နိုင်ငံတော် သမ္မတကြီးက သုံးနှစ်သား အရပ်သား အစိုးရ၏ အောင်မြင်မှုများကို ပြောနေသော်လည်း တိုင်းပြည်တွင် ဆန္ဒပြပွဲများက နေရာတိုင်းတွင် ဖြစ်နေသည်။ နှစ်ပေါင်း နှစ်ဆယ်ကျော် စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်ခြင်း ခံရသော အခြေအနေမှ လွတ်မြောက်၍ နိုင်ငံတကာမှ အကူအညီများ အလုံးအရင်းဖြင့် ၀င်လာသော်လည်း လူငယ် အများအပြားမှာ ပြည်တွင်းတွင် အလုပ်အကိုင် မရသဖြင့် ပြည်ပနိုင်ငံများသို့ ထွက်ခွာနေကြသည်။ တိုင်းပြည်၏ အခွန်ဝင်ငွေမှာ နှစ်ဆ တက်လာပြီး ကုန်သွယ်မှု ပမာဏမှာ စံချိန်တင် မြင့်တက်ခဲ့သော်လည်း မြေယာမဲ့ ပြည်သူများမှာ အင်အားသုံး ဖယ်ရှားမှုများကြောင့် ကူရာမဲ့၊ ကယ်ရာမဲ့ ဘ၀ကို ရောက်ရှိနေကြသည်။
တရား ဥပဒေ စိုးမိုးရေး အတွက် ကမ္ဘာ့ဒီမိုကရေစီ စံပြပုဂ္ဂိုလ်ဖြစ်သော ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်တော်ရေးရာ ကော်မတီ ဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်ခဲ့ သော်လည်း အရပ်သား အစိုးရ လက်ထက်တွင် လူသတ်မှု၊ မုဒိမ်းမှု၊ လုယက်မှုများမှာ စံချိန်တင် မြင့်တက်ခဲ့သည်။ ၂၀၁၂ ခုနှစ် အတွင်းတွင် စာပေ လွတ်လပ်ခွင့်ကို ချုပ်ကိုင်ထားသော စာပေ စိစစ်ရေး ဌာနအား ဖျက်သိမ်းခဲ့သော်လည်း ပြန်ကြားရေး ၀န်ကြီးဌာနက မီဒီယာ ဥပဒေ အမျိုးမျိုးကို ပညာပြ ရေးဆွဲနေသည့် အတွက် နိုင်ငံတကာကရော ပြည်တွင်း သတင်းသမားများကပါ ဝေဖန် အပြစ်တင်လျက်ရှိသည်။ ဒီမိုကရေစီ စနစ်အောက်တွင် ပွင့်လင်း မြင်သာမှုရှိပြီး ပြုပြင် ပြောင်းလဲရေးများကို လုပ်နေပါသည် ဆိုသော်လည်း အစိုးရ ဌာနများမှ မီဒီယာ သမားများကို လိုလိုချင်ချင် သတင်းမပေးချင်။ အစိုးရ ၀န်ကြီးဌာန အကြီးအကဲပိုင်း ဗျူရိုကရက်ကြီးများက မီဒီယာသမားတွေကို မတွေ့ချင်သလိုလို ကြောက်သလိုလို ပုံစံမျိုးတွေရှိ နေသည်။ အထူးသဖြင့် ၀န်ထမ်း ၁.၃ သန်းသည် ပြုပြင် ပြောင်းလဲရေးကို အမီမလိုက်နိုင်။ ခေါက်ရိုး ကျိုးနေကြသည်။ လာဘ်ပေး လာဘ်ယူမှု အများဆုံး နိုင်ငံထဲတွင် ပါဝင်နေသော မြန်မာနိုင်ငံသည် သုံးသိန်းအောက် လာဘ်ပေးမှုကို ခွင့်လွှတ်သည့် သဘော သမ္မတကြီးက ပြောလိုက်သည့် အတွက် ထက ကုန်ကြသည်။
