တချို့က ပြောကြတယ်။ ၂၀၁၅ မှာ NLD က အရင် ၁၉၉၀ လို အပြတ်အသတ်နိုင်ရင် ၉၀ တုန်းကလိုပဲ အာဏာမလွှဲပေးဘဲ ညစ်တာကို ခံရနိုင်တယ် လို့ စိုးရိမ်သူတွေ ရှိကြပါတယ်။ အာဏာပြန်သိမ်းနိုင်တယ် ဆိုတာမျိုး ပြောဆိုတာ၊ ခြိမ်းခြောက်တာတွေလည်း ရှိပါတယ်။
ဒီမှာ ရွေးကောက်ပွဲ ပုံစံတွေကို ပြန်ကြည့်ဖို့ လိုလာပါတယ်။
၁၉၉၀ တုန်းက ရွေးကောက်ပွဲမှာ အာဏာသိမ်းခေါင်းဆောင် (ဦး)စောမောင်က ... "အနိုင်ရပါတီကို အာဏာလွှဲပြီး တပ်က စစ်တန်းလျားပြန်မယ်" ဆိုတဲ့ ရာဇဝင် တွင်တဲ့ စကားကို ပြောခဲ့တာ အားလုံးလည်း အသိပါပဲ။ တပ်က ဒီနေ့အထိ ကတိ မတည်ခဲ့ဘူးပေါ့။
သူ့အပြောကို ကြည့်ရင် ၁၉၉၀ ရွေးကောက်ပွဲဟာ ပါလီမန် အုပ်ချုပ်ရေး စနစ်ကို ရွေးကောက်တဲ့ ရွေးကောက်ပွဲ ပုံစံလို့ မှတ်ယူနိုင်ပါတယ်။ ပါလီမန် အုပ်ချုပ်ရေးစနစ်ရဲ့ အထွေထွေ ရွေးကောက်ပွဲ ဆိုတာက ... ကိုယ်စားလှယ် အများစု အနိုင်ရတဲ့ (စုစုပေါင်း ကိုယ်စားလှယ်ရဲ့ ၅၀% ကျော်အနိုင်ရတဲ့) ပါတီကနေ အစိုးရ ဖွဲ့ပြီး တိုင်းပြည်ကို အုပ်ချုပ်ပါတယ်။ အစိုးရ အဖွဲ့ (ကက်ဘိနက်) ကို အနိုင်ရပါတီက ဦးဆောင်ဖွဲ့ပြီး ပါတီက ရွေးချယ်သူက ဝန်ကြီးချုပ် အဖြစ်နဲ့ တိုင်းပြည်ရဲ့ အုပ်ချုပ်ရေး အာဏာ အမြင့်ဆုံး ရရှိသူ ဖြစ်လာပါတယ်။ အကယ်၍ ပါတီ တစ်ခုတည်းက အများစုကို အနိုင်မရရင်တော့ ... ၅၀ % ကျော် ဖို့ အခြားပါတီတွေနဲ့ ညှိပြီး (သို့) ပေါင်းပြီး အစိုးရဖွဲ့ရပါတယ်။ ဒါဟာ အများက ခေါ်တဲ့ ညွှန့်ပေါင်း အစိုးရ ဆိုတာ ဖြစ်ပါတယ်။
အဲဒီတော့ ၁၉၉၀ ရလဒ်မှာ NLD က အပြတ်အသတ် ၈၂ % ကျော်နဲ့ အနိုင်ရတော့ .... တိုင်းပြည်ရဲ့ အုပ်ချုပ်ရေး အာဏာကို NLD ကို လွှဲပေးပြီး NLD က အစိုးရဖွဲ့ပြီး တိုင်းပြည်ကို အုပ်ချုပ်ရမှာပါ။ NLD ပါတီက ရွေးချယ်တဲ့ တစ်ယောက်က "ဝန်ကြီးချုပ်" ဖြစ်မယ်ပေါ့ဗျာ။
ဒါဆို စစ်တပ်က (ဦး)စောမောင် စကားအတိုင်း "စစ်တန်းလျားကို ပြန်" ဖို့ပဲပေါ့။ ဒီအဖြစ်ကို မြင်တဲ့ ခင်ညွန်တို့ (ဦး)စောမောင်ကို ရူးသလို၊ နှမ်းသလို သတင်းထုတ်ပြီး ဖြုတ်ချခဲ့ပြီး ... အာဏာကို အရူးကွက်နင်းပြီး ဆက်ကိုင်ထားလိုက်တယ်။ ၁/၉၀ ဆိုတာကို ကြေငြာပြီး ရွေးကောက်ပွဲဟာ "အခြေခံ ဥပဒေ ရေးစွဲရေး" အတွက် လုပ်တဲ့ ရွေးကောက်ပွဲ ဖြစ်တယ် ဆိုပြီး ကလိမ်ကျပြီး သန်းရွှေကို တပ်ချုပ်တင်လိုက်ရာက တိုင်းပြည် အနှစ် ၂၀ ပျက်စီးစေခဲ့တာပါပဲ။
