Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ဆရာကြီးဦးအောင်သောင်းကို နိုင်ငံရေး မူဝါဒပိုင်းဆိုင်ရာဖြင့် တုံ့ပြန်ဝေဖန် ဆုံးမနိုင်ခဲ့သူ NLD သဘာပတိ ခေတ်ဟောင်းသံတော်ဆင့်သတင်းစာအယ်ဒီတာ ဆရာကြီးဦးဝင်းတင်

$
0
0

သတင်းစာဆရာတစ်ဦး၏ရဲဝံ့ပြောင်မြောက်သော သမိုင်းမှတ်တမ်း

 
မြန်မာသံတော်ဆင့်နှင့် အာဏာရကြံ့ခိုင်ရေးပါတီအတွင်း ဗဟိုအလုပ်အမှုဆောင်များက ဆရာကြီးဟု ခေါ်ဆိုခြင်း ခံရသူ ပါတီဗဟိုအတိုင်ပင်ခံ ဦးအောင်သောင်း တွေ့ဆုံခဲ့စဉ်က ပြောကြားခဲ့သည်များကို မြန်မာ သံတော်ဆင့်အပတ်စဉ် သတင်း၌ ထည့်သွင်းဖော်ပြခဲ့သည်။ ဦးအောင်သောင်း ၏ ပြောကြား ချက်များ၌ NLD ပါတီအပေါ် အာဏာရကြံ့ခိုင်ရေး ပါတီ၏ သဘောထားများ ထင်ဟပ်နေရာ NLD သဘာပတိ သတင်းစာ ဆရာကြီး ဟံသာဝတီဦးဝင်းတင် အား မြန်မာသံတော်ဆင့်မှ သွားရောက်တွေ့ဆုံ၍ သဘောထား မှတ်ချက် တောင်း ခံခဲ့ပြီး မြန်မာသံတော်ဆင့်၌ပင် ပြန်လည်ထည့်သွင်း ဖော်ပြခဲ့ပါသည်။

မြန်မာ့နိုင်ငံရေး နယ်ပယ်၌ နေတစ်ဆူ၊ လတစ်ဆူကဲ့သို့ ထင်ရှားကျော်ကြားလှသည့် ကမ္ဘာကျော် မြန်မာ သတင်းစာ ဆရာကြီးဟံသာဝတီဦးဝင်းတင်နှင့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ နောက်ကွယ်မှ ကြိုးကိုင် နေသည် ဟု နာမည်ကြီးနေသော ဆရာကြီး ဦးအောင်သောင်းတို့ မူဝါဒပိုင်းဆိုင်ရာ နိုင်ငံရေး စကားစစ်ထိုးပွဲ တစ်ရပ် အသွင်ဖြင့် ထိုစဉ်အခါက သတင်းမီဒီယာ များ၌ ပွက်လောရိုက်ခဲ့သည်။ မြန်မာစာနယ်ဇင်းလောကတွင် သံတော်ဆင့် သတင်းစာ ထင်ရှားစဉ်က အယ်ဒီတာတစ်ဦးဖြစ်ခဲ့သည့် ဆရာကြီး ဟံသာဝတီဦးဝင်းတင်၏ ရဲရဲတောက် တုံ့ပြန်ဝေဖန်မှု များအလယ် ပြန်လည်ဖြေရှင်းရသည့် အာဏာရကြံ့ခိုင်ရေးပါတီ ဗဟိုအတိုင်ပင်ခံ ဦးအောင်သောင်း အနေဖြင့် တစ်ချိန်တစ်ခါက အစိုးရအဖွဲ့နှင့် မြန်မာ့နိုင်ငံရေးလောက အတွင်း သြဇာအာဏာ ကြီးမားခဲ့သော အခြေအနေကို ပြည်သူ့ဘက်တော်သား ရဲရဲတောက် သတင်းစာဆရာတစ်ဦးကြောင့် ယခုအခါ ပြန်မရနိုင်တော့သည့် နိုင်ငံရေး သံဝေဂ ယူဖွယ်ရာဖြစ်ခဲ့ရသော သတင်းမှတ်တမ်းအနေဖြင့် ဧပြီ ၂၁ ရက်တွင် ကွယ်လွန် အနိစ္စရောက်သွားသော ဆရာကြီးဟံသာဝတီဦးဝင်းတင်ကို ဂုဏ်ပြု၍ ပြန်လည်ဖော်ပြလိုက်ပါသည်။…

ခင်ဗျားတို့ကော ဘယ်လိုလုပ်ခဲ့လဲ။ တိုင်းပြည်ကပိုက်ဆံတွေကို ကိုယ်ကျိုးအတွက် ခိုးဖို့ဝှက်ဖို့လုပ်၊ သိုလှောင် ထားပြီး ချမ်းသာနေတာမဟုတ်လား။ ခင်ဗျားတို့ပိုင်ဆိုင်မှုတွေ ထုတ်ပြနိုင်သလား။ အဲသလိုယှဉ်ပြီးမေးရင် သူတို့ဘယ်လိုဖြေမလဲ . . .
ဟံသာဝတီဦးဝင်းတင်
ပြောကြားချက်များ -
မူအကြောင်း၊ လူအကြောင်း

