Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ဒီဗွီဘီလည်း ပြည်တွင်းဝင်ရောက်ရန်ကြိုးစားမည်

$
0
0

ပြည်ပအခြေစိုက် မြန်မာမီဒီယာအချို့ ပြည်တွင်း၌ ရုံးခွဲဖွင့်လှစ်ခွင့်ရရန် ကြိုးစားနေသကဲ့သို့ လွတ်လပ်သော ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ) လည်း မြန်မာပြည်၌ ရုံးခွဲဖွင့်ရန်အတွက် ပြည်တွင်းသို့လာရောက်ကာ အခြေအနေ လေ့လာသွားမည်ဟု ဦးဆောင် ညွှန်ကြားရေးမှူး ဦးအေးချမ်းနိုင်ကဆိုသည်။

“ကျွန်တော်တို့ တစ်ယောက်နှစ်ယောက် အရင်ဝင်ကြည့်မယ်၊ စကားပြောကြည့်မယ်။ အဲဒီမှာ ရုံးခွဲဖွင့်လို့ရမလားဆိုတာမျိုးပေါ့၊ အဲဒီကနေမှ တဖြည်းဖြည်းအထဲမှာ ချဲ့သွားမယ်၊ အထဲမှာများများ ချဲ့နိုင်လေ အပြင်မှာ လျှော့လျှော့သွားလေလုပ်မှာပါ ” ဟု လတ်တလောတွင် ထိုင်းနိုင်ငံသို့ ရောက်ရှိနေသည့် ဦးအေးချမ်းနိုင်ကပြောသည်။

ယခုလက်ရှိ ၎င်းတို့ အနေဖြင့် မြန်မာပြည်သို့လာရောက်နိုင်ဖို့ ဗီဇာလျှောက်ရန် စီစဉ်လျှက်ရှိကြောင်း၊ ပြည်တွင်း၌ ၀င်ရောက်လုပ်ကိုင်ရန်မှာမူ အစိုးရ၏ တုံ့ပြန်မှုပေါ်တွင် မူတည်ကြောင်း ၎င်းကဆိုသည်။

အစိုးရနဲ့ဘယ်လောက်ညှိလို့ရမလဲ။ ဘယ်လောက်ပြောင်းလဲမလဲစတဲ့ အခြေအနေ အများကြီးအပေါ်မှာ မူတည်ပါတယ်၊ စီမံကိန်းအနေနဲ့က ၂၀၁၅ ရွေးကောက်ပွဲကို တော့ ယေဘုယျ မှန်းထားတယ်၊ အခုလာမယ့် ဧပြီ ၁ရက်ကတော့ အဆုံးအဖြတ်ပေါ့ ”ဟု၎င်းကဆက်ပြောသည်။

ဒီဗွီဘီအနေဖြင့် ပြည်တွင်းအခြေစိုက် မီဒီယာ အဖြစ် အကူးအပြောင်း ကာလရောက်လျှင်လည်း ပြည်ပထောက်ပံငွေများကို ဆက်လက်ရယူသွားရမည်ဖြစ်ပြီး နောက်ပိုင်းမှသာ Commercial (ကိုယ်ပိုင်ဝင်ငွေဖြင့်ရပ်တည်ခြင်း) အဖြစ် ရပ်တည်သွားမည်ဖြစ်ကြောင်းလည်း ဘဏ္ဍာရေးဆိုင်ရာ မှီခိုမှုနှင့် ပတ်သက်ပြီး ပြောဆိုသွားသည်။

“အဓိက သွားမယ့် ပုံစံက သတင်းကို ဦးစားပေးတဲ့ပုံစံနဲ့ပဲသွားမယ်။ ရည်ရွယ်ချက်ကတော့ လူတွေအတွက် ၀န်ဆောင်မှုပေးဖို့( Public service)ပဲ။ အမှီအခိုကင်းရမယ်(independent) ဖြစ်ရမယ်။ အမြတ်(profit) တစ်ခုတည်းမဟုတ်ဘူး။ လောလောဆယ်မှာတော့ အပြင်က ငွေကြေးအကူအညီမပါလဲ သွားလို့မဖြစ်ဘူး ” ဟုဦးအေးချမ်းနိုင်ကဆိုသည်။

ယခုလက်ရှိ အနေအထားတွင် ဒီဗွီဘီသတင်းဋ္ဌာနမှာ နော်ဝေနိုင်ငံ၌ အခြေစိုက်ထားပြီး ထိုင်းနိုင်ငံတွင် ရုံးခွဲဖွင့်လှစ်ကာ ထိုင်းသတင်းထောက်နှင့် ပြည်တွင်း သတင်းထောက်များခန့်အပ်ကာ လုပ်ကိုင်လျှက်ရှိသည်။

