ရန်ကုန်လေဆိပ်မှာ စစ်ဆေးရေးဂိတ်ကို ဖြတ်ရဖို့  ကလေးငယ်တစ်ယောက် အချိန်အကြာကြီး ဒီလိုစောင့်ဆိုင်းပြီးနေရတာ နိုင်ငံတစ်နိုင်ငံရဲ့  စီမံခန့် ခွဲမှု ဘယ်လောက်အားနည်းညံ့ဖျင်းသလည်းဆိုတာ။(photo.. Nik Nayman)ဒီတခေါက် မြန်မာပြည် ပြန်တော့ ရန်ကုန် လေဆိပ်အ၀င်မှာ အမြင်မတော်မှုတခုကို တွေ့လိုက်ရတယ်။
မြန်မာပြည်ကို ပြန်လာတာမှာ လ၀ကကို ဖြတ်ဖို့ ကောင်တာတွေ ရှိပါတယ်။
မြန်မာနိုင်ငံသားအတွက်က ကောင်တာ ၃ ခု၊ နိုင်ငံခြားသားက ကောင်တာ ၄ ခုနဲ့ သင်္ဘောသားကောင်တာ၊ သံတမန်များကောင်တာ အစရှိတဲ့ ကောင်တာတွေ အသီးသီး ရှိပါတယ်။
နိုင်ငံခြားသားက နည်းတော့ ခဏလေးနဲ့ လူပြတ်သွားပြီး မြန်မာနို်င်ငံသားအတွက် ကောင်တာ ၃ ခုမှာတော့ လူတန်းက အရှည်ကြီးနဲ့ အလှည့်ရောက်အောင် တော်တော် စောင့်လိုက်ရတယ်။
အဓိက ပြောလိုတာက စီမံခန့်ခွဲမှု လိုအပ်တာကိုပါ။ ကျွန်တော်လို တခဏ ပြန်တဲ့သူတောင် ဒါကို သတိပြုမိနေသေးရင် ဒီဋ္ဌာနကို တာဝန်ယူတဲ့ အရာရှိတွေက သတိမပြုမိကြဘူးလား။
ဥပမာ။ လာမယ့်နိုင်ငံက ခရီးသည်တွေရဲ့ အရေအတွက်ကို ကြည့်ပြီး ကောင်တာကို ပုံသေမထားဘဲ လိုသလို တိုးတာ၊ လျှော့တာ လုပ်သင့်တာပေါ့။
ခုတော့ ကောင်တာက အသေလို လုပ်ထားပြီး ကိုယ်နဲ့ဆိုင်တဲ့ သူမလာရင် ငုတ်တုတ်ကြီး ထိုင်နေကြတယ်။ ဒီဘက်က ကောင်တာ ၃ -ခုမှာတော့ ကုတ်ချိန်တောင် မရကြဘူး။
နောက်ပြီး နိုင်ငံခြားသား ကောင်တာကရော မြန်မာနိုင်ငံသားတွေကို ၀င်နိုင်ဖို့ မစစ်ဆေးပေးနိုင်ဘူးလားလို့ သိချင်မိတယ်။
မြန်မာနိုင်ငံလေဆိပ်မှာ တာဝန်ကျတဲ့၊ တာဝန်ရှိကြတဲ့ အရာရှိများကို သတိပြုမိနိုင်ပါစေ။
ရန်ကုန်လေဆိပ် လ၀က နဲ့ အမြင်မတော်မှု (၂)
*********************************
နောက်တခါ အူကြောင်ကြောင် နိုင်တာကတော့ White Card ဖြည့်ရတာပါပဲ။
ကျွန်တော် နားလည်သလောက် White Card ဆိုတာ ကိုယ့်နိုင်ငံကို လာလည်တဲ့ နိုင်ငံခြားသားတွေအတွက် ရည်ရွယ်တာ။
ဘာကြောင့် ကိုယ့်နိုင်ငံ ကိုယ်ပြန်လာတာကို စာရွက်အကုန်ခံပြီး လာဖြည့်ခိုင်းမှန်း မသိဘူး။ စင်္ကာပူနိုင်ငံမှာ ပီအာရ် ရထားသူတောင် စင်္ကာပူနိုင်ငံကို ပြန်ဝင်ရန် White Card ဖြည့်စရာ မလိုဘူး။
ပိုဆိုးတာက Declaration အပိုင်းမှာ US$10, 000 နဲ့ အထက် ပါရင် ကြေညာရန်မှာ TICK လုပ်ရမယ်တဲ့။ ကျွန်တော့်မှာမှ မပါတာ၊ မလိုဘူးပေါ့။
ဒါပေမယ့် အောက်တစ်ကြောင်းမှာတော့ ... မြန်မာနိုင်ငံသားများ အတွက်သာတဲ့။
နိုင်ငံခြားငွေ ဘယ်လောက်ပါပါ ကြေညာရမယ်ဆိုတဲ့ သဘောမျိုး ရေးထားတော့ အပေါ်နဲ့အောက်က တော်တော် ၀ိရောဓိ ဖြစ်နေတယ်။
ဒါပေမယ့် ကိုယ့်အမှား မဖြစ်အောင် ပါသလောက်လေးကို အရင် ဖြည့်လိုက်ပြီး
အနားရောက်လာတဲ့ လေယာဉ်မောင်ကို ခေါ်ကာ ဒါကြီးက ဘယ်လို လုပ်ရမှာလဲ၊ ကြေညာရမှာလား၊ မကြေညာရဘူးလား ... အပေါ်နဲ့အောက်က လိုက်လျောညီထွေ မရှိဘူး ဆိုတော့ ...
အစ်ကိုက ပိုက်ဆံကို ဘာလို့ သွားဖြည့်တာလဲ၊ မလိုဘူးတဲ့။ ဒီလိုပဲ လျှောက်ရေးထားတာတဲ့။
ကောင်းရော ...။
ဒါပေမယ့် ကျွန်တော်ကတော့ တခုခုဆို ပြန်ဖြေလို့ ရအောင် ပါသမျှကို ဖြည့်သလို US$ 10, 000 နဲ့အထက် မဟုတ်လို့ မကြေညာဘူး။
ရှင်းရော ...။
လ၀က လူကြီးမင်းများ ကိုယ်ထုတ်ထားတဲ့ စာရဲ့ အဓိပ္ပါယ်ကို သိရှိနိုင်ပါစေ။
လေးစားခင်မင်စွာဖြင့်
စိုးထွန်း