ဦးအောင်သောင်းပြောတာဟာ ပါတီတစ်ခုနဲ့ ပါတီတစ်ခု မူဝါဒတွေအရ ပုတ်ခတ်တယ်၊ ဆန့်ကျင်ပြောတယ်။ အတင်းချ ပြောတယ်ဆိုတာမျိုးဆိုရင်တော့ ဒါကပြော လို့ရတယ်။ မူဝါဒတွေမတူဘူးလေ။ သူ့ ပါတီက လုပ်တဲ့ဟာကတော့ ကောင်းကျိုး မပေးဘူး။ တို့ပါတီက လုပ်တာမှကောင်း တယ်ဆိုတာမျိုးလေ။ ဒီလို လူပုဂိ္ဂုလ်တွေ တိုက်တဲ့ဟာကတော့ နိုင်ငံရေးအရဆိုရင် တော့ မကောင်းဘူးဗျ။
ကျွန်တော်လည်း ကြံ့ဖွံ့ကို ဆန့်ကျင်တာတွေရှိတယ်။ ပေါ်လစီအရ ဆန့်ကျင်တဲ့ အရာတွေ ကျွန်တော် ပြောတယ်။ ဘယ်သူက ဘယ်လိုဆိုတဲ့ဟာတွေတော့ ကျွန်တော် လည်း ဘယ်တုန်းကမှ မပြောခဲ့ဘူး။

အခု သူပြောတာဟာ NLD ထဲက လူတွေအကုန်လုံးဟာ နိုင်ငံရေးကို ကြုံ ရာကျပန်း ၀င်လုပ်တဲ့လူတွေ၊ နိုင်ငံရေးကို အာဃာတနဲ့ လုပ်တဲ့လူတွေ၊ နိုင်ငံရေးလုပ်စားတဲ့ လူတွေဆိုတဲ့ သဘောမျိုးနဲ့ပြောတယ်။
ပါတီတစ်ခုနဲ့ တစ်ခုဒီိလိုသာပြောတမ်းဆိုရင် သူတို့တွေကိုရော ဘယ်လိုပြောရ မလဲ။ ပြန်ပြောစရာတွေ အများကြီးရှိတာ ပေါ့ဗျာ။
အခုသူပြောတဲ့ ဒေါ်အောင် ဆန်းစု ကြည်ပဲရှိတယ်။ ကျန်တဲ့လူတစ်ယောက်မှ အသုံးမကျဘူး။ မကောင်းတဲ့ လူတွေလည်း ဖြစ်တယ်။ အာဃာတတွေ ရှိတဲ့ လူတွေလည်းဖြစ်တယ် ဆိုတာမျိုးပြောတာကတော့ တော်တော် ကို မကောင်းတဲ့ကိစ္စပေါ့။
နိုင်ငံရေးသမား တစ်ယောက်နိုင်ငံရေး ကိုလုပ်တဲ့နေရာမှာ ဘယ်လိုအချိန်မှာ ဒီလူဟာ နိုင်ငံရေးသမား ဖြစ်တယ်လို့ ဘယ်လိုသတ်မှတ်တာလဲ။
ကျွန်တော့်ပါတီထဲမှာလည်း ပြောတယ်။ မီဒီယာပေါ်မှာလည်းကျွန်တော်ပြောတယ်။ အသံလွှင့်တဲ့နေရာမှာလည်း ပြောတယ်။ ကျွန်တော့်ကိုယ် ကျွန်တော်ဆို နိုင်ငံရေး သမားဖြစ်တယ်လို့ မယူဆဘူး။

ကျွန်တော်က နိုင်ငံရေးမိသားစု ထဲက မွေးတာ။ မိသားစုထဲမှာ နိုင်ငံရေး ခေါင်းဆောင်တွေအများကြီးရှိတယ်။ နိုင်ငံ့ ဂုဏ်ရည်ရတဲ့လူတွေ အများကြီးရှိ တယ်။ နိုင်ငံရေးသမားကြီးတွေရှိတယ်။ ဆွေမျိုးထဲ မှာလည်း ရဲဘော် သုံးကျိပ်ရဲ့ ဆွေမျိုးသား ချင်းတွေရှိတယ်။ ဒါပေမဲ့ ကျွန်တော်နိုင်ငံ ရေးမလုပ်ချင်ဘူး။ ကျွန်တော် စာပဲရေးချင် တယ်။ သတင်းစာဆရာ လုပ်ချင်တယ်။

လောဘဇောတိုက်နိုင်ငံရေး
ဒီတော့ ဘယ်လိုလူမျိုးကို နိုင်ငံရေး သမားခေါ်တာလဲ။
ဦးအောင်သောင်းဆိုရင်ပဲ အရင်တုန်း က သူဘာလုပ်လဲ။ ကျောင်းဆရာလုပ် တယ်။ နောက်စစ်တပ်ထဲဝင်တယ်။ အာ ဏာသိမ်းတယ်။ ဒါကို အမျိုးသားနိုင်ငံရေး လို့ခေါ်သလား။ သူ့ကိုယ်သူ အမျိုးသား နိုင်ငံရေးလုပ်တယ်၊ နိုင်ငံရေးသမားလို့ ပြောလို့ရလား။ နိုင်ငံရေးသမားဆိုလည်း သူတို့ဟာကိုယ် ကျိုးရှာဖို့ အတွက် လောဘ ဇောတိုက်ပြီးတော့ နိုင်ငံရေးလုပ်ကြတာ ဆိုရင် ဘယ်လိုဖြေမလဲ။

ကျွန်တော့်ကိုယ်ပဲ ကျွန်တော်ပြော မယ်။ ကျွန်တော့်မိတ်ဆွေဦးမြတ်ဆွေတောင် ဆောင်းပါးရေးဖူးတာရှိတယ်။ ဦးမြတ်ဆွေ ရေးတဲ့အထဲမှာ ဦးဝင်းတင်ဖောင်ဒေးရှင်း ဆိုပြီးလုပ်နေတာ အခုမှလုပ်တာ မဟုတ် ဘူး။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ကျော်က တည်းကလုပ်လာတာလို့။ ဘာလို့လဲဆို ကျွန်တော့်ဆီမှာရှိတဲ့ ပိုက်ဆံတစ်ဝက် လောက်က အမြဲတမ်း သူများကိုပေးတယ်။ အသက် ၂၀ကျော်တည်းက အယ်ဒီတာ လုပ်တယ်။ နိုင်ငံခြား သတင်း ဌာနမှာ လုပ်တယ်။ လခကောင်းကောင်းနဲ့ နေရာ ကောင်းကောင်းတွေမှာလုပ်ခဲ့တာ။ သတင်းစာ သမားတွေ လစာနည်းကြတယ်ဆိုတာ မှန်ပေမယ့် အဲဒီထဲကမှ လစာကောင်း ကောင်းရတဲ့ နေရာတွေမှာပဲ ကျွန်တော် လုပ်ခဲ့တာ။

