ကျွန်တော့်ဘ၀မှာ လေးစားတာရော အားကျတာရော ပေါင်းစုလို့ လူတစ်ဦးကို ပြပါဆိုရင် အချိန်အကြာကြီး စဉ်းစားစရာ မလိုတာဟာ သူ့ကြောင့် ဖြစ်ပါတယ်။ သူဆိုတာ သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင် ဖြစ်ပါတယ်။ အသက် ၈၅ နှစ်အရွယ်မှာ စစ်အစိုးရက အဓိက ပေးခဲ့တဲ့ ရောဂါပေါင်းစုံနဲ့ ၂၀၁၄ ဧပြီ ၂၁ မနက် ခြောက်နာရီခွဲမှာ ရန်ကုန်ဆေးရုံကြီးမှာ ဆုံးပါးသွားပါတယ်။
မြန်မာတစ်ဦး သေဆုံးလို့ မြန်မာအများစု ၀မ်းနည်းကြတဲ့ စာရင်းနည်းနည်းထဲမှာ ဦးဝင်းတင် ကျိန်းသေပါပါတယ်။ ဦးဝင်းတင်က သူ့အသုဘကို ချက်ချင်းချဖို့ မှာခဲ့တယ်လို့ သတင်းတွေ ထွက်လာတယ်၊ ဒါပေမဲ့ လူငယ်တွေက သူ့ကို ချစ်ကြတော့ ထိုက်ထိုက်တန်တန် ဂုဏ်ပြုလိုကြတယ်။ ဒါနဲ့ သူတို့တတွေ စီစဉ်ကြတယ်။ ကျွန်တော်ကတော့ ကောင်းတယ်လို့ ထင်တယ်။
လူတစ်ယောက် သေတယ်ဆိုတာ အသုံးဝင်မှု ကုန်ဆုံးသွားတာပါပဲ။ ဒါပေမဲ့ ဦးဝင်းတင်ဟာ အဖိုးမဖြတ်နိုင်တဲ့ လက်ဆောင်တွေကို ပေးခဲ့တယ်။ သူနဲ့ နီးစပ်သူတွေ၊ တပည့်သားမြေးတွေဆိုရင် ပြောစရာတွေ မကုန်လောက်အောင် ရှိကြလိမ့်မယ်။ အဝေးကနေ လေးစား အားကျသူတစ်ယောက်အနေနဲ့ ကျွန်တော်ကတော့ သူ့လို လူတစ်ယောက်ဖြစ်အောင် ကျွန်တော်တို့တတွေ ဘယ်နှယောက်လောက် ပေါင်းစုရလိမ့်မလဲလို့ တွေးနေမိတယ်။ ၁၀ ယောက်လား၊ အယောက် ၁၀၀ လား၊ အယောက် ၁၀၀၀ လား။
တစ်ဘ၀လုံး လူထုကို မျက်နှာမူခဲ့တယ်၊ တိုင်းပြည်ကောင်းကျိုးကို ဆောင်ရွက်ခဲ့တယ်။ စစ်အာဏာရှင်တွေကို နည်းနည်းလေးတောင် မကြောက်ခဲ့ဘူး။ မှန်တာကိုပဲ ရဲရဲဝံ့ဝံ့ ပြောတယ်၊ ယုံကြည်တဲ့ လမ်းကိုပဲ လျှောက်လှမ်းခဲ့တယ်။ စကားပြော ရှင်းတယ်၊ ပြတ်တယ်။ လူငယ်တွေကို နေရာပေးတယ်။ မူဝါဒ မဖောက်ပြန်ဘူး။ ဟိုတစ်မျိုး ဒီတစ်မျိုး မလုပ်ဘူး။ အသက် ၈၀ ကျော်တဲ့အထိ ခပ်မာမာ ခပ်မှန်မှန်ပဲ နေတယ်။ မပျော့ဘူး၊ မလျော့ဘူး။ တစ်ခါတစ်ခါ ကိုယ့်ကိုယ်ကိုယ် သနားနေမိရင် ဦးဝင်းတင်ကို သတိရလိုက်တယ်။