ယခုလောလောဆယ်တွင် ဒီဗွီဘီ သတင်းဋ္ဌာန လည်ပတ်မှု ကုန်ကျစရိတ်များကိုအနောက်ဥရောပ နိုင်ငံ အချို့နှင့် နိုင်ငံတကာ ကူညီရေးအဖွဲ့အစည်း အချို့က ထောက်ပံ့သည့် အကူအညီဖြင့် ရပ်တည်လျှက်ရှိသည်။

ပြည်တွင်း၌ အခြေအနေများကို လေ့လာရာတွင်လည်း စာပေစိစစ်ရေး အခြေအနေများ၊ မီဒီယာဥပဒေ အစရှိသည်တို့ကိုအဓိကထား လေ့လာသွားမည်ဖြစ်ပြီး၊ ပြည်တွင်းရှိဂျာနယ်၊ မဂ္ဂဇင်းများ၏ လုပ်ကိုင်ဆောင်ရွက်ပုံတို့ကို လည်း လေ့လာသွားမည် ဟု ဦးအေးချမ်းနိုင်ကပြောသည်။

၂၀၀၇ ခုနှစ် ရွှေဝါရောင် သံဃာ့အရေးအခင်းကာလနှင့် ၂၀၀၈ ဆိုင်ကလုန်းနာဂစ် တိုက်ခတ်ပြီး ကာလများတွင် ဒီဗွီဘီမှ ရုပ်သံထုတ်လွှင့်ချက်များကြောင့် နအဖ အစိုးရက လေလှိုင်းထဲမှ လူသတ်သမား၊ မိုးလုံးပြည့် မုသာဝါဒ အစရှိသည့် ကြွေးကြော်သံများကို နိုင်ငံပိုင် သတင်းစာများ၏ နောက်ကျောဖုံးတွင် နှစ်အတန်ကြာ ထည့်သွင်းဖေါ်ပြခဲ့ရာမှ ယမန်နှစ် စက်တင်ဘာလတွင် ထိုသို့ဖေါ်ပြခြင်းကို ရပ်ဆိုင်းခဲ့ကာ ယင်းသတင်းဋ္ဌာန ၀က်ဆိုက်အား ပိတ်ပင်ထားခြင်းမှလည်း ရပ်ဆိုင်းခဲ့သည်။

ဦးသိန်းစိန် အစိုးရသည် ယမန်နှစ်နှောင်းပိုင်းမှ စ၍ ပြည်ပအခြေစိုက် မြန်မာမီဒီယာ ၀က်ဆိုက်များအား ပိတ်ပင်ထားခြင်းကို ရုပ်သိမ်းခဲ့သလို ယင်းသတင်းဋ္ဌာနများတွင် လုပ်ကိုင်လျှက်ရှိသည့် မြန်မာဝန်ထမ်းများအား အခါအားလျော်စွာ ၀င်ရောက်သတင်းယူခွင့် ပေးခဲ့ရာ ဗွီအိုအေ၊ ဘီဘီစီ သတင်းဋ္ဌာနတို့မှ လွန်ခဲ့သည့် လများအတွင်း လာရောက်ခဲ့ကြသည်။

ယမန်နှစ် ဒီဇင်ဘာလက ၀ါရှင်တန် အခြေစိုက် ဗွီအိုအေ မြန်မာဋ္ဌာန၏ ဋ္ဌာနမှူး ဦးသန်းလွင်ထွန်း မြန်မာနိုင်ငံသို့ လာရောက်ကာ ပြန်ကြားရေးဝန်ကြီးဋ္ဌာန ၀န်ကြီးနှင့် တွေ့ဆုံခဲ့ပြီး အလုပ်သဘောဆွေးနွေးခဲ့ကြသည်။

ထိုစဉ်က ဗွီအိုအေ မြန်မာပိုင်း အနေဖြင့် ဋ္ဌာနေသတင်းထောက် ထားရှိရန် ခွင့်ပြုချက် မရရှိခဲ့သော်လည်း ပြည်တွင်း၌ သတင်းရယူလိုသည့် ကိစ္စရပ်များရှိသည့်အခါ ဗီဇာလျှောက်ထားပါက ခွင့်ပြုသွားမည်ဟု ပြန်ကြားရေး ၀န်ကြီးက ပြောဆိုခဲ့သည်။

နယူးဒေလီ အခြေစိုက် မဇ္ဈိမ သတင်းဋ္ဌာန၏ ချင်းမိုင်ရုံးခွဲ တာဝန်ခံ ဦးစိန်ဝင်းလည်း ယခုလဆန်းပိုင်းက တကြိမ်လာရောက်ခဲ့သလို ယခုသီတင်းပတ်တွင် ဒုတိယအကြိမ် လာရောက်ပြီး ပြည်တွင်း၌ ရုံးခွဲဖွင့်လှစ်ရန် အတွက် ကြိုးစားလျှက်ရှိသည်ဟု သိရှိရသည်။ ။

Yangon Press International



Viewing all articles
Browse latest Browse all 32865


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>