အဲဒီအချိန်တုန်းက ရတဲ့ပိုက်ဆံလေး တွေစုပြီးတော့ ပြည်တွင်းငြိမ်းချမ်းရေး အပြီးမှာ အဖမ်းခံရ တဲ့နိုင်ငံရေး အကျဉ်း သားတွေ အပါအ၀င် ၁၉၅၈/၅၉ လောက် တည်းက အဖမ်းခံရတဲ့ လူတွေရှိတယ်။ ဒါတွေအတွက် ကျွန်တော် ပိုက်ဆံပေးနေတာပဲ။
ကျွန်တော် သတင်းစာဆရာလုပ်တဲ့ အချိန်မှာလည်း ဒီလိုပဲလုပ်တယ်။ နိုင်ငံရေးလုပ်တဲ့ အခါမှာလည်း ဒီအတိုင်း ပဲ။ ထောင်ကျစဉ်တုန်းကလည်း ဒီအတိုင်းပဲ။ ကျွန်တော့်ဆီ ထောင်ဝင်စာလာတဲ့အခါမှာ ငါးပိကြော် ပါတယ်။ ငါးခြောက်ကျော်ပါတယ်။ ငှက်ပျောသီးပါတယ်။ အကုန်လုံး သူများကို ပေးလိုက်တာ။ တစ်ရက်တည်းပဲ အကုန်လုံး ပေးလိုက်တယ်။ ကျွန်တော် နေ့စာ၊ ညစာချန်ပြီးတော့ စားခဲ့တာမဟုတ်ဘူး။
ဒီတော့ ခင်ဗျားတို့ကော ဘယ်လိုလုပ်ခဲ့လဲ။ တိုင်းပြည်က ပိုက်ဆံတွေကို ကိုယ် ကျိုးအတွက် ခိုးဖို့ဝှက်ဖို့လုပ်၊သို လှောင် ထားပြီး ချမ်းသာနေတာမဟုတ်လား။ ခင်ဗျားတို့ ပိုင်ဆိုင်မှု တွေထုတ်ပြနိုင် သလား။ အဲသလိုယှဉ်ပြီး မေးရင် သူတို့ ဘယ်လိုဖြေမလဲ။ ကျွန်တော်တော့ ချက်ချင်းဖြေနိုင်တယ်။ ကျွန်တော်မှာ ပိုက်ဆံတစ်ပြားမှမရှိ ဘူး။ ကလေးမုန့်ဖိုးပေးဖို့တောင် မရှိဘူး။ သူများအိမ်မှာ နေနေတာ။ သူများကျွေးတဲ့ ထမင်းစားနေတာ။ သူများ ခေါ်တဲ့ကားနဲ့ လိုက်နေတာ။
ကျွန်တော် အကုန်လုံး လှူလိုက်ပြီ။ စာမူပိုင်ခွင့်၊ စာရေးခ၊ သူများလာပြီး ကန်တော့တာတွေ လှူလိုက်ပြီ။ ဘာမှမရှိဘူး။ အားလုံးအသိပဲ။

ဦးအောင်သောင်းဆိုတဲ့သူ ကျွန်တော့် ထက်အသက် ကြီးကောင်းကြီးလိမ့်မယ်။ ဒီတော့ခင်ဗျားလည်း သေခါနီးနေပြီ။ ကျွန် တော်လည်း သေခါနီးနေပြီ။ လိပ်ပြာသန့် အောင် ခင်ဗျားဘာတွေလုပ်နိုင်သလဲပြော။ ကျွန်တော့်မှာ လိပ်ပြာသန့်အောင် ပြောနိုင်တဲ့ဟာတွေ ရှိတယ်။ အဲဒီလိုတွေပြောမယ်။ အဲဒီလိုတွေ တိုင်းတာ ပြောကြမယ်ဆိုရင် ဘယ်ကောင်းမလဲ။ ဟုတ်လား။ကျွန်တော့် မူဝါဒကပုဂိ္ဂုလ်ရေးထိုးနှက်တာတွေ မလုပ် ချင်ဘူး။
ကျင့်ဝတ်၊ ယဉ်ကျေးမှု
ဦးအောင်သောင်း အခုပြောတာဟာ နိုင်ငံရေးကျင့်ဝတ် မရှိတဲ့၊ နိုင်ငံရေးယဉ်ကျေးမှု မရှိတဲ့သဘောဖြစ်နေတယ်။ ဒါလည်း ပြောဖို့မကောင်းဘူး။ ပြောလည်းမပြော ချင်ဘူး။
မူဝါဒါနဲ့ပတ်သက်ရင်တော့ တိုက်သင့် ရင်တိုက်ရမှာပဲ။ သတင်း စာတွေမှာလည်း ကျွန်တော်တိုက်တဲ့၊ ခိုက်တဲ့ ဟာတွေ ပြော နေ၊ရေးနေတာပဲ။ ဒါပေမဲ့ မူဝါဒနဲ့ပတ်သက် ပြီးလုပ်တာ။ ပုဂိ္ဂုလ်ရေးတိုက် ခိုက်တာတွေ မလုပ်ဘူး။

