ သမိုင်းယဉ်ကျေးမှု အမွေအနှစ် ပြယုဂ်တစ်ခုအဖြစ်လည်းကောင်း နန်းတော်ကြီးကို ကမ္ဘာတည်သရွှေ့ တည်တံ့စေဖို့ အားလုံးပါဝင်ဆောင်ရွက်ကြပါလို့ အကြံပြုလိုပါတယ်။

နောက်ဆုံးအနေနဲ့ တပ်မတော်ရဲ့ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ကို ကျွန်တော်မေတ္တာရပ်ခံချင်တာကတော့ စစ်တပ်ကသိမ်းထားသော တောင်သူတွေပိုင်ဆိုင်တဲ့လယ်မြေ၊ ယာမြေတွေ ကိုပြန်ပေးသလိုဘဲ ယဉ်ကျေးမှု အမွေအနှစ်များ ကြီးစိုးရာ မြန်မာ့ယဉ်ကျေးမှုနောက်ဆုံးခံတပ်ကြီးဖြစ်တဲ့ ရတနာပုံ
ရွှေမြို့တော် မန်းလေးမြို့က မြနန်းစံကျော် ရွှေနန်းတော်ကြီး အပါအ၀င် နန်းတော်ကြီး တစ်ခုလုံးကို ပြည်သူတွေလက်ထဲ ပြန်လည်အပ်နှံပြီး တိုင်းသူပြည်သားတွေရဲ့ မေတ္တာခံယူလိုက်ပါလို့ အကြံပြုရင်း . . .

ချစ်ခြင်းအားဖြင့် . . .

ကျော်ကြီး(MDY)

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>