အစိုးရတွင် မရှင်းနိုင်သည့် ပြဿနာများက ဒုနဲ့ဒေး။ နိုင်ငံနေရာ အနှံ့အပြားတွင် ဖြစ်ပွားသော ဘာသာရေး ပဋိပက္ခတွေကို အချိန်မီ မဖြေရှင်းနိုင်။ ယာဉ်တွေ အတိုင်းအဆမရှိ တင်သွင်းလိုက်သည့် အတွက် ဖြစ်ပွားနေသော ယာဉ်ကြော ပိတ်ဆို့မှုများကို မဖြေရှင်းနိုင်။ တိုင်းပြည်တွင် သဘာဝ ဓာတ်ငွေ့ ပေါကြွယ်ဝစွာ ထွက်နေသော်လည်း လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုကို မဖြေရှင်းနိုင်။ မြေဈေး၊ တိုက်ခန်းဈေးများ အဆမတန် တက်နေပြီး စားသောက် နေထိုင်မှု စရိတ် ကြီးမြင့်နေမှုကို မဖြေရှင်းနိုင်။ ယခင် အစိုးရလက်ထက်က အာဏာဖြင့် မတရား သိမ်းပိုက်ခဲ့သော မြေများနှင့် ပတ်သက်၍ မူလပိုင်ရှင်များ အပေါ် မည်သို့ သဘောထားမည်ဆိုသည့် အချက်မှာလည်း ရှင်းရှင်းလင်းလင်း မသိရ။ ၀န်ကြီးတစ်ပါးကို တစ်မျိုး မရိုးနိုင်အောင် ပြောနေကြသည်။ လက်မှု လယ်ယာမှ စက်မှု လယ်ယာသို့ ကူးပြောင်းပြီ ဆိုသော်လည်း နေပြည်တော် တစ်ဝိုက်တွင်သာ စက်မှုလယ်ယာ စနစ် အောင်မြင်နေသည်။ ဒီကြားထဲတွင် လျှပ်စစ် မီတာခတွေကို တိုးမြှင့်လိုက်သည်။ ၀င်ငွေ တစ်သိန်းနှစ်သောင်း အထက်ရှိသူများ အားလုံး ၀င်ငွေခွန် ဆောင်ရမည်ဟု ဆိုသည်။ ထို့ကြောင့် စားဝတ်နေရေး ကြပ်တည်းလာသော ပြည်သူများက ဆန္ဒပြကြသည်။ ဆန္ဒပြမှုများ နေရာမျိုးစုံတွင် ပေါ်ပေါက်နေသော်လည်း အစိုးရက လေးလေးနက်နက် စိတ်ဝင်စား ပုံမပေါ်။ ထို့ကြောင့် ရဲတပ်ဖွဲ့ အပါအ၀င် ၀န်ကြီးဌာနများက နိုင်ငံသားများ၏ အခွင့်အရေးအပေါ် လေးစားမှု လျော့ကျလာသည်။ အထူးသဖြင့် မကြာသေးခင်က မီတာခ တိုးမြှင့်လိုက်သည့် ကိစ္စနှင့် ပတ်သက်ပြီး မန္တလေးတွင် ဆန္ဒပြရာ သတင်းရယူနေသော သတင်းသမားများ အနှောင့်အယှက် ခံခဲ့ရသည်။
သတင်းသမား ဂျာနယ်လစ် ဆိုသည်မှာ စတုတ္ထမဏ္ဍိုင်မှ တစ်ဆင့် ပြည်သူကို သတင်း အလုပ်အကျွေး ပြုနေသူများ ဖြစ်သည်။ မန္တလေးတွင် သတင်းရယူရာ၌ နှောင့်ယှက်သူများ ရုတ်တရက် ပေါ်ပေါက်လာသည်။ ဆန္ဒပြသူများနှင့် ရဲများ ရုန်းရင်းဆန်ခတ် ဖြစ်နေချိန်တွင် အမျိုးသမီး သတင်းထောက်က ဆိုင်ကယ်ဖြင့် သတင်းလာယူသည်။ ထိုအချိန်တွင် အရပ်ဝတ်ဖြင့် လူတစ်ယောက်က ဆိုင်ကယ် ဦးထုပ်ကို ဆောင့်ဆွဲသည်။ ထိုနောက် ရင်ဘတ်ကို တံတောင်ဖြင့် တွန်းကာ ရဲတပ်ဖွဲ့ရုံးထဲသို့ ၀င်သွားသည်။ တိုင်းရဲတပ်ဖွဲ့ရုံးကို လိုက်သွားပြီး အကျိုးအကြောင်း မေးကြည့်တော့ သူတို့ မသိဘူးဟု အာပတ်လွတ် ဖြေသည်။