အာဏာသိမ်း၊ လူသတ်
ကျွန်တော်တို့တွေက နိုင်ငံရေးထဲကို အာဃာတနဲ့ဝင်လာတယ်လို့ ဆိုရင် သူတို့ ကော အာဃာတနဲ့ ရောက်လာ တယ်လို့ မပြောနိုင်ဘူးလား။ အာဏာ သိမ်းပြီး နိုင်ငံရေးထဲ ရောက်ရောက်လာတာ။ အာ ဏာသိမ်းပြီဆို ကတည်းက လူပစ်သတ်တာ တွေ လုပ်ခဲ့တာ။ ကျွန်တော်တို့တွေက သူပြောသလို အာဃာတနဲ့ လုပ်တယ် ဆိုရင် တောင် ပစ်သတ်ခဲ့တဲ့သူ တစ်ယောက်မှ မရှိဘူး။ ထောင်ထဲထည့်ခဲ့တဲ့သူ တစ် ယောက်မှ မရှိဘူး။
သူတို့ အာဏာသိမ်းအပြီး နိုင်ငံရေး ထဲဝင်လာတဲ့ စစ်ဗိုလ်တွေက ကျန်တဲ့လူ တွေကို သူခိုး၊ ဓားပြ၊ လူဆိုး၊ လူမိုက်၊ တည်ဆဲဥပဒေတွေကို ဖျက်ဆီးတဲ့လူတွေ ဆိုပြီး ပစ်သတ်တာ ဘယ်လောက်များ လဲ။

ပိုင်ဆိုင်မှုတွေကြေညာမလား
နောက်ပြောရရင် ကျွန်တော်တို့မှာ ခိုးခဲ့၊ ၀ှက်ခဲ့တဲ့ ငွေတွေရှိရင်ပြောပါ။ ခင်ဗျားတို့လည်း ခိုးခဲ့တဲ့၊ ၀ှက်ခဲ့တဲ့ ငွေတွေ ကိုဝန်ခံမလား။ ဘယ်လောက် ချမ်းသာ တယ်၊ ဘာပစ်္စည်းတွေ ရှိတယ်ဆိုတာ အကုန်လုံး ထုတ်ပြီး တော့ ပြောနိုင်တာရှိ လား။ လွှတ်တော်ထဲမှာ သူတို့ဝန်ကြီးတွေ ကို ပိုင်ဆိုင်မှု ကြေညာခိုင်းတုန်းကတော့ မကြေညာဝံ့တဲ့ လူတွေလေ။
ဒါကို ကျွန်တော်တို့ကို အာဃာတနဲ့ နိုင်ငံရေးလုပ်တယ်ဆိုရင် သူတို့လည်း လုပ်ကြတာပဲ။ လောဘဇော တိုက်နေတဲ့ အာဏာတနဲ့ လုပ်ကြတာပဲ။ ကျွန်တော်က အဲဒီလိုပဲပြောချင်ပါတယ်။

တစ်ဦးတည်းသောခေါင်းဆောင်
NLD မှာ ဒေါ်အောင်ဆန်းစုကြည် တစ်ယောက်ပဲ ခေါင်းဆောင်ရှိတယ်။ ကျန်တဲ့လူတွေ အသုံးမကျဘူး။ ဒါဟာ ပြောနေစရာတောင် မလိုပါဘူး။ ဒေါ်အောင်ဆန်းစုကြည်က ထူးချွန်တဲ့ ခေါင်းဆောင်တစ်ယောက်ပဲ။ နိုင်ငံရေး ရည်မှန်းချက် ကြည့်မလား။ အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်တာ ကြည့်မလား။ နောက်ဆုံး စစ်တပ် အပေါ်မှာထားတဲ့ သဘောထားတွေ ကြည့်မလား။
ကျွန်တော်တို့ဆိုရင် ကြံ့ဖွံ့ကို မကြိုက်တဲ့လူတွေ။ ပေါ်လစီအရ ဆန့်ကျင် နေတဲ့လူတွေ။ ဒေါ်အောင်ဆန်းစုကြည် ကတော့ ဦးအောင်သောင်းနဲ့လည်း ပေါင်း တယ်။ ဦးသိန်းစိန်နဲ့လည်း ပေါင်းတယ်။ ဦးရွှေမန်းနဲ့လည်း ပေါင်း တယ်။ အဲဒီအတွက်တောင် ဒေါ်အောင်ဆန်းစုကြည်မှာ အများကြီးပြစ်တင်ခံရတယ်၊ ရှုတ်ချ ခံရ တယ်။ ဒီလို စိတ်ဓာတ်၊ အရည်အချင်း၊ လုပ်ရည်ကိုင်ရည် တွေကြောင့် ကျွန်တော် တို့ထဲမှာ တစ်ဦးတည်းသော ခေါင်း ဆောင်လို့ သတ်မှတ်ထားတယ်။ ဒေါ်အောင်ဆန်း စုကြည်သာ တစ်ဦးတည်းသောနိုင်ငံရေး ခေါင်းဆောင်တစ် ယောက် ဖြစ်သင့်တယ် လို့ယူဆတယ်။ ဒါကြောင့် ကျွန်တော်တို့ အားလုံးနောက်လိုက်လုပ်နေတာမဟုတ်လား။

