ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးက ၂၀၁၅ခုမှာ ပြုလုပ်မယ့် ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးမှုတွေ လုပ်တဲ့နေရာမှာ သက်ဆိုင်ရာ မဲဆန္ဒနယ်အတွက် ယှဉ်ပြိုင်တဲ့ ကိုယ်စားလှယ်လောင်းတွေကိုသာလျှင် မဲဆွယ်စည်းရုံးခွင့်ပြုမယ် လို့ ဧပြီလ ၇ ရက်နေ့ ပုသိမ်မြို့မှာပြောဆို လိုက်တယ်လို့သိရပါတယ်။
မြန်မာပြည်မှာ အဲဒီလောက် ကပေါက်တိကပေါက်ချာနိုင်တဲ့ စကားတွေကို ပြောကြဆိုကြတာကို အောင့်အည်း မသက်သာ နားထောင်နေရတာကြာပါပြီ ။ တော်ကြာ ငြိမ်းချမ်းရေးဆွေးနွေးရာမှာ ရွှေလက်နဲ့ခေါ်တုန်းလာ Bullet နဲ့ ခေါ်မှမလာနဲ့ဆိုတဲ့ ဗရုပ်သုတ်ခ လွှတ်တော်အမတ်က ပေါ်ထွက်လာလိုက် ၊ ရှေ့က သမ္မတကြီး မိဘပြည်သူများလို့ တွင်တွင်ခေါ်ကောင်းနေတုန်း ပြည်သူကို ပါးရိုက်မယ်ပြောတဲ့ ဗာလနံဝန်ကြီးက ပေါ်ထွက်လာလိုက်နဲ့ အတော်ကို ဆိုးဆိုးရွားရွားပါပဲ ၊ ဒါပေမဲ့ အခုလို နိုင်ငံရေးပါတီတွေကြား ၊ အစိုးရနဲ့ အတိုက်အခံကြား ၊ ကြားနေမူဝါဒကို ကျင့်သုံး လိုက်နာပြီး ဖြောင့်ဖြောင့်မတ်မတ် မှန်မှန်ကန်ကန်နေဖို့လိုအပ်တဲ့ နိုင်ငံတော်ရွေးကောက်ပွဲကော်မရှင်ရဲ့ ဥက္ကဌ ဆိုသူက ဒီလိုစကားမျိုးကို ပြောထွက်လာတာကတော့ အတော့်ကို မထော်မနှမ်းနိုင်လှတဲ့ကိစ္စပါပဲ ။
စာရေးသူက ရွေးကောက်ပွဲကော်မရှင်ဟာ ခန့်အပ်ခံမဖြစ်ရဘူး ၊ ရွေးကောက်ခံဖြစ်ရမယ် ။ ရွေးကောက်ပွဲ ကော် မရှင် ဟာ ကြားနေဖြစ်ရမယ် ။ အစိုးရနဲ့ အတိုက်အခံဘယ်ဘက်ကိုမှ မလိုက်ရဘူး ။ လက်ရှိ နိုင်ငံရဲ့ အခြေအနေအရ ရွေးကောက်ပွဲ ကော်မရှင်ကို စစ်တပ်နဲ့ ကင်းကင်းရှင်းရှင်းရှိစေချင်တယ် ၊ အဲဒီလိုမှ မဟုတ်ရင် ဒီရွေးကောက်ပွဲ ကော်မရှင် ကို ယုံကြည်စိတ်ချလို့မရနိုင်ဘူးလို့ ပြောခဲ့ပါတယ် ။ ဘာကြောင့်လဲဆိုရင် ခန့်အပ်ခံရတဲ့ ရွေးကောက်ပွဲကော်မရှင်ဟာ ခန့်အပ်သူရဲ့ အလိုကျပဲ လုပ်ကိုင်ဆောင်ရွက်မှာမို့ပါပဲ ။