ဒီဗွီဘီ မန္တလေး သတင်းထောက်မှာလည်း မန္တလေး ၇၈လမ်း၊ ဒိုင်းမွန်း ပလာဇာရှေ့တွင် ရဲမှ ဆန္ဒပြ အမျိုးသမီး တစ်ယောက်ကို ကားပေါ်ခေါ်တင်နေသည့် ဖြစ်ရပ်အား ကင်မရာဖြင့် မှတ်တမ်းတင် နေစဉ် လူတစ်ယောက်က ဆောင့်တွန်းပြီး တံတောင်ဖြင့် တွက်သည်။ နောက်တစ်ယောက်က လက်သီးဖြင့် ထိုးရန် ပြင်သည်။ “မင်း... အဲလို ရိုက်ကူးစရာ မလိုဘူး” ဟုလည်း ပြောသေးသည်။ ထိုဖြစ်ရပ်တွင် အရပ်ဝတ် ၀တ်ထားသော လူတစ်ချို့ သတင်းထေက်များ သတင်း ယူခြင်းကို ဟန့်တား နှောင့်ယှက်သည်မှာ ပေါ်လွင် ထင်ရှားသည်။ တစ်ချို့က ထိုလူများသည် ရဲသတင်းပေးများဟု ဆိုသည်။ ရဲတပ်ဖွဲ့ အနေဖြင့် တရားခံများ အလျှင်အမြန် ဖမ်းဆီးမိစေရန် သတင်းပေးများ ထားနိုင်ပါသည်။ သို့သော် သတင်းရယူနေသော သူများကို အနှောင့်အယှက် ပေးခြင်းမှာ မကောင်းလှပါ။ ယခု ကိစ္စကို အသေးအဖွဲဟု ထင်ပြီး ဒီအတိုင်း ထားလိုက်လျှင် ပြဿနာ မီးတောက်ကြီး ကြီးထွားလာ ပါလိမ့်မည်။ လာမည့်နှစ်တွင် တိုင်းပြည် အနာဂတ် အတွက် အရေးကြီးသော အထွေထွေ ရွေးကောက်ပွဲကြီး ရှိနေသည်။
မြန်မာနိုင်ငံကလည်း အတိတ် သမိုင်းစာမျက်နှာတွင် နာမည်ပျက်ပေါင်း မြောက်များစွာ ရှိနေသည်။ ပျူစောထီးမှသည် စွမ်းအားရှင် အထိ၊ တံတားဖြူမှသည် ဒီပဲယင်း အထိ၊ ရက်ရက်စက်စက် ချေမှုန်းခဲ့သည်များ ရှိသည်။
ယခုလို ကိစ္စမျိုးကို ထပ်မံ မဖြစ်ပွားစေရန် မန္တလေးရှိ သတင်းသမားများက မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီသို့ တိုင်ကြားသွားမည် ဖြစ်ကြောင်း သိရသည်။ သို့သော် အဓိက တာဝန်ရှိသည့် အဖွဲ့အစည်းများ ကရော မည်သို့ တုံ့ပြန်မည်လဲ။
အစိုးရကရော မန္တလေး ဖြစ်ရပ်ကို သဘောကျနေသလား၊ စိုးရိမ်ပူပန်မှု ဖြစ်နေပါသလား၊ တိတိလင်းလင်း မဝေခွဲနိုင်။ သို့သော် သတင်းသမားများကို နှောင့်ယှက် ဟန့်တားမည့် လက်မည်းကြီးကတော့ အရိပ်ပမာ တဖြည်းဖြည်း နီးကပ်လာလျက် ရှိနေပြီ။
- ဇော်သက်ထွေး--Tomorrow news journal