လူနုံတွေမဟုတ်၊ နေရာမမက်
ဒါပေမဲ့ ဗိုလ်ချုပ်အောင်ဆန်းတုန်း ကလည်း ဒီလိုပဲ နောက်လိုက်တွေရှိခဲ့တယ်။ အဲဒီသူတွေကို အကုန်လုံး သူခိုး၊ဓားပြတွေ၊ ငနုံ၊ ငပျင်းတွေလို့ပြောမှာလာ။ သူ့အရည် အချင်းနဲ့သူ လုပ်နိုင်တဲ့လူတွေရှိတယ်။ ဘကြီး ဘဖေလို လူမျိုးတွေရှိတယ်။ ဦး ကျော်ငြိမ်းလို လူမျိုးတွေရှိတယ်။ ဦးချစ် မောင်လိုလူမျိုးတွေ ရှိခဲ့တယ်။ ပညာ တတ်တွေ၊ အသိပညာရှိတဲ့လူတွေ ရှိခဲ့ တယ်။ သူတို့တွေ ၀န်းရံခဲ့လို့ ဗိုလ်ချုပ်အောင်ဆန်းလည်း လုပ်နိုင်တာ။ ဒါကို အဲဒီအချိန်က ဗိုလ်ချုပ်အောင်ဆန်းပဲ ရှိ တယ်။ ကျန်တဲ့လူတွေကို အလကားလူတွေ လို့ပြောလို့ရမလား။ မရဘူး။

အလားတူပဲ ဒေါ်အောင်ဆန်းစုကြည်ကိုယုံကြည်လို့ ခေါင်းဆောင် အနေနဲ့ ထားတာ။ ကျွန်တော်ဆိုရင် နိုင်ငံရေးသမား မဟုတ်ဘူး။ နိုင်ငံရေးသမား မဟုတ်ဘူး လို့လည်း ထုတ်ကြေညာထားတယ်။ ပါတီ မှာလည်း တော်လောက်ပါပြီ။ အငြိမ်းစား ယူရမယ်။ လူငယ်လူသစ်တွေနဲ့လုပ်ရမယ် ဆိုတာ တစ်လျှောက်လုံး ပြောလာ ခဲ့တာ။ ပါတီစထောင်ကတည်းကပဲ။ ကျွန်တော့်မှာ ဒီသဘောထားတွေရှိတယ်။ ခင်ဗျား တို့ ကော ရှိလား။ ခင်ဗျားတို့ သေခါနီး နေပြီ။ ဒီလိုစွန့်လွှတ်ဖို့ စိတ်ထားမျိုး ရှိလားလို့ မေးရင် သူတို့အမှန်အတိုင်း ဖြေရဲလား။
ပြောရရင်၊ ဒေါ်အောင်ဆန်းစုကြည်ကို ဥက္ကဋ္ဌ လုပ်ပါတော့ဆိုတာ ကျွန်တော်တင် တဲ့အဆိုပဲ။ ၂၀၁၂၊ ဇန်န၀ါရီလ ၅ရက်နေ့ ပါတီပြန်ဖွဲ့တဲ့အချိန်မှာ ကျွန်တော်တင်ခဲ့တဲ့ အဆို။ ဘာဖြစ်လို့တင်လဲဆိုတော့ ဒေါ် အောင်ဆန်း စုကြည် လို ထူးချွန်တဲ့ ခေါင်းဆောင် သူလည်းအသက်ကြီးလာပြီ။ နောက်လူတွေ ခေါင်းဆောင်တင်ချင်ရင် လမ်းဖွင့်ပေးဖို့၊ လုပ်ပေးဖို့လိုပြီ။ ကျွန် တော့်တို့ ကိုယ်တိုင်လည်း တော်လောက် ပြီ။ ဘေးဖယ်ပေးသင့်ပြီဆိုပြီး အဲဒီအဆို တင်ခဲ့တာ။
ဒေါ်အောင်ဆန်းစုကြည် ကတောင် ဘေးဖယ်ပေးတယ်ဆိုတဲ့စကား မသုံးပါနဲ့ ဆရာ။ နောက်လူတွေ ၀င်လို့ရ အောင် ဘေးကိုချဲ့ပေးတယ် ဆိုတဲ့စကားပဲ သုံးပါလို့ ပြောတယ်။
ကဲ မေးခွန်းထုတ်ရရင် ခင်ဗျားတို့ အဲဒီလိုလုပ်တာတွေရှိလား။ အခုထိ နေရာ အတွက် လုပ်နေကြတုန်း မဟုတ်လား။

