မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကို နိုင်ငံတကာအသိုင်းအဝိုင်းက ကြိုဆိုဂုဏ်ပြုလျက် ရှိသော်လည်း မြန်မာနိုင်ငံသည် ဒီမိုကရေစီ နိုင်ငံတစ်ခု မဟုတ်သေးကြောင်း ဂျာမနီနိုင်ငံကို ရောက်ရှိနေသည့် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဧပြီလ ၁၁ရက်က သတိပေးပြောကြားခဲ့သည်။
မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီ နည်းကျ အခြေခံဥပဒေတစ်ခု၊ စစ်မှန်သော အမျိုးသား ပြန်လည်စည်းလုံးညီညွတ်ရေး နှင့် မြန်မာ စစ်ဗိုလ်ချုပ်ဟောင်းများအကြား အတွေးအမြင် ပြောင်းလဲမှု တစ်ရပ်တို့ကို လိုအပ်နေဆဲဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဂျာမနီနိုင်ငံ ဘာလင်မြို့ ၌ လူ့အခွင့်အရေးဆု တစ်ခု လက်ခံရယူသည့် အခမ်းအနားတွင် ပြောကြားခဲ့သည်။
ကမ္ဘာကြီးအနေဖြင့် မြန်မာအစိုးရအပေါ် သေချာစောင့်ကြည့်သွားရန် နှင့် “မြန်မာအစိုးရဟာ စစ်မှန်တဲ့ ဒီမိုကရေစီ ပြည်ထောင်စု တစ်ခု ဖြစ်လာအောင် ဦးတည်သွားလိုခြင်းလား၊ ဒါမှမဟုတ် ဒီမိုကရေစီအရေခြုံထားတဲ့ အာဏာရှင်နိုင်ငံတစ်ခု ဖြစ်လာအောင် ဦးတည်သွားလိုခြင်းလား” ဟု သေချာစွာ လေ့လာစောင့်ကြည့်ကြရန် တိုက်တွန်းခဲ့သည်။
နိုင်ငံရေးကိစ္စများကြောင့် နေအိမ်အကျယ်ချုပ် ကျခံခဲ့ရသူ ဒေါ်အောင်ဆန်းစုကြည်သည် ယခုအခါ လွှတ်တော်ထဲတွင် နေရာရလာပြီ ဖြစ်ကာ၊ သူ၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) သည် လာမည့်နှစ် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် စီစဉ်လျှက်ရှိသည်။ လာမည့် ၂၀၁၅ရွေးကောက်ပွဲတွင် ၁၉၉၀ ရွေးကောက်ပွဲကကဲ့သို့ အပြတ်အသတ် အောင်ပွဲခံနိုင်ရန် မျှော်လင့်ထားလျက် ရှိနေသည်။ ၁၉၉၀ ရွေးကောက်ပွဲရလဒ်များကို ယခင် စစ်အစိုးရက လျစ်လျူရှုခဲ့သည်။
သို့ရာတွင် သမ္မတရာထူးအတွက် ဝင်ရောက်အရွေးခံလိုသော သူ၏ ဆန္ဒအား၊ အခြေခံဥပဒေထဲတွင် ပါရှိသော ပြဋ္ဌာန်းချက် တစ်ရပ်က ပိတ်ပင်တားမြစ်ထားလျက်ရှိသည်။ ထိုပြဋ္ဌာန်းချက်မှာ သူပါဝင်ယှဉ်ပြိုင်၍ မရအောင် ရည်ရွယ်ကာ ပိတ်ပင်ထားမြစ်ထားဟန်ရှိသည်။ ထိုပြဋ္ဌာန်းချက်အရ နိုင်ငံခြားသားခင်ပွန်း သို့မဟုတ် ဇနီး သို့မဟုတ် သားသမီး ရှိသူများအား သမ္မတဖြစ်ခွင့်မှ ပိတ်ပင်တားမြစ်ထားခြင်း ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်၏ ကွယ်လွန်သူ ခင်ပွန်းမှာ ဗြိတိန် နိုင်ငံသားဖြစ်သည်။
မြန်မာနိုင်ငံ၏ အခြေခံဥပဒေသည် စစ်ဘက်အား အထူးအခွင့်အရေး ပေးထားကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ထောက်ပြခဲ့သည်။ မြန်မာနိုင်ငံ၏ လွှတ်တော်တွင် စစ်ဘက်အား အလိုအလျောက် ၂၅ ရာခိုင်နှုန်း နေရာပေးထားသောကြောင့် စစ်ဘက်တွင် နိုင်ငံရေးဆိုင်ရာ ဗီတိုအာဏာ ရှိနေသည်။
“တကယ်လို့ ကျွန်မတို့အနေနဲ့ အခြေခံဥပဒေကို မပြင်ဘူးဆိုရင်၊ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးလို့ ပြောနေကြတဲ့အရာတွေဟာ အပေါ်ယံဟန်ပြပဲ ဖြစ်မှာပါ” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်သည် Willy Brandt ဆုကို သောကြာနေ့က လက်ခံရယူခဲ့သည်။ သူသည် ဧပြီလ ၁၀ရက်က ဂျာမနီဝန်ကြီးချုပ် အန်ဂျယ်လာမာခယ်လ်နှင့်လည်း တွေ့ဆုံခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံအတွင်း လွတ်လပ်ခွင့် ဖြစ်ထွန်းလာစေရေးအတွက် အကူအညီပေးလျက်ရှိကြသော နိုင်ငံတကာ အသိုင်းအဝိုင်းကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သော်လည်း “မြန်မာနိုင်ငံဟာ ဒီမိုကရေစီ နိုင်ငံတစ်ခု မဟုတ်သေးပါဘူး။ ဒီမိုကရက်တစ် လူ့အဖွဲ့အစည်း တစ်ရပ် တည်ဆောက်ဖို့ အခွင့်အလမ်းကို ကျွန်မတို့ ရထားပါတယ်။ ဒါပေမဲ့ အခုထိတော့ ကျွန်မတို့ မတည်ဆောက်ရသေးပါဘူး” ဟု ဆိုသည်။
“ဒါပေမဲ့ ကျွန်မတို့မှာ အခွင့်အလမ်း နဲ့ ရွေးချယ်ခွင့်တစ်ရပ် ရှိနေပြီဖြစ်တဲ့အတွက်၊ အကဲဆတ်ဆုံးနဲ့ ကျွန်မတို့ရဲ့ တစ်စတစ်စပြုပြင်ပြောင်းလဲမှု လမ်းကြောင်းမှာ အန္တရာယ်အများဆုံး ကာလ တစ်ခုလည်း ဖြစ်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
၁၉၆၂ ခုနှစ် အာဏာသိမ်းမှုကို ရည်ရွယ်၍ ပြောကြားခဲ့ရာတွင်၊ မြန်မာ့ လွတ်လပ်ရေးခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က “ကျွန်မတို့အနေနဲ့ စစ်အာဏာရှင် စနစ်အောက်မှာ ရာစုနှစ်ဝက်ကျော် နေခဲ့ရတယ်ဆိုတာကို လူတွေက မေ့နေကြပါတယ်” ဟု ဆိုခဲ့သည်။
Mizzima - News in Burmese