စာရေးသူရဲ့ မယုံသင်္ကာစိတ်ဟာ အကြောင်းမဲ့မဟုတ်ဘူးဆိုတာကို အခုရွေးကောက်ပွဲကော်မရှင်ဥက္ကဌရဲ့ လုပ်ရပ်တွေ ပြောစကားတွေက သက်သေပြလာပါပြီ ။ ရွေးကောက်ပွဲကော်မရှင်ဥက္ကဌဟာ စစ်တပ်ဗိုလ်ချုပ်ကြီးဟောင်း တစ်ယောက်ဖြစ်နေတဲ့အတွက် သူ့မှာ ဘက် ရှိပြီးသားဖြစ်နေပါတယ် ။ သူဟာ အဲဒီ ဘက် ကို မဲမတင်းဘဲ မနေနိုင်ပါဘူး ။ အခုထုတ်ပြောခဲ့တဲ့စကားမှာ နယ်မြေအလိုက် အရွေးခံမယ့် အမတ်တဦးချင်းက မိမိနယ်မြေကို မိမိကိုယ်တိုင်သာလျှင် စည်းရုံးရေးဆင်းရမယ်။ ပြည်သူတွေထောက်ခံအားပေးတဲ့ ပါတီခေါင်းဆောင်က စည်းရုံးရေးဆင်းပေးလို့ မရဘူး လို့ထုတ်ပြောတဲ့ သဘောပါပဲ။ မကွယ်မထောက်ပြောရမယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်က တိုင်းပြည်အနှံ့ သွားရောက် စည်းရုံးပြီး NLD ပါတီအောင်နိုင်ရေးလုပ်မှာကို စိုးရိမ်လို့ ဒီစကားတွေကို ထုတ်ဖော်ပြောဆိုတာဖြစ်ပါတယ် ။ အဲဒီလို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ပြည်သူတွေကြားကိုဆင်းပြီး စည်းရုံးမဲဆွယ်ပေးမယ်ဆိုရင် အာဏာရပြိုင်ဘက် ပါတီကြီး အတွက် စိုးရိမ်စရာဖြစ်ပါတယ် ။ အဲဒီကိစ္စဟာ ဒီပါတီက ထိပ်တန်းခေါင်းဆောင်များနဲ့ ကိုယ်စားလှယ် အမတ် လောင်းများအတွက် နှာနုကျည်ပွေ့ထိမဲ့ကိန်းဆိုက်နိုင်ပါတယ် ။ ဒီအချိန်မှာပဲ အထက်မှာ ဖော်ပြခဲ့တဲ့ လွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေ ဆိုသူထံက ဗိုလ်ချုပ်အောင်ဆန်းပုံနဲ့ ဒေါ်အောင်ဆန်းစုကြည်ပုံကို မချိတ်ဆွဲပဲ ကိုယ်ဓါတ်ပုံ ကိုယ်ချိတ်ပြီး မဲဆွယ်ကြဖို့ ဆိုတဲ့ သွေးရူးသွေးတမ်း အသံထွက်လာတာဖြစ်ပါတယ် ။
အခုရွေးကောက်ပွဲကော်မရှင် ဥက္ကဌရဲ့ ပြောစကားဟာ အဲဒီကိုယ်စားလှယ်ရဲ့ စကားသံနဲ့ လုံးထပ်ပါဌ် ထပ်မတူသော်လည်းပဲ အနက်အဓိပ္ပါယ်က လုံးဝကို တူညီနေတာမို့ ရွေးကောက် ပွဲကော်မရှင် ဥက္ကဌ ဟာ ၂၀၁၅ ရွေးကောက်ပွဲ မရောက်ခင်ကတည်းက တစ်ဘက်ကို ယိမ်းနေပြီ ဆိုတာ ရှင်းရှင်းလင်းလင်း အဖြေထွက်သွားပါပြီ ။ ဒီမိုကရေစီ နိုင်ငံတစ်ခုမှာ လွတ်လပ်စွာ မဲဆွယ်စည်းရုံးခွင့်ရှိပါတယ် ။ ပါတီခေါင်းဆောင်ကိုယ်တိုင် စည်းရုံးရေးကို လုပ်ဆောင်ပေးနိုင်သလို ၊ ပါတီကိုထောက်ခံအားပေးတဲ့ နယ်ပယ်အသီးသီးကလူသိထင်ရှား ပုဂ္ဂိုလ်တွေ ၊ အနုပညာရှင် တွေကလည်း စည်းရုံးလှုံ့ဆော် ပေးနိုင်ပါတယ် ။ တစ်သီးပုဂ္ဂလ အရွေးခံသူတွေတောင်မှ မိမိအတွက် အထောက်အပံ့ဖြစ်မဲ့ လူထုက သိတဲ့ လေးစား တဲ့ပုဂ္ဂိုလ်များကို မဲဆွယ်စည်းရုံးရေး တာဝန်ပေးအပ်ခွင့်ရှိပါတယ် ။ ဒါက ဒီမိုကရေစီစနစ်မှာ လွတ်လပ်စွာ မဲဆွယ် စည်းရုံးခွင့်ရဲ့ အနှစ်သာရဖြစ်ပါတယ် ။ ဘယ်သူက ဘယ်သူ့အတွက် မဲဆွယ် စည်းရုံးမပေးရဘူးလို့ ကန့်သတ် ချက် နဲ့ ရွေးကောက်ပွဲလုပ်မယ်ဆိုရင်တော့ ဒီတိုင်းပြည်မှာ ဒီမိုကရေစီ တည်ဆောက် နေတယ်လို့ ဘယ်လိုမှ ယုံကြည်လို့ မရနိုင်တော့ပါဘူး ။
ကိုလိုနီလက်အောက်ကျရောက်နေတဲ့ခေတ်မှာတောင်မှ တိုင်းပြုပြည်ပြုလွှတ်တော် ရွေးကောက်ပွဲမှာ ဖဆပလ အဖွဲ့ချုပ် ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ဗိုလ်ချုပ် အောင်ဆန်းကိုယ်တိုင် နိုင်ငံအ၀န်း ကို မဲဆွယ် စည်းရုံးရေး ဆင်းခဲ့ပါတယ် ။ အဲဒါကို အစိုးရက မတားမြစ်ခဲ့ပါဘူး ၊ မကန့် သတ်ခဲ့ပါဘူး ၊ အခုကျကာမှ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌက ကန့်သတ်မယ်ဆိုတာကတော့ အင်္ဂလိပ်နယ်ချဲ့ခေတ် ကျွန်ဘ၀ထက်တောင် ဆိုးတဲ့ ဘ၀ကို မြန်မာနိုင်ငံ သူနိုင်ငံသားတွေ ကျရောက်နေပါတယ်ဆိုတာ အရှင်းဆုံးသက်သေဖြစ်ပါလိမ့်မယ် ။
ရွေးကောက်ပွဲကော်မရှင် ဥက္ကဌရဲ့ စကားထဲမှာ “လာမယ့် ရွေးကောက်ပွဲမှာ Election Campaign (ရွေးကောက်ပွဲ မဲဆွယ်မှု) ကာလ သတ်မှတ်ပေးပါမယ်။ ကျနော်တို့ လွှတ်တော်ကိုယ်စား လှယ်လောင်းတွေပြောပါ။ မဆိုင်တဲ့လူ လာမပြော နဲ့။ ၀င်ချင်ဝင် မ၀င်ချင်နေ။ ကျနော် ဒီမြို့ ဒီရွာမှာ အရွေးခံမယ်ဆို ကျနော်ပြောဖို့ပဲ လိုတာပေါ့။ တခြားလူလာပြောလို့ ဘာလုပ်မတုန်း။ ဒါကြောင့် ကျနော်က အချိန်၊ လူ၊ နေရာ ကန့်သတ်ပါမယ်။ ဒါကကျနော့် လုပ်ပိုင်ခွင့်ထဲမှာ ရှိနေပါတယ်” လို့ ပါရှိခဲ့ပါတယ် ။ ဒါဟာ စစ်အစိုးရက ပေးထားတဲ့လုပ်ပိုင်ခွင့်ကို စစ်အစိုးရဗိုလ်ချုပ်ကြီး ဟောင်းဖြစ်တဲ့ ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ က အပြည့်အ၀ အသုံးချပြီး စစ်အစိုးရ ရဲ့အသွင်ပြောင်း ပါတီကို အထောက်အပံ့ပြု ဘက်လိုက်ပေးဖို့ ကြိုတင်လှမ်းတဲ့ ခြေလှမ်း လို့ဆိုရပါလိမ့်မယ် ။
နိုင်ငံရေးပါတီတစ်ခုရဲ့မဲဆွယ်စည်းရုံးရေးမှာ မဆိုင်တဲ့သူဆိုတာ ဘယ်သူကိုဆိုလိုတာပါလဲ ။ ပါတီနာယက ၊ ပါတီဥက္ကဌကနေစပြီး သာမန်ပါတီဝင်တစ်ယောက်နဲ့ ပါတီကို ထောက်ခံအားပေးသူတစ်ယောက် ၊ အားလုံးဟာ သက်ဆိုင်သူ ၊ ပါဝင်ပတ်သက်သူတွေချည်းပါပဲ ။ မဆိုင်သူမပြောနဲ့ဆိုတဲ့ ရွေးကောက်ပွဲကော်မရှင်ဥက္ကဌရဲ့ စကားလုံးတွေ က ဘာကိုဆိုလိုတာလဲ ၊ ဒီမဲဆန္ဒနယ်မှာ ရွေးကောက်ပွဲဝင်မဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းသာလျှင် မဲဆွယ်စည်းရုံး ခွင့်ရှိရမယ်ဆိုရင်တော့ ရွေးကောက်ပွဲ ကော်မရှင် ဟာ အတော်ကို ကလေးကလားဆန်တဲ့ လုပ်ရပ်ကိုလုပ်မိပြီလို့ ကမ္ဘာက ရယ်ပွဲဖွဲ့ကြပါလိမ့်မယ် ။ အခုကိုပဲ ပြည်သူတွေကြားမှာတော့ ရယ်စရာလည်းကောင်း ၊ အော့နှလုံးနာစရာလည်းကောင်းတဲ့ စကားတစ်ခွန်းအဖြစ် သတ်မှတ်ခံထားရပါပြီ ။
ပြည်သူတွေမှာ သူတို့ရွေးချယ်ရမဲ့ ကိုယ်စားလှယ် ကိုယ်စားပြုတဲ့ပါတီရဲ့မူဝါဒကိုလည်း သိခွင့်ရှိရပါမယ် ။ အဲဒီ ကိုယ်စားလှယ် ရဲ့ အရည်အချင်းကိုလေ့လာဖို့ အခွင့်အရေးရှိရပါမယ် ။ အရေးအကြီးဆုံးကတော့ ကိုယ်ပေးလိုက်တဲ့ မဲတစ်ပြားကြောင့် ရွေးကောက်ပွဲအောင်နိုင်သွားတဲ့ လွှတ်တော်ကိုယ်စားလှယ်ဟာ ဘယ်သူ့ကို (ပါတီအကြီးအကဲ) နိုင်ငံတော်သမ္မတအဖြစ် မဲဆန္ဒပေးရမှာလဲ ဆိုတာကို သိခွင့်ရှိဖို့ပါပဲ ။ အဲဒီအတွက် ပါတီခေါင်းဆောင်က ပြည်သူ့ ရှေ့မှောက်ကို သက်ဆိုင်ရာကိုယ်စားလှယ်လောင်းနဲ့အတူ အရောက်လာပြီး