ပါတီတွင်း ရန်တိုက်ပေးခြင်း

အခု ဦးအောင်သောင်းရဲ့ ပြောတာဟာ NLD ပါတီထဲမှာရှိတဲ့ လူပုဂိ္ဂုလ်အချင်း ချင်းတွေ တိုက်ခိုက်အောင် လုပ်တာ။ ဒါမျိုးဟာ နိုင်ငံရေးမှာ မလုပ်ကောင်းဘူး။ အခုပြောတာမှာ ဒေါ်အောင်ဆန်းစုကြည် ကို နတ်နေကိုင်း ချန်သလို ချန်ပြောတာပဲ ရှိတယ်။ ဒါက အခုမှ မလွှဲသာလို့။ အရင် တုန်းကဆို ဒေါ်အောင်ဆန်းစုကြည် ကို လည်း စုတ်ပြတ်သတ်နေအောင် ညစ်ပတ်တဲ့ နည်းမျိုးစုံနဲ့ သူတို့ တိုက်ခိုက်ခဲ့တာပဲ။ နိုင်ငံရေးမှာ ပုဂိ္ဂုလ်ရေး တိုက်ခိုက်တာ မကောင်းတဲ့အလုပ်။ သူတို့ပဲ တစ်လျှောက် လုံး လုပ်တယ်။
ကျွန်တော် သတင်းစာဆရာ တစ်ယောက်ပဲ။ တိုက်ခိုက် ပြောဆိုတာတွေ လုပ်တတ်တယ်။ ဒါပေမဲ့ မလုပ်ခဲ့ဘူး။ တိုက်ခိုက်ရင်လည်း ပေါ်လစီပဲ တိုက်ခိုက် တယ်။ ခင်ဗျားတို့ လုပ်ကိုင်မှုတွေကို ကျွန်တော်မကြိုက်ဘူး။ ဒီလို ရှင်းရှင်း ပြောခဲ့တယ်။ ဘာလို့လဲဆို ကြံ့ဖွံ့ဟာ ရှင်းရှင်းပြောရရင် စစ်တပ်က မွေး ထားတာ။ စစ်တပ်အရေခြုံဖို့ အဆင်သင့် ရှိတဲ့လူတွေ။ စစ်တပ်ကိုမှီပြီးတော့ မြောက်မြားစွာ ကိုယ်ကျိုးစီးပွားအတွက် စုနေကြ တယ်လို့ ကျွန်တော်မြင်တယ်။ ဒီပေါ်လစီ မူကိုတော့ ကျွန်တော်တို့ပြောမယ်။ ပုဂိ္ဂုလ်ရေးကတော့ မတိုက်ခိုက်ဘူး။
အခု သူပြောတာကို အရှည်ကြည့်ရင် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ NLD အဖွဲ့အစည်း၊ တိုင်း သူပြည်သား အများစုရဲ့ ထောက်ခံမှုရတဲ့ အဖွဲ့အစည်း ကိုတောင် ဒီလိုပြစ်တင် ရှုတ်ချတယ် ဆိုရင် ကျန်တဲ့ ပါတီတွေ ဘယ်လိုလုပ်မလဲ။ နောင်ဆိုရင် အဲဒီပါတီတွေကို ဘယ် လောက် ရိုင်းပျစော်ကား လုပ်မလဲ။ ဒီလို အလုပ်မျိုးတွေဟာ မလုပ်သင့်တော့ဘူးလို့ ကျွန်တော်ပြောချင်တယ်။
ပြည်ခိုင်ဖြိုးပါတီဆိုတာ အာဏာရ ပါတီတစ်ခုပဲ။ အင်အားအရလည်း ကြီးမားတဲ့ပါတီ တစ်ခုပဲ။ အတွေ့အကြုံ ရှိတဲ့ လူတွေ လုပ်ကိုင်နေတာ။ အဲဒီ ပါတီ တစ်ခုက ရန်စွယ်ငေါငေါ အပုပ်ချတယ် ဆိုတော့ မသင့်တော်ဘူးလို့ ပြောချင်တယ်။

အမျိုးသား ပြန်လည်သင့်မြတ်ရေး အတွက်

NLD ပါတီထဲမှာ မူဝါဒအရ ခိုင်မာ ချင်တဲ့၊ ပြင်းထန်တဲ့လူတွေက ကြံ့ဖွံ့ကို မကြိုက်တာတွေရှိတယ်။ အမှန်ပဲ။ ဒါပေမဲ့ ပုဂိ္ဂုလ်ရေးမတိုက်ဘူး။ မူဝါဒ အရတိုက် တာ။ ဒေါ်အောင်ဆန်းစုကြည်ဟာ မူဝါဒ အရ ပျော့ပျောင်းစွာ စဉ်းစားတယ်။ ဒီတော့ ကျွန်တော်တို့လည်းအများကြီး ပျော့ ပျောင်းစွာ နောက်က လိုက်လုပ်တယ်လို့ ပြောချင် တယ်။ အခု ဒေါ်အောင်ဆန်းစု ကြည် ဦးဆောင်ပြီးလုပ်နေတာဟာ အမျိုး သားပြန်လည်သင့် မြတ်ရေးဆိုတဲ့ လိုင်း ထဲကတစ်ခုပဲ။ ကြံ့ဖွံ့နဲ့ ပူးပေါင်းပြီးလုပ်တာတွေရှိလာတာလည်း ဒီဆောင်ရွက်ချက် ထဲက အစိတ်အပိုင်း တစ်ခုပဲ။ ဒီအတွက် ကျွန်တော်တို့လည်း ဒေါ်အောင်ဆန်းစု ကြည်ရဲ့ခေါင်းဆောင်မှုခံယူပြီးတော့ နိုင်ငံ ရေးလှုပ် ရှားမှု လုပ်နေတယ်။ ဒါကြောင့် ကျွန်တော်တို့ အပုပ်ချတယ်။ ပုတ်ခတ် တယ်တို့ လုပ်ဖူးလား။ မရှိသလောက် ပါလို့ ပြောချင်ပါတယ်။
ဒီမူဟာ ကျွန်တော်တို့အနေနဲ့ ကြံ့ခိုင် ရေးနဲ့ တွဲလုပ်လို့ ရနိုင်တာတွေ တွဲလုပ် မယ်ဆိုတဲ့ ပုံစံပဲ။ ဒေါ်အောင် ဆန်း စုကြည် လွှတ်တော်ထဲဝင်သွားတာ ပုဂိ္ဂုလ်ရေးအရ ပြောရရင် မကြိုက်ဘူး။ ကျွန်တော် ကန့် ကွက်ခဲ့တယ်။ ရွေးကောက်ပွဲဝင်ဖို့ကိုလည်း ကျွန်တော် ကန့်ကွက်ခဲ့တယ်။     သို့သော် ကျွန်တော် တို့က ဒေါ်အောင်ဆန်း စုကြည်ရဲ့ ခေါင်းဆောင်မှုနောက်ကလိုက်တယ်။ အမျိုးသားပြန်လည် သင့်မြတ်ရေးသဘော ထားကို ကြည့်တဲ့အတွက် ကျွန်တော်တို့ လျှော့နိုင်တာကို လျှော့ပေးတယ်။ မကြိုက် တာတွေကို ဆွေးနွေးတယ်၊ တင်ပြတယ်။
ကြံ့ခိုင်ဖွံ့ဖြိုးရေးကလည်း ဒီသဘော ထားရှိမယ်လို့ ယူဆခဲ့တယ်။ ဒါပေမဲ့ အခု ဦးအောင်သောင်း ပြောလိုက် တာဟာ တစ် မျိုးဖြစ်သွားစေတယ်။