ဒီလို အဖြစ်ကို ထပ်မဖြစ်အောင် ရှောင်ဖို့ ... ကြံစည်ပြီး အခြေခံ ဥပဒေကို ၁၉၉၃ ကနေ ရေးလိုက်ကြတာ စာမျက်နှာ (၂၀၀) လောက်ပါတဲ့ အခြေခံ ဥပဒေကို ၁၅ နှစ်ကျော် ၁၆ နှစ်အထိ အချိန်စွဲခဲ့ကြတယ်။ (တကယ်ရေးရင် ၁ ပတ် အတွင်းတောင် ရေးလို့ရပါတယ်။ အတည်ပြုတာ အချိန်ယူရင် စုစုပေါင်း ၁ လကျော်လောက်မှာ အခြေခံ ဥပဒေ တစ်ခု အတည်ပြုဖို့ လုပ်နိုင်ပါတယ်။)
ကြားက ရင်နာစရာ အဖြစ် ကြက်ဆူစိုက်တာမျိုး အပါအဝင် တိုင်းပြည် "ဖာ" နိုင်ငံ ဖြစ်ခဲ့ရတာ အများသိမို့ ထည့်မပြောတော့ပါဘူး။
ရလဒ်အဖြစ် ၂၀၀၈ မှာ နာဂစ် အခြေခံ ဥပဒေ ထွက်လာခဲ့တယ် ပေါ့ဗျာ။ အခြေခံ ဥပဒေမှာ အဓိက ပါလာခဲ့တာကတော့ "ပါလီမန်စနစ်" မဟုတ်ဘဲ "သမ္မတစနစ်" ဆိုတာ ဖြစ်လာပါတယ်။
ဒါဟာ နိုင်ငံရေးအပြောင်းအလဲပါ။ ၁၉၉၀ တုန်းကလို မဖြစ်ဖို့ အကြံကြီးကြီးနဲ့ ဆင်ကြံ၊ ဂေါ်ဇီလာကြံ .... ကြံခဲ့ကြတာပါ။ "သမ္မတ စနစ်" အရ အထွေထွေ ရွေးကောက်ပွဲမှာ NLD က အပြတ်အသတ် ထပ်နိုင်စေဦးတော့ အုပ်ချုပ်ရေး အာဏာကို NLD က အလွယ်တကူ မရနိုင်စေတော့ပါဘူး။
ဒီအခါ သူတို့ ထပ်စဉ်းစားကြတာက သမ္မတ က အုပ်ချုပ်ရေး အစိုးရ ဖွဲ့မယ်။ ဒါဆို သမ္မတကို ဘယ်လို ရွေးမလဲ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပေါ်ပြူလာ ဖြစ်မှုအရ လူထုကို သမ္မတ ရွေးခွင့်ပေးရင် ဒေါ်အောင်ဆန်းစုကြည်သာ သမ္မတ ထပ်ဖြစ်လာပြီး အုပ်ချုပ်ရေးအာဏာကို လွှဲပေးရမယ်။ ဒါလည်း သူတို့အတွက် ပြဿနာ ဖြစ်ပြန်တော့ ... လူထုကို သမ္မတမရွေးခိုင်းတော့ဘဲ ... ပါလီမန်ကနေ သမ္မတ ရွေးဖို့ ထည့်ရေးလိုက်တယ်။
ဒီအခါလည်း နောက်ထပ် ပြဿနာ တစ်ခုက ပါလီမန်မှာ NLD တွေ အများစု အနိုင်ရရင်လည်း ပါလီမန်က ရွေးတာကြောင့် ဒေါ်အောင်ဆန်းစကြည်က သမ္မတ ဖြစ်နေဦးမှာပဲ။ ထပ်ပြီး ကြံရပြန်တယ်။