ပြည်သူ့မှတ်ကျောက်ကို အတင်ခံဖို့ လိုပါတယ် ။ ဒါဟာ ပြည်သူတွေရဲ့ ရပိုင်ခွင့်ပါ ၊ ပြည်သူတွေရဲ့ ရပိုင်ခွင့်ကို လုပ်ပိုင်ခွင့်ဆိုတာနဲ့ တားဆီးပိတ်ပင်ဖို့ ကြိုးပမ်းတာကတော့ ပြည်သူ့ချဉ်ဖတ်အဖြစ်ကို ခုန်ဆင်းတဲ့ အဖြစ်သနစ်နဲ့ ရင်ဆိုင်ရဖို့ရှိပါတယ် ။
နောက်တစ်ချက်က နိုင်ငံတစ်ဝန်းက ပြည်သူတွေဟာ သူတို့ချစ်တဲ့ခေါင်းဆောင်ကို တွေ့ခွင့်မြင်ခွင့် အားပေး ခွင့်ကိုလဲ လွတ်လပ်စွာ ရပိုင်ခွင့်ရှိပါတယ် ။ မြန်မာတစ်ပြည်လုံးက ပြည်သူအများစုဟာ ဘယ်သူ့ကိုမြင်ချင် တွေ့ချင် နေကြပါသလဲ ဆိုရင် တပြိုင်နက်တည်းပြန်ဖြေမဲ့အသံက နားမခံရဲသူတို့အဖို့ နားအုံနားရင်းပွင့် ထွက်သွားနိုင်လောက် ပါတယ် ။ ဒါကလည်း ပြည်သူတို့ရဲ့ ရပိုင်ခွင့်တစ်ခုပါ ။ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌတစ်ယောက်ပီပီသသနဲ့ ကြားမှာနေ ဘက်မလိုက်ပဲ သမာသမတ်နေရမဲ့လူတစ်ယောက်က ပြည်သူတွေရဲ့ ရပိုင်ခွင့် အစစ်အမှန်ကို လုပ်ပိုင်ခွင့် အားကိုးနဲ့ လက်တစ်ဆုံးနှိုက်ပြီး အာဏာသုံးပိတ်ပင်ချင်တယ်ဆိုရင်တော့ ရွေးကောက်ပွဲကော်မရှင်ဥက္ကဌကို ဖယ်ရှားပစ်ဖို့ ဆန္ဒပြပွဲတွေ မြန်မာပြည်မှာ ပေါ်ပေါက်လာပါလိမ့်မယ်လို့ သတိပေးချင်ပါတယ် ။
ရွေးကောက်ပွဲကော်မရှင် ဥက္ကဌက ဒီမိုကရေစီကို အနံ့မခံနိုင်သူများဖြစ်နေလေသလားလို့ ထင်မှတ်ရလောက်တဲ့ စကားတစ်ခွန်းဆိုခဲ့ပါသေးတယ် ။ လွတ်လပ်လွန်းတာမှ Election Campaign (ရွေးကောက်ပွဲမဲဆွယ်မှု) ဆိုတာနဲ့တောင် မတူဘူး။ ဆန္ဒပြ နေသလား၊ ၈၈ အရေးအခင်းများပြန်ရောက်နေသလားမှတ်ရတယ်။ နဖူးစီးလည်းပါတယ်။ ကြယ်ငါးပွင့် အလံ လည်းပါတယ်။ဘယ်သူကမှလည်း ကန့်ကွက်သူမရှိဘူး။ ကန့်ကွက်ရင် ကျနော် အရှုံးပေးပစ်မှာပါ။ ၂၀၁၅ မှာ ကန့်ကွက်ပါ။ ကျနော်အရှုံးပေးပစ်ပါမယ်။ ဒါက ဥပဒေဖောက်ဖျက်ပြီးလုပ်တာပဲ။ အလံဥပဒေဆိုတာ ရှိပါတယ်” လို့ပြောခဲ့ပါတယ် ။ အဲဒါဟာဆန္ဒပြနေတာပါပဲ ။ ပြည်သူတွေက စစ်အစိုးရနဲ့ စစ်တပ်အနံ့အသက်မကင်းတဲ့အစိုးရကို ထုတ်ဖော်ပြသ နေတဲ့ ဆန္ဒအမှန်တွေပါပဲ ။ ပြည်သူတွေဘာကိုမလိုချင်တော့ဘူးဆိုတာကို သိသာစေတဲ့ ဖော်ပြချက် တွေဖြစ်ပါတယ် ။ ပြည်သူတွေကို အလံဥပဒေနဲ့ခြိမ်းခြောက်ရအောင် ပြည်သူတွေက ကြယ်ငါးပွင့်အလံကို တိုင်ထောင် ပြီးထူကြလွှင့်ကြတာ မဟုတ်ဘူး ဆိုတာကိုလဲ ဆင်ခြင် နှလုံးသွင်းမှန်စေချင်ပါတယ် ။ ခေါင်းစည်းခေါင်းပတ် ဆိုတာလည်း လွတ်လပ်စွာ ဆင်မြန်း နိုင်ပါတယ် ။ ဒါတွေဟာ ပြည်သူတွေက သူတို့ထောက်ခံတဲ့ ပါတီနဲ့ ခေါင်းဆောင်ကို အပြည့် အ၀ ထောက်ခံ ကြောင်း ထုတ်ဖော်ပြသကြတာဖြစ်သလို သူတို့မနှစ်သက်တဲ့ပါတီနဲ့ ခေါင်းဆောင်တွေကို ဆန့်ကျင်တဲ့ အကြောင်းဆန္ဒ ထုတ်ဖော်ကြတာလဲဖြစ်ပါတယ် ။ ဒါကိုရွေးကောက်ပွဲကော်မရှင်ဥက္ကဌက ကြားထဲ ခဲညပ်ဖြစ်စရာ အကြောင်းမရှိ လောက်သင့်ပါဘူး ။
နောက်ဆုံးတော့ ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဟာလည်း ဘိုးတော်ဘုရားကြောင်လိုပဲ ဇာတိပြတာပါပဲ ။ ဟဲ့ပေါ်ဦး ငါကိုယ်တော်မြတ်ရဲ့ အချစ်တော်ကြောင်ဟာ ဘယ်တော့မှ ပွဲတော်အုပ်ကို မနှိုက်ဘူးဟဲ့ ၊ အင်မတန်လိမ္မာသဟဲ့ နဲ့ ချီးကျူးခံရတဲ့ ဘိုးတော်ဘုရားရဲ့ ကြောင်ဟာ ဦးပေါ်ဦး အ၀တ်နဲ့ပတ်ယူလာပြီး နန်းတော်ထဲကို လွှတ်ပေးလိုက်တဲ့ ကြွက်ရဲ့ အနံ့ကိုရတော့ ဟန်မဆောင် ပန်မဆောင်နိုင်ဘဲ ထလိုက်လိုက်တာ ညီလာခံသဘင်တစ်ခုလုံး ရုတ်ရုတ် သဲသဲ ဖြစ်ကြရတဲ့ အတိုင်းပါပဲ ။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ တရားသယောင်ယောင် ၊ မျှတသယောင်ယောင် ၊ လွတ်လပ်သယောင်ယောင်နဲ့ ဟန်ဟန်ပန်ပန်နေနိုင်ခဲ့သမျှ ၊ ၂၀၁၅ ရွေးကောက်ပွဲမရောက်ခင်ကလေးမှာပဲ ရွေးကောက်ပွဲကော်မရှင် ဥက္ကဌတစ်ယောက်ရဲ့ ဘယ်ဘက်မှမလိုက်ဘဲ ဣနြေ္ဒရရနဲ့ နေနေရမဲ့အစား ကြွက်ပြေးတာမြင်တဲ့ ဘိုးတော်ဘုရားကြောင်လိုပဲ စစ်အစိုးရ လက်ထက်က စစ်ဗိုလ်ချုပ်ကြီးတစ်ယောက်ရဲ့ ဇာတိကို ထုတ်ပြပါရော့လား ။
ထင်လင်းဦး (Wisdom Villa)