နှစ်ပါတီ အောက်ခြေထု ပြဿနာ ဖြစ်နိုင်

ဦးအောင်သောင်းဟာ ဦးသန်းရွှေရဲ့ ပုံရိပ်နဲ့ ပါတီမှာ သြဇာကြီးနေတဲ့ လူဆိုတာ သိတယ်။ ပါတီထဲမှာ သူ့ရဲ့ စည်းရုံးရေးတို့၊ သူ့ရဲ့ပင်ကို သြဇာတို့ ဘယ်လိုရှိလဲတော့ မသိဘူး။ သူဟာ ဦးသန်းရွှေရဲ့ ရောင်ပြန် ဟပ်မှုကို ယူပြီးတော့ ပါတီမှာ နေရာရှိနေ တယ်။ အဲဒီလိုလူမျိုးက ဒီလိုမျိုး သဘော ထားတွေရှိတယ်ဆိုရင် လက်ရှိ မြန်မာပြည် ရဲ့ နိုင်ငံရေးမှာ အင်အားကြီးပါတီကြီးနှစ်ခုပဲ ရှိတယ်။ ဒီပါတီကြီးနှစ်ခုရဲ့ ဆက်ဆံရေး ဟာ ဒီလိုအပြောကြောင့် ပုံမှန်ဘယ်လို ဖြစ်နိုင်တော့မလဲ။
ဒေါ်အောင်ဆန်းစုကြည်ကို မတိုက် ခိုက်ပေမယ့် ကျန်တဲ့လူတွေ အားလုံးကို၊ အကုန်လုံးကို အမှိုက်လှည်းသလို သိမ်း ကျုံး ပြောတာမျိုးဆိုတော့ ဘယ်လိုမှ မှန်ကန် တဲ့သဘောထားတွေ ရှိနိုင်မယ်လို့ မထင်ဘူး။
အခု လွှတ်တော်ထဲမှာ NLD နဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ တစ်ခုနဲ့တစ်ခု ပူး ပေါင်း လိုက်လံဆွေး နွေးတာတွေ ရှိတယ်။ ဦးသိန်းစိန် အစိုးရသည်လည်း ကြံ့ခိုင် ဖွံ့ဖြိုးရေး အစိုးရပဲဗျ။ ဒါတောင် NLD နဲ့ တတ်နိုင်သမျှ ညှိညှိ နှိုင်းနှိုင်း လုပ်တာ တွေရှိတယ်။ဒီလိုအခြေအနေမှာ ဦးအောင် သောင်းပြော ဆိုတာ ဟာ အောက်ခြေထု တွေကြား မှာ ဘယ်လိုမှပေါင်းစပ်လို့ရမှာ မဟုတ်ဘူးဆိုတဲ့ အမြင်တွေကို ဖြစ်စေ တယ်။ ဒီလိုလူရဲ့အခုပြောဆိုမှုဟာ ဆိုရင် ပါတီကြီးနှစ်ခုရဲ့အောက်ခြေမှာရှိတဲ့ လူထု တွေကြားထဲမှာ အကုန်လုံးပြဿနာတွေ ဖြစ်နိုင်တယ်။ အဲဒါ ကြောင့် ဒီလို အပြော အဆိုတွေကို လုံးဝမကြိုက်ဘူးလို့ ပြောချင် တယ်။