လူဆိုတာ အတ္တသိပ်ကြီးတဲ့ အမျိုးပါ၊ ဦးဝင်းတင်က သူများအတွက် လုပ်ဖို့ ပြောခဲ့တယ်။ ပြောရုံတင် မကပါဘူး၊ လက်တွေ့လည်း လုပ်ပြခဲ့တယ်။ ကျွန်တော် မီသလောက်ဆိုရင် အခု နောက်ဆုံးအကြိမ် ထောင်က ထွက်လာပြီးနောက်မှာ ဦးဝင်းတင်ဖောင်ဒေးရှင်းကို ထောင်တယ်။ ဘ၀တူဖြစ်ခဲ့ဖူးတဲ့ နိုင်ငံရေးအကျဉ်းသားတွေနဲ့ သူတို့တတွေရဲ့ မိသားစုတွေကို ကူတယ်။ စောင့်ရှောက်တယ်။ လူငယ်တွေ ဦးဆောင်တဲ့ နိုင်ငံရေးနဲ့ စာပေဆိုင်ရာ လှုပ်ရှားမှုပွဲတွေကို မပျက်မကွက် တက်ရောက် အားပေး ချီးမြှင့်ခဲ့တယ်။
လူငယ်တွေက သူရောက်လာရင်ပဲ အားတွေ ရှိနေခဲ့တယ်။ သူ့ကို လေးစားကြတယ်၊ ချစ်ခင်ကြတယ်။ အနီးနေတွေဆိုရင် ချစ်လိုက်တာမှ ပြောမနေပါနဲ့တော့၊ တကယ့်သားသမီးအရင်းတွေထက်တောင် ပိုလေမလားပါပဲ။ သူတို့ကို ကြည့်ပြီး ကျွန်တော်က ဘေးကနေ အားကျနေမိခဲ့တယ်။ အခု နောက်ဆုံးတစ်ခေါက် မတိုင်ခင် ရှေ့တစ်ခေါက်က ဂရင်းခရော့စ်မှာ ဆေးရုံတက်တော့ ကျွန်တော် သွားကြည့်သေးတယ်။ ဆရာကြီးက သူ့တပည့် သားမြေးတွေနဲ့ ပျော်ပျော်ပါးပါး ရှိနေခဲ့တယ်။ ၀မ်းသာရတယ်။
လူတစ်ယောက်က လူတစ်ယောက်ကို လေးစားတယ်ဆိုတာ တော်ရုံနဲ့ မဖြစ်ပါဘူး။ တကယ်ကို သဘောကျမှ ဖြစ်ပါလိမ့်မယ်။ အားကျဖို့ဆိုတာကတော့ ချစ်ခင်တာအပြင် အလွန်အကျူး သဘောကျမှ ဖြစ်ပါလိမ့်မယ်။ ကျွန်တော့်ဘ၀မှာ လေးစားရတဲ့လူက များများစားစား မရှိလှပါဘူး၊ အဲဒီအထဲမှာ ဆရာကြီး ဦးဝင်းတင်က ထိပ်ဆုံးက ပါနေပါတယ်။ အဲ... လေးလည်းလေးစား၊ အားလည်းကျရတဲ့ သူကတော့ တစ်ယောက်နှစ်ယောက်လောက်ပဲ ရှိပါတယ်။ အဲဒီမှာလည်း ဆရာကြီး ဦးဝင်းတင်က နံပါတ်တစ်ပါပဲ။
သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင်ကတော့ ကျွန်တော် လေးစားအားကျရတဲ့ သူပါ။ အခုတော့ သူ ထွက်သွားပြီ။ ဥာဏ်သန်သန်၊ စကားရှင်းရှင်း၊ အပြောပြတ်ပြတ်၊ အတွေးထက်ထက်နဲ့ ဘယ်သူကများ အစိုးရကို ပြောင်ပြောတင်းတင်း ဝေဖန်မလဲ၊ ထိထိမိမိ ရေးသားမလဲ။ လူငယ်တွေကို ရှေ့ဆောင်လမ်းပြ သူ့လို ဘယ်သူ အားမာန်ပြမလဲ၊ မူဝါဒခိုင်ခိုင်နဲ့ အာဏာရှင်တွေကို မကြောက်မရွံ့ ရင်ကော့ခေါင်းမော့ ဘယ်သူ ရင်ဆိုင်မလဲ။
သတင်းစာဘက်ကရော နိုင်ငံရေးဘက်ကရော နှစ်ဘက်စလုံးမှာရော ဦးဝင်းတင်လိုလူ ကျွန်တော်တော့ မတွေ့မိဘူး၊ တကယ်လို့များ တွေ့ခဲ့ပါရင် ပြောကြပါလေ။
ဆရာကြီး ကောင်းရာ သုဂတိလားပါစေ။
၂၀၁၄ ဧပြီ ၂၁
ည ၇ နာရီ။