ပါလီမန်ကို NLD တွေ အများအပြား ရောက်မလာအောင် ... NLD အမတ်တွေကို စတင် တိုက်ခိုက်ပါတော့တယ်။ သတင်းစာတွေထဲမှာ NLD အမတ်တွေ နှုတ်ထွက်တာမျိုးတွေကို တခန်းတနား ရေးလာတယ်။ NLD က ကိုယ်စားလှယ် တချို့ကို ငွေတွေ၊ အခွင့်အရေးတွေနဲ့ ဝယ်တယ်။ တချို့ကို ထောင်ချောက်ဆင် ဖမ်းတယ်။ တချို့က ပြည်ပ ထွက်ပြေးရတယ်။ NLD အမာခံ အမတ်တွေ လျော့သွားအောင် လုပ်လိုက်တယ်။ ဒါက နည်းဗျူဟာပေါ့။
ဒုတိယ နည်းကတော့ ဒီလို ကလိမ်ဥာဏ် ဆင်တာတောင် NLD က ထပ်ပြီး နိုင်နေရင် ဒေါ်အောင်ဆန်းစုကြည်က သမ္မတ ဆက်ဖြစ်နေမှာ စိုးတော့ ... အနီးနားက အင်ဒိုနီးရှားကို အတုခိုးပြီး တမတ်သားကို ထည့်လိုက်တယ်။ NLD က အများစု နိုင်ရင်တောင် တမတ်သားက ရှိနေတော့ သမ္မတ ရွေးဖို့က တမတ်သားက ထိန်းညှိနိုင်တယ်ပေါ့။ ဒါပေမယ့် တမတ်သား ရှိတာကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၁၀၀ % သမ္မတ ဖြစ်နိုင်ခြေကို အပြီးသတ် အာမခံနိုင်တာ မဟုတ်တော့ ..... ၅၉ (စ) ကို ထည့်ရေးပြီး ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်ရေးလို့ တည့်တည့်ကို ပြောလိုက်ပါတော့တယ်။
ဒါတင်လား ဆိုတော့ မဟုတ်သေးဘူး။ တိုင်းပြည်မှာ စစ်ဗိုလ်ချုပ်တွေက သမ္မတ လုပ်နိုင်အောင် ဆက်ကြံရသေးတယ်။ သူတို့ဟာ ရွေးကောက်ပွဲမှာ စစ်ဝတ်စုံဝတ်ပြီး ဝင်ပြိုင်လို့ မသင့်တော်သလို အရပ်ဝတ် လဲဝတ်လည်း လူတွေက ရွေးမှာလည်း မဟုတ်ဘူး။ ဒီအခါ မသေချာတဲ့ အခြေအနေထက် သူတို့ သမ္မတ ဖြစ်တာ သေချာသွားအောင် ... စစ်တပ်က ရွေးတဲ့ "သမ္မတ" ဆိုတဲ့ တတိယမြောက် သမ္မတ တစ်ယောက်ကို ထည့်ရေးလိုက်ပါတော့တယ်။ ဒါကြောင့် မြန်မာပြည်မှာ သမ္မတ ၃ ယောက် ဖြစ်သွားတာပါ။ ဒီအခါ သေချာ သွားပြီ၊ ဒေါ်အောင်ဆန်းစုကြည်သမ္မတ မဖြစ်နိုင်တော့ဘူး။ စစ်ဗိုလ် တစ်ယောက်က သေချာပေါက် သမ္မတ တစ်ယောက် ဖြစ်မယ်။ အခြေအနေ မကောင်းရင် အဲဒီ စစ်ဗိုလ်ကို တမတ်သား ထောက်ခံမှုကနေ "နိုင်ငံတော် သမ္မတ" ဖြစ်စေမယ် ပေါ့ဗျာ။
အုပ်ချုပ်ရေး အာဏာကို စစ်တပ်က လုံးဝ လက်မလွှတ်ဘူးဆိုတာ သေချာသွားစေတယ်။ ဒါပေမယ့် သေချာအောင် ထပ်ကြံရသေးတယ်။ အခြေခံ ဥပဒေကို ပြင်လို့ လွယ်နေရင် ... NLD တွေ လွှတ်တော်မှာ အများအပြား ရောက်လာခဲ့ရင် ... ပထမ တကြိမ်မှာ ဒေါ်အောင်ဆန်းစုကြည်က သမ္မတ မဖြစ်တောင် ... NLD အမတ်တွေက အခြေခံဥပဒေကို ဝိုင်းပြင်လိုက်ကြရင် ... နောက်တစ်ကြိမ်ရွေးကောက်ပွဲမှာ စစ်တပ်က စစ်တန်းလျား ပြန်ရဖို့ သေချာနေတော့ ... အခြေခံ ဥပဒေကို ကမ္ဘာပေါ်မှာ ပြင်ဖို့ အခက်ခဲဆုံး ဖြစ်အောင် ပုဒ်မ ၄၃၆ နဲ့ ကန့်သတ်လိုက်ပြန်ပါတယ်။ ၇၅ % ကျော်၊ မဲပေးနိုင်သူ စုစုပေါင်းရဲ့ ၅၀ % ကျော်က မဲပေးပြီး ၅၀ % ကျော်က ထောက်ခံမှ ပြင်လို့ ရမယ် ဆိုတာတွေ လုပ်ခဲ့ပါတယ်။
အခု အခြေခံ ဥပဒေ ပြင်ဆင်ရေးမှာ ဘယ်အထိ ခရီးသွားနိုင်မလဲ .... မသေချာသေးဘူး။ တမတ်သား အပါအဝင် ကြံ့ဖွတ်တွေက ပိတ်ဆို့နေတာ အားလုံး အသိပဲ။ ဒီအခါ အခြေခံ ဥပဒေကို မပြင်ဘဲ (သို့) နည်းနည်းပါးပါးလောက် အပေါ်ယံပြင်တာမျိုးသာ လုပ်ပြီး အထက်က ဆွေးနွေးခဲ့တာတွေကို သေချာ တို့ထိ ပြင်ဆင်တာတွေ မလုပ်ဘဲ ၂၀၁၅ ရွေးကောက်ပွဲမှာ NLD တွေက ၁၀၀ % အနိုင်ရတောင် .... NLD က လူတစ်ယောက် အစိုးရဖွဲ့ပြီး နိုင်ငံကို အုပ်ချုပ်ဖို့က မသေချာသေးတာကြောင့် ...
ဒီအတိုင်း အခြေခံ ဥပဒေကို ဆက်ပြီးသွားရင် .... ၂၀၁၅ ရွေးကောက်ပွဲမှာ NLD တွေ အများအပြား အနိုင်ရလည်း ချိတ်ထမိန်ဝတ်တွေ၊ အစိမ်းကောင်တွေ အတွက်က စစ်တန်းလျား ပြန်ဖို့ မရှိသေးပါဘူး။
၂၀၁၅ ရွေးကောက်ပွဲဟာ တကယ်တော့ (အများဆုံး မျှော်လင့်လို့ရရင်) .... မြန်မာနိုင်ငံ ဒီမိုကရေစီ စနစ်ကို ပြောင်းလဲဖို့ ခရီးအတွက် ဖိနပ်စီးတဲ့ အဆင့်မှာပဲ ရှိနေပါသေးကြောင်း ... နဲ့ ....
ဒီအတွက် ၂၀၁၅ မှာ NLD တွေ ၁၉၉၀ လို အပြတ်အသတ် နိုင်ရင်လည်း တိုင်းပြည် အာဏာကို လွှဲပေးစရာ မလိုသေးတဲ့ အခြေအနေ ဖြစ်နေတာကြောင့် .... အာဏာလွှဲစရာ မလိုတာကြောင့် .... ၂၀၁၅ အလွန်မှာ အာဏာသိမ်းဖို့ မလိုတာကြောင့် အာဏာသိမ်းမှာ မဟုတ်သေးပါ .....။
(ကိုထိုက်)
(မှတ်ချက်။ .... ။လက်ရှိ အခြေအနေက မြန်မာပြည် ဒီမိုကရေစီ ခရီးထွက်ဖို့အတွက် ညစ်ထေးနေတဲ့ အင်္ကျီတွေကို လျှော်ဖွတ်နေရတုန်း အချိန် ... လို့ပဲ မှတ်ယူနိုင်ပါသေးတယ်။)