ပါတီတွင်း အခြေခံသဘောထား ပျက်ပြားနေကြ

အခု အပြောတွေကို ကြည့်ရရင် အုပ်စုကွဲတယ်၊ မကွဲတယ်ဆိုတာကို ကျွန် တော်တော့ သိပ်မပြောချင်ဘူး။ ဒါပေမဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးထဲမှာ အခြေခံအားဖြင့် သဘောထား နှစ်ခုကတော့ သီးခြားထွက် နေတယ်ဆိုတာ ကတော့ မြင်သာနေတာပဲ။ ဦးအောင်သောင်း အခုလိုပြောတယ်။ ဒီစကားတွေ ပြည်ခိုင်ဖြိုးပါတီ ဗဟိုကကြား နေမှာပဲ။ ဒီလိုပဲ အခြေခံဥပဒေနဲ့ ပတ် သက်လို့ ပါတီဗဟိုကော်မတီက ပြင်မယ် ဆိုတဲ့ သဘောထား ချမှတ် တာတောင် ဦးအောင်သောင်းက လွှတ်တော်ထဲမှာ တောင် ပြင်လို့မရဘူးဆိုတဲ့ ပုံစံမျိုး ပြော တဲ့ဟာရှိတယ်။ ဒီလို ကွာဟမှုတွေ အများ ကြီးရှိတဲ့အခါကျတော့သူတို့အတွင်း ဘယ်လို အနေအထားတွေဖြစ်လဲဆိုတာ ကျွန် တော်တို့လည်း မပြောကောင်းတဲ့အတွက် မပြောတော့ဘူး။ဒါပေမဲ့ပါတီထဲက အခြေခံ သဘောထားတွေမှာ အများကြီး ပျက်ပြား နေတာပေါ့။
အံ့ခေါင်မင်း
မှတ်ချက်။   ။ ဆရာကြီးဟံသာဝတီ ဦးဝင်းတင်သည် ၂၀၁၄ မတ်လ ၉ ရက် မြန်မာသံတော်ဆင့် ၂ နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားသို့ လာရောက်၍ သြ၀ါဒစကားပြောကြားခဲ့ပြီးနောက် အပြန် တွင် မြန်မာ သံတော်ဆင့် အယ်ဒီတာများ အားရင်းရင်းနှီးနှီးပြောဆိုရာ၌ ““ဦးအောင်သောင်းသည် အမှားကိုဝန်ခံရဲသည့် သတ်္တိရှိသော နိုင်ငံရေးသမားကောင်း တစ်ဦးလည်းဖြစ်ကြောင်း”” ထည့်သွင်းပြောကြား ခဲ့သည်။
ဦးအောင်သောင်း- တကယ်တော့ လက်ရှိအနေအထား အရ ကြည့်မယ်ဆိုရင် ပြည်ခိုင်ဖြိုးပါတီက အင်အား နည်းနည်း တောင့်တင်းတဲ့သဘော ရှိတာပေါ့။ NLD ဆို ဒေါ်စုကြည်ပဲရှိတယ်။ နောက်လိုက် သိပ်မရှိဘူး။ အာဃာတတွေနဲ့ လက်စားချေလိုတဲ့ နိုင်ငံရေးသမား၊ အာဃာတကိုဖော်ဆောင် နေတဲ့ နိုင်ငံရေးသမား၊ မကျေနပ်ချက်ကို အခြေခံပြီးဖြစ်လာတဲ့ နိုင်ငံရေးသမား၊ အခွင့် အရေးများ ရမလားဆိုပြီးတော့ ၀င်လာတဲ့ နိုင်ငံရေးသမား ဖြစ်နေတယ်။ တကယ့် နိုင်ငံရေးကို နားလည်ယုံ ကြည်ပြီးတော့ NLD ရဲ့လမ်းစဉ်မူဝါဒတွေ ကောင်းတယ်၊ အဲဒါတွေသာ တိုင်းပြည်ကြီးကို တည်ဆောက် လို့ရတယ်၊ အလွန်ကောင်းမှာပဲ၊ ချမ်းသာ သွားမှာပဲ၊ အောင်မြင်သွားမှာပဲ၊ ကမ်္ဘာက လည်း လက်ခံမှာပဲဆိုတဲ့ ဒီလိုအမြင်နဲ့က နည်းတယ်။ ပြည်ခိုင်ဖြိုး ပါတီမှာလည်း ရှိပါတယ်။ သို့သော်လည်းပဲ သူတို့တွေက တက်မလာနိုင်ဘူး။   အရင်တုန်းက တစ်ယောက်စ နှစ်ယောက်စရှိတယ်။ ထွက်သွားတဲ့ လူအချို့မှာလည်း အဲလိုပယောဂ တွေ ရှိတာပဲ။ ဒါပေမဲ့ ၀န်ကြီးလုပ်ချင်လို့၊ ၀န်ကြီးသက်တမ်းလေး မကုန်သေးခင် ပြုတ်သွားမှာစိုးလို့ ပြည်ခိုင်ဖြိုးပါတီနဲ့ ရှေ့ကို ရှေ့ကိုသွားနေတာ။ အခုတော့ အလွန် နည်းသွားပါပြီ။ ကိုယ့်ယုံကြည်ချက်အရ လုပ်မယ်ဆိုတာမျိုး၊ မူနဲ့အရလုပ်မယ်ဆို တာမျိုးလုပ် စရာရှိတာ လုပ်မယ်၊ ပြုတ်စရာ ရှိတာ ပြုတ်မယ်။ ဟိုတုန်းက ဥပမာဆိုပါစို့ လူထုလုပ်ရှားမှုဆိုပါစို့ တောင်သာ ကနေ စတာပဲ သုံးခုလုံးတောင်သာကနေ စတယ်။ ကိုယ့်လူတွေနဲ့ ကိုယ်လုပ်တယ်။ ဘယ်သူ့မှ မခေါ်ဘူး။ အခုမှ သဘောတွေကျပြီးတော့ တစ်ပြည်လုံးလုပ်ခိုင်းနေတာ။ သဘော ကိုပြောပြတာ။ အပြင်က ဂျာနယ်တွေ မသိ သေးတဲ့ အချက်တွေ အများကြီးရှိသေးတယ်။ ဂျာနယ်တွေ မတွက်တတ်သေးတဲ့အချက် တွေလည်း အများကြီး ရှိသေးတယ်။ မပြော သေးဘူးပေါ့ကွာ။
. . 
.လွှတ်တော်မှာတော့ တပ်မတော်သား ကိုယ်စားလှယ်၊ နောက် လွှတ်တော် ကိုယ်စားလှယ် ၇၅ ရာနှုန်းကျော် ဆိုတာ မဖြစ်နိုင်ဘူး။ ဘယ်လိုမှ မရနိုင်ဘူး။ ၇၅ ရာခိုင်နှုန်းဆိုတာ လွှတ်တော်ကိုယ်စား လှယ်များ၏ တစ်ခုရှိ တာက နည်းနည်းပါးပါးပဲ လျော့တာ။ ၆၅၈ လားပဲ ရှိတာ။ ၆၅၀ ကျော်ထဲမှာ ၆၀ လောက်က လျော့နေတယ်။ ပယ်တာ၊ စွန်းတာ၊ နုတ်ထွက်တာ။ အခုလျော့တယ်။ စာရင်းရှိ လွှတ်တော် ကိုယ်စားလှယ်များ၏ ၇၅ ရာခိုင်နှုန်း ကျော် အခြေခံဥပဒေက အဲလိုဆိုထားတာ။ အဲဒါ ကျော်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူး။ ပြည်ခိုင် ဖြိုးပါတီ ကြိုက်သ လောက် ထောက်ခံ မရနိုင်ဘူး။ ပြင်ဖို့ထောက်ခံထောက်ခံ၊ ကန့်ကွက်ဖို့ ထောက်ခံထောက်ခံ မဖြစ် နိုင်ဘူး …
မြန်မာသံတော်